မြန်မာ့ ဒီမိုကရေစီ ခေါင်ဆောင် ဒေါ်အောင်ဆန်း စုကြည် က ယနေ့ အချိန်အခါသည် အကြောက်တရား လွှမ်းမိုးမှုကို တော်လှန်ပြီး ကိုယ်လိုလားသော လူ့အဖွဲ့အစည်းတစ်ခုထူထောင်နိုင်ရန် ကြိုးပမ်းနေရသည့် “စိတ်ဓာတ် တော်လှန်ရေးကြီး” ကာလဟု ဖက်ဆစ် တော်လှန်ရေးနေ့တွင် ပြောကြားလိုက်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ရုံးချုပ်တွင် ကျင်းပသည့် ယနေ့ကျရောက်သော ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန် ရေး နေ့ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်က ပေးပို့သော သဝဏ်လွာတွင် ထိုသို့ ပြောကြားထားခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲမသမာမှုအမျိုးမျိုး၊ ခြိမ်းခြောက်ဖိအားပေးမှုများ ကို ရင်ဆိုင်နေရသော်လည်း ပြည်သူနှင့် ဒီမိုကရေစီ အမှန်တကယ်လိုလားသူများက ကျော်လွှားရမည်ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောဆိုထားသည်။
“အခမ်းအနားမှာ အန်တီ့ သဝဏ်လွှာကို ဦးဉာဏ်ဝင်းက ဖတ်ပြီး ဘဘ ဦးတင်ဦး၊ ဒေါက်တာ ဦးမျိုးအောင်တို့ကလည်း မိန့်ခွန်း ပြောပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လုံခြုံရေး တာဝန်ယူထားသူ ကိုကျော်စိုးနိုင်က ဧရာဝတီကို ပြောသည်။
အခမ်းအနားသို့ NLD ပါတီဝင်များ၊ နိုင်ငံတကာ သံတမန်များ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ စိတ်ဝင်စားသူများ စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ကြောင်း သူက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးကောင်းမွန်လာပြီဖြစ်သော်လည်း အနားယူရမည်ဖြစ်သဖြင့် ယနေ့ အခမ်းအနားသို့ တက်ရောက်နိုင်ခြင်း မရှိကြောင်းလည်း သိရသည်။
ထို့အပြင် ဝါရင့်နိုင်ငံရေးသမားကြီးများကလည်း နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ သခင်သိန်းမောင်၏နေအိမ်တွင် တော်လှန်ရေးနေ့ မိတ်ဆုံစားပွဲ ကျင်းပရာ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ၊ NLD နှင့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ အခြား စိတ်ဝင်စားသူများလည်း တက်ရောက်ကြောင်း သတင်းရသည်။
အဆိုပါ အခမ်းအနားတွင် ၈၈ မျိုးဆက်ကျောင်းသားများက ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံ ထူထောင်ရန် ယခုကဲ့သို့ အသွင် ကူးပြောင်းနေသော ကာလတွင် အမူအကျင့်ဟောင်း၊ အတွေးအခေါ် ဟောင်းများ ပြောင်းလဲရန် ကြေညာချက် ကို ဖတ်ကြား တိုက်တွန်းလိုက်သည်။
ယနေ့ကျရောက်သည့် ၆၇ နှစ်မြောက် တော်လှန်ရေးနေ့(တပ်မတော်နေ့) အခမ်းအနားသို့ ပေးပို့သော ၎င်းတို့၏ သဝဏ်လွှာတွင် အစိုးရကို ပြည်သူစိတ် ပြောင်းလဲလာစေရန်၊ ပြည်သူကို အစိုးရစိတ် ပြောင်းလဲ လာစေရန်၊ အစိုးရ ဝန်ထမ်းအဖြစ်မှ ပြည်သူ့ ဝန်ထမ်း အဖြစ် ပြောင်းလဲလာစေရန် အလေးအနက် တိုက်တွန်းကြောင်း ပါရှိသည်။
“အစိုးရဆိုတာ တကယ်တော့ ပြည်သူက မွေးဖွားလာတာ၊ တခါ ပြည်သူဆိုတာက တကယ့် အစိုးရတဲ့ သူတွေ၊ အာဏာ ဆို တာက ဒီမိုကရေစီ သဘောတရားအရ ပြည်သူကသာ ဆင်းသက်ရတာဖြစ်တယ်။ နောက် အခု ဖြစ်နေတာက နိုင်ငံ ဝန်ထမ်း တွေက ပြည်သူ့ ဝန်ထမ်းမဟုတ်ဘဲ အစိုးရရဲ့ ဝန်ကို ထမ်းနေရတဲ့အဖြစ်ကနေ ပြောင်းဖို့လိုအပ်တာကို ကျနော်တို့ တိုက်တွန်း ထားတာပါ”ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ဧရာဝတီကို ပြောသည်။
နေပြည်တော်တွင် ကျင်းပသော ၆၇ ခုနှစ်မြောက် တပ်မတော်နေ့ အခမ်းအနား၌ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် က ယခင်က ဖော်ပြသုံးနှုန်းမှု မပြုခဲ့သော ဗိုလ်ချုပ် အောင်ဆန်းအား တပ်မတော်၏ ဖခင်အဖြစ် သုံးနှုန်းပြော ဆိုခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း နှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့သည် တပ်မတော် အင်အား ခိုင်မာ တောင့် တင်းလာရန် ပြုစုပျိုးထောင်ခဲ့ သူများဖြစ်၍ ကျေးဇူးတင်ရမည်ဟု စစ်ရေးပြ မိန့်ခွန်းတွင် ပြောဆိုသည်။
အဆိုပါ အခမ်းအနား၏ ကာကွယ်ရေး ဦးစီးချုပ်မိန့်ခွန်းတွင် တပ်မတော်သည် အတိတ်ကာလ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင်လည်း နိုင်ငံရေးနှင့် ပါဝင်ပတ်သက်ခဲ့ပုံနှင့် အမျိုးသားနိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍ အစဉ်တည်ရှိ နေ မည် ဖြစ်ကြောင်း၊ ယမန်နှစ်က အရပ်သား အစိုးရအဖွဲ့အား တပ်မတော်မှ အာဏာလွှဲပြောင်းပေးခဲ့ပြီးနောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရမည့် တာဝန်ရှိကြောင်း တို့ကိုလည်း ထည့်သွင်းပြောဆိုသွားသည်။
ဒုတိယ ကမ္ဘာစစ်ကာလအတွင်းက မြန်မာနိုင်ငံကို အုပ်စိုးနေသည့် ဖက်ဆစ် ဂျပန် နှင့် ဖက်ဆစ်စနစ်တို့ကို မြန်မာ့မြေပေါ်က တိုက်ထုတ်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော လွတ်လပ်ရေးတိုက်ပွဲဝင် အင်အားစုသည် တမျိုးသားလုံး နှင့် လက်တွဲ၍ စည်းလုံးညီညွတ်စွာဖြင့် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့က တော်လှန်ခဲ့ကြသည်။
ထိုကြောင့် မတ်လ ၂၇ ရက်နေ့ကို သမိုင်းဝင် ဖက်ဆစ်တော်လှန်ရေးနေ့အနေနှင့် ယခင်က နှစ်စဉ်ကျင်းပခဲ့သည်။ ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက် စစ်တပ်က အာဏာသိမ်းပြီးနောက် တော်လှန်ရေးနေ့ အစား တပ်မတော်နေ့ အဖြစ် ပြောင်းလဲကျင်းပ ခဲ့သည်။