ရန်ကုန်တိုင်း သင်္ဃန်းကျွန်း မြို့နယ်ရှိ မီးလောင် ကျွမ်းခဲ့သော သင်္ဃန်းကျွန်း ဈေးကြီး ပြန်လည်နေရာ ချထားမှုတွင် စည်ပင်ကြေညာချက်၌ အမျိုးသား ဒီမိုကရေစီပါတီသစ်လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး၏ အမည်ကို အလွဲသုံးစား လုပ်ထားသောကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက်အောက်ရှိ ဈေးများဌာနကို ၎င်းပါတီက တရားစွဲဆိုမည် ဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ညက အဝတ်အထည်၊ ရွှေငွေ ရတနာ၊ လျှပ်စစ်ပစ္စည်း၊ အသားငါး၊ အသီးအနှံ အပါအဝင် ကုန်စည်မျိုးစုံ ရောင်းချသော နာမည်ကျော် သင်္ဃန်းကျွန်းဈေးကြီး မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းပေါင်း ၇၈၆ ခန်းအနက် ၆၅၁ ခန်း ပျက်စီးဆုံးရှုံးခဲ့သည်။
စည်ပင်သာယာ ဈေးများဌာန၊ ဈေးဆိုင်ခန်း ပိုင်ရှင်များ၊ ဆောက်လုပ်ရေးသမားများနှင့် ဈေးသာယာရေးအဖွဲ့များ အကြားတွင် ကာလရှည်ကြာစွာ အငြင်းပွားနေသည့် အဆိုပါဈေး နေရာချထားမှုတွင် ဆိုင်ခန်းအကွက်ချ ပုံစံကို ဈေးများဌာနက ထုတ်ပြန်ရာ ၎င်းတို့၏ အမည်များအား အလွဲသုံးစားလုပ်ထားခြင်းဖြစ်သည်ဟု တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်က ပြောသည်။
“ပုံဆွဲတဲ့ အထဲမှာ ခဲတစက်၊ မင်တစက်မှ မပါဘူး။ မပါဘဲနဲ့ ဦးတို့ ရေးဆွဲတယ်ဆိုတဲ့ စကားလုံး သုံးထားတယ်” ဟု ဦးကျော်က ဆိုသည်။
ဆောက်လက်စ သင်္ကန်းကျွန်းဈေးရှေ့တွင် မတ်လ ၆ ရက်နေ့ ညနေပိုင်းက လာရောက်ထောင်ထားသော ပိုစတာ၌ လွှတ်တော်အမတ်နှစ်ဦးဖြစ်သည့် ဦးသိန်းညွှန့်နှင့် ဦးကျော်တို့က ရေးဆွဲထားသည့်ပုံစံဟု အမည်တပ်ပြီး ဖော်ပြထားကြောင်း၊ မဲခွဲဆုံးဖြတ်သည့် မြေပုံနှစ်ခုအနက်မှ တခုကိုလည်း လွှတ်တော်ကိုယ်စားလှယ်များမှ ရေးဆွဲ ထားသောမြေပုံဟု ဖော်ပြထားကြောင်း၊ ယင်းဖော်ပြချက် နှစ်ခုစလုံးသည် မှန်ကန်မှုမရှိကြောင်း၊ ၎င်းတို့နှစ်ဦးသည် စေ့စပ်ညှိနှိုင်းသည့် အဆင့်တွင်သာ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကိုယ်တိုင်ရေးဆွဲခြင်း မရှိကြောင်း ၎င်းက ဆက်လက် ပြောသည်။
“လွှတ်တော်ကိုယ်စားလှယ်များမှ ရေးဆွဲထားသော ပုံဆိုတော့ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံး၊ (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ) ဦးရွှေမန်းအထိတောင် ပါသွားတယ်” ဟု ဦးကျော်က ပြောသည်။
ပိုစတာ လာရောက်ကပ်သည့်နေ့တွင် အဆိုပါအချက်များကို ထောက်ပြပြီး ည ၇ နာရီ နောက်ဆုံးထား ဖြုတ်ချပေးရန် ခရိုင်စည်ပင်အရာရှိထံ အကြောင်းကြားခဲ့ကြောင်း၊ အထက်အမိန့်အရ ဆောင်ရွက်ရသည်ဟုသာ အကြောင်းပြန်ပြီး ည ၇ နာရီ ၁၀ မိနစ်အထိ မဖြုတ်ပေးသောကြောင့် သင်္ဃန်းကျွန်းရဲစခန်းသို့သွားရောက် တိုင်ကြားခဲ့ကြောင်း သိရသည်။
သို့သော်အဆိုပါ အမှုမှာ ရဲအရေးပိုင်သောအမှု မဟုတ်ဟု ဆိုသောကြောင့် တရားရုံးထံ ဦးတိုက်လျှောက်ထားရမည် ဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ပြီးပါက တရားရုံးထံ တိုင်ကြားမည်ဖြစ်ကြောင်း သိရှိရသည်။
“သင်္ဃန်းကျွန်းဈေး နေရာချတာတွေ မမှန်ကန်တော့ ဈေးသူဈေးသားတွေက သင်္ဃန်းကျွန်း လွှတ်တော် ကိုယ်စားလှယ်တွေကို တင်ကြတယ်။ ဦးသိန်းညွှန့်တို့ကိုယ်တိုင် နေရာချပေးတဲ့နေရာမှာ မှန်ကန်ဖို့အတွက် ဆောင်ရွက်ပေးကြတာပါ။ စည်ပင်က အရင်တုန်းက ပြောတော့တမျိုး၊ အခု နေရာချပေးတော့ တမျိုးဆိုတော့ ဈေးသူဈေးသားတွေက မကျေနပ်ဘူးလေ။ အခုလည်း အဲဒါကြောင့် လွှတ်တော်အမတ်နှစ်ဦး နာမည်ကို သုံးလိုက်တာ ထင်တယ်” ဟု ပြန်လည်တည်ဆောက်နေသည့် သင်္ဃန်းကျွန်းဈေးတွင် ယခင်နေရာ ပြန်ရနိုင်ရန် ကြိုးစားနေသော ဆိုင်ခန်းပိုင်ရှင်တဦးက ပြောသည်။