မြန်မာနိုင်ငံ တိုးတက် ပြောင်းလဲရေးတွင် အဓိက လုပ်ဆောင်ရမည့် အချက်ထဲ၌ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးမှာ အရေးအကြီးဆုံး ကိစ္စရပ်တခု ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ဧရာဝတီသို့ ပြောသည်။
နောက်တကြိမ် ပြုလုပ်မည့် လွှတ်တော်တွင် တင်သွင်းနိုင်ရန် နိုင်ငံတကာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး နည်းဥပဒေများကို လေ့လာထားကြရန် လွှတ်တော်အသီးသီးထံ ဖြန့်ဝေထားပြီးဖြစ်ကြောင်း ယခုလ ၂၃ ရက် နေ့က နေပြည်တော်၌ ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်နှင့် တွေ့ဆုံမေးမြန်းမှုတွင် ဦးခင်အောင်မြင့်က ပြောဆိုသွားသည်။
“တဖက်လွှတ်တော်တွေကိုလည်း ပြောထားတယ်။ ဒီနေ့ နိုင်ငံတော်မှာ ဒါအရေးအကြီးဆုံး ဖြစ်တဲ့အတွက် ဒီ Issue တင်ရမယ်။ ဒီဥပဒေကြမ်းတင်ရမယ်။ ဒီတခေါက်ကတော့ ဘာလို့ မလုပ်နိုင်လဲဆိုတော့ ဘတ်ဂျက်ကိစ္စနဲ့ လုံးလည်ချာလည် လိုက်နေတာနဲ့ အချိန်မပေးနိုင်တာပါ။ နောက်တကြိမ် လွှတ်တော်အစည်းအဝေးကျရင် တင်ကို တင်နိုင်မယ်” ဟု ဦးခင်အောင်မြင့်က ဆိုသည်။
မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပြဌာန်းထားသည်။ သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရလက်ထက်တွင် ကမ္ဘာပေါ်၌ အဂတိလိုက်စားမှု ထိပ်တန်းစာရင်းဝင်ခဲ့သည်။
ယခုလဆန်းပိုင်းက သတ္တုတွင်း ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမှတ် (၁) နှင့် (၂) စက်မှု ဝန်ကြီးဌာနများနှင့် သမဝါယမ ဝန်ကြီးဌာနတို့ ငွေကြေး အလွဲသုံးစားမှု၊ ငွေစာရင်း မမှန်မကန် လိမ်လည်ဖော်ပြမှုများ ရှိကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ် ရုံးမှတဆင့် လွှတ်တော်အသီးသီး၏ ငွေစာရင်း ကော်မတီများနှင့် ကိုယ်စားလှယ်များထံ ဖြန့်ဝေခဲ့သည်။
လွှတ်တော်တွင် နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီသို့ တိုင်ကြားစာ၊ အသနားခံစာများ ရောက်ရှိကြောင်း၊ သို့သော် လာဘ်ပေးလာဘ်ယူကိစ္စ တိုင်တန်းမှု နည်းပါးနေကြောင်း၊ တိုင်တန်းချက် အများစုမှာ သမ္မတသို့ လိပ်မူထားသောကြောင့် ၎င်းတို့ကော်မတီအနေဖြင့် အရေးယူဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်းလည်း ဦးခင်အောင်မြင့်က ပြောဆိုသည်။
လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ဧရာဝတီက မေးမြန်းခဲ့ရာ ဦးခင်အောင်မြင့်က “ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာလို့ရှိရင် ကျနော်တို့ အားရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ဗဟုသုတ ရှိတယ်။ ပညာတတ်ပုဂ္ဂိုလ် တယောက်၊ နိုင်ငံတကာမှာလည်း Image လည်းရှိတယ်။ ပြည်တွင်းမှာလည်း Image ရှိတယ်။ ဒီလိုပုဂ္ဂိုလ်မျိုး တက်လာတဲ့အခါမှာ လွှတ်တော်ရဲ့ စွမ်းဆောင်ရည်က တက်လာမှာပေါ့” ဟု ပြောသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် အပေါ် သဘောထားနှင့် ပတ်သက်၍ “ဗိုလ်ချုပ်အောင်ဆန်းကို ဖခင်လို့ သဘောထားလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ဟာ မောင်နှမလိုပဲ သဘောထားတယ်။ မောင်နှမလို ရင်းနှီးချစ်ခင် လေးစားတယ်။ ကျနော်တို့ စတွေ့တာ သိပ်မကြာသေးပါဘူး။ မူလ စိတ်ရင်းအခံတွေသာ ဆန့်ကျင်ဘက်တွေ၊ အစိုင်အခဲတွေ ရှိနေတယ်ဆိုရင် ဘယ် ဒီလို ပွင့်ပွင့်လင်းလင်း ဆက်ဆံလို့ရမလဲ” ဟု ဦးခင်အောင်မြင့်က ဆိုသည်။
ဦးခင်အောင်မြင့်က မြန်မာ့လွှတ်တော်၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ လူပြောများနေသည့်အတိုင်း “လက်ညိုးထောင် ခေါင်းညိတ် လွှတ်တော်” မဟုတ်ကြောင်း၊ စစ်တပ်မှ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းမှာလည်း ကြီးမားသည့် အထောက်ပံ့မဟုတ်ကြောင်း၊ လွှတ်တော်ထဲတွင် အင်အားအကြီးဆုံးဖြစ်သော ကြံ့ခိုင်ရေးပါတီမှာလည်း ဝန်ကြီးဌာနများအပေါ် ဘက်ဂျက်ဖြတ်တောက်ရေးကိစ္စတွင် အဓိက ပါဝင်ခဲ့ကြောင်း ပြောသည်။
ထို့အပြင် လတ်တလော လူပြောများနေသည့် အစိုးရအတွင်း “အပျော့ဂိုဏ်း၊ အမာဂိုဏ်း ကွဲနေသည်” ဆိုသည်မှာလည်း မဟုတ်ကြောင်း၊ ၂၀၁၂-၂၀၁၃ ဝန်ကြီးဌာနများ ဘက်ဂျက်ခွဲဝေရာတွင် အများဆုံးဖြစ်နေသော ကာကွယ်ရေး အသုံးစရိတ်နှင့် ပတ်သက်၍ နိုင်ငံတနိုင်ငံတနိုင်ငံတွင် ကာကွယ်ရေးက အရေးကြီးကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ လွှတ်တော်တွင် မည်သည့်ပါတီကမှ ကန့်ကွက်ခြင်းမရှိခဲ့ကြောင်းလည်း ဦးခင်အောင်မြင့်က ပြောကြားသည်။
ယခင်စစ်အစိုးရလက်ထက်က ယဉ်ကျေးမှုဝန်ကြီးနှင့် ဗိုလ်ချုပ်တဦးဖြစ်သူ ဦးခင်အောင်မြင့်က ၎င်းအနေဖြင့် တပ်မတော်တွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးဌာန၌ တာဝန်ယူခဲ့စဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ကို တိုက်ခိုက်ခဲ့ခြင်းမရှိဟုလည်း ပြောသည်။