အပစ်ခတ်ရပ်စဲရေး ပဏာမ သဘောတူညီမှု ရရှိထားသည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) ကို အစိုးရတပ်မှ တိုက်ခိုက်မှုများ ပြုလုပ်နေခြင်း အပေါ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းက သမ္မတ ဦးသိန်းစိန်နှင့် တိုက်ရိုက်ဆွေးနွေးမည်ဟု သတင်းရရှိသည်။

အစိုးရတပ်များက ရှမ်းပြည်နယ်အတွင်း နယ်မြေစိုးမိုးရေးအတွက် တိုက်ခိုက်နေမှုများအပေါ် SSA-S ဥက္ကဋ္ဌ ရွက်ဆစ်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ထံ ယခုလ ၂၃ ရက်နေ့က စာပေးပို့ခဲ့ပြီး သုံးရက်အကြာတွင် SSA-S နှင့် အပစ်ရပ်ရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုခဲ့သူ ဦးအောင်မင်းက ထိုကိစ္စကို သမ္မတ ဦးသိန်းစိန်နှင့် တိုက်ရိုက်ဆွေးနွေးပေးမည်ဟု အကြောင်းပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
SSA-S ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောင်ဆိုင်းက “တိုက်ပွဲတွေဖြစ်ပွားနေမှုကို သူ့အနေနဲ့ သမ္မတနဲ့ တိုက်ရိုက် ဆွေးနွေးပေးသွားမယ်လို့ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကပဲ ဦးအောင်မင်းက ဖုန်းနဲ့ အကြောင်းပြန်လာပါတယ်။ သူတို့ ဆွေးနွေးပြီးမှပဲ ကျနော်တို့ကို အကြောင်းပြန်မှာပါ။ ဘယ်နေ့ ဆွေးနွေးမယ်၊ အကြောင်းပြန်မယ်ဆိုတာ မသိရသေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
သမ္မတ ဦးသိန်းစိန်နှင့် ဦးအောင်မင်းတို့ တွေ့ဆုံဆွေးနွေးမှုသည် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲနှင့် သင်္ကြန်ကာလအပြီးမှ ဖြစ်နိုင်ဖွယ်ရှိကြောင်း SSA-S က ခန့်မှန်းထားပြီး၊ နှစ်ဖက် အပစ်ခတ်ရပ်စဲရေး ပျက်ပြားမှု ဖြစ်မသွားစေရန် SSA-S က ထိန်းသိမ်းသွားမည်ဟု ဆိုသည်။
သို့သော် အစိုးရတပ်များက SSA-S လှုပ်ရှားနယ်မြေများအတွင်း ထပ်မံတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်လာလျှင် ခုခံတိုက်ခိုက်သွားမည်ဟု ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။
အစိုးရတပ်များသည် နှစ်ဖက်သဘောတူညီချက် ရရှိထားသော အပစ်ခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး ရှမ်းပြည်နယ်အတွင်းရှိ မိုင်းပြင်း၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းပန်၊ မိုင်းထ၊ နမ့်ဆန်၊ မိုင်းယောင်း၊ ကျောက်မဲနှင့် သီပေါ မြို့နယ်များအတွင်းရှိ SSA-S တပ်စခန်းချရာနေရာများကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှ စတင်ကာ တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်နေပြီး ရှမ်းတပ်ဖွဲ့ဝင်များကို သတ်ဖြတ်ခြင်း၊ လက်နက်နှင့်ပစ္စည်းများ သိမ်းယူခြင်းများ ပြုလုပ်နေကြောင်း ဥက္ကဋ္ဌ ရွက်ဆစ်က ပေးပို့သော စာထဲတွင်ပါရှိသည်။
“ကျနော်တို့အပေါ်မှာ စစ်ရေးအရတိုက်ခိုက်တာတောင် မကဘူး၊ တိုက်ပွဲဖြစ်တဲ့ နယ်မြေဒေသအတွင်းက ရွာတွေမှာ ဝင်ပြီးတော့ ရွာသားတွေကို ရိုက်နှက်ပြီး ကြက်တွေ၊ ဝက်တွေ အတင်းအဓမ္မ ဖမ်းဆီးယူဆောင်တာမျိုးတွေတောင် လုပ်နေတယ်” ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။
ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က တောင်ကြီးမြို့တွင် ပြုလုပ်သော ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲ၌ မိုင်းထမြို့နယ်ခွဲနှင့် ဟိုမိန်းမြို့နယ်ခွဲဒေသများကို SSA-S ဗဟိုဌာနချုပ် နယ်မြေအဖြစ် သတ်မှတ်ပေးခဲ့သော်လည်း ဒေသအခြေစိုက် အစိုးရတပ် တာဝန်ရှိသူများက ခွင့်ပြုချက်နှင့် ညွှန်ကြားချက် မရရှိဟုဆိုကာ နယ်မြေအတွင်း ဝင်ရောက်ခွင့် မပြုခဲ့ဟု သိရသည်။
မိုင်းထဒေသတွင် SSA-S တပ်ဖွဲ့ဝင်များ အခြေချ သွားလာနိုင်ရေး၊ လုပ်ကိုင်စားသောက်နိုင်ရေးတို့အတွက် နယ်မြေခံ အစိုးရတပ်များမှ စီစဉ်ပေးမည်ဖြစ်ကြောင်း သဘောတူညီချက် ရရှိထားသော်လည်း တြိဂံတိုင်းမှူးနှင့် နယ်မြေခံအရာရှိများက ၎င်းတို့၏ လုံခြုံရေးအတွက် တပ်စိုက်ခွင့်မပြုနိုင်ဟု အကြောင်းပြန်ခဲ့သည်မှာ စာချုပ်ပါ သဘောတူညီချက်များနှင့် ကိုက်ညီမှု မရှိကြောင်း SSA-S က ပြောဆိုသည်။
အလားတူ ရှမ်းပြည်နယ်အတွင်း SSA-S ဗဟိုဌာနချုပ် အခြေစိုက်ရန်နေရာတွင် ချထားသော အစိုးရတပ်များကို မလိုအပ်တော့လျှင် ဆုတ်ခွာပေးမည်ဟု သဘောတူထားသော်လည်း ထိုနေရာအပါအဝင် SSA-S လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ အခြေစိုက်ရာ ဒေသအချို့တွင် အစိုးရစစ်တပ်မှ အင်အားဖြည့်တင်းမှုများပြုလုပ်နေသဖြင့် SSA-S အနေဖြင့် စိုးရိမ်ကြောင့်ကြစိတ်များ ဖြစ်ပေါ်လာစေပြီး ထာဝရ ငြိမ်းချမ်းရေးအဆင့်သို့ အစိုးရနှင့်အတူ လက်တွဲ ဖော်ဆောင်ရမည့် အခြေအနေကို သဘောပေါက်ရန် ခက်ခဲသည့်အခြေအနေသို့ ရောက်ရှိနေသည်ဟု ဆိုသည်။
ထိုကဲ့သို့ တိုက်ခိုက်မှုများ ဆက်တိုက်ရှိနေခြင်းကြောင့် SSA-S ဗဟိုဌာနချုပ်အနေဖြင့် အောက်ခြေတပ်များအား နားလည်မှု ရှိစေရန်နှင့် ကျေနပ်မှုရှိစေရန်တို့အတွက် အကြောင်းပြချက်ပေးရန် အခက်ခဲဖြစ်စေခဲ့ကြောင်း ဥက္ကဋ္ဌ ရွက်ဆစ် အကြောင်းကြားစာ၌ ဖော်ပြထားသည်။
SSA-S ငြိမ်းချမ်းရေးအဖွဲ့နှင့် သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းပေးထားသော ဦးအောင်မင်း ခေါင်းဆောင်သည့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးအဖွဲ့တို့ တောင်ကြီးမြို့တွင် တွေ့ဆုံဆွေးနွေးရာတွင် နှစ်ဖက်တပ်များ နယ်မြေပိုင်းခြား သတ်မှတ်ရေးလည်း ပါဝင်ခဲ့ပြီး ယခုကဲ့သို့ တိုက်ခိုက်နေခြင်းမှာ SSA-S အပေါ် နယ်မြေအရ စိုးမိုးထိန်းချုပ်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း တရုတ်-မြန်မာ နယ်စပ်အခြေစိုက် မြန်မာ့စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။
“သူတို့ပေးထားတဲ့နေရာကို သဘောတူညီအောင် ညှိနှိုင်းတဲ့ကာလဖြစ်တယ်။ အဲဒါကို သူတို့က တက်တိုက်တာ။ အဲဒါကို တကယ်တမ်း ဆွေးနွေးတဲ့အခါမှာ သူတို့ပိုင်တယ်ဆိုပြီး ဒီနေရာတွေကို တောင်းမှာ။ ဒါအရင်တုန်းကလည်း ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ၁၉၉၄ ကာလတုန်းက အကြိမ်ကြိမ်ဆွေးနွေးနေဆဲ ကာလမှာလည်း ဒါမျိုးတွေဖြစ်ဖူးတယ်” ဟု ဦးအောင်ကျော်ဇောက ဧရာဝတီသို့ ပြောသည်။
ဗဟိုအစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် အပစ်ရပ်ရေး ဆွေးနွေးရာတွင် နိုင်ငံတကာ မျက်နှာစာတွင် နာမည်ကောင်းရရန် ကြိုးစားပြရုံမဟုတ်ဘဲ စစ်မှန်သော အပစ်ခတ်ရပ်စဲရေးကို ဦးတည်ရန် အချိန်ရှိသေးကြောင်း၊ သို့မဟုတ်ပါက ၁၉၉၄ ခုနှစ်ကသို့ပင် ပြည်တွင်းစစ် ပြန်ဖြစ်နိုင်ကြောင်း ဦးအောင်ကျော်ဇောက ထောက်ပြော ပြောဆိုသည်။
အစိုးရနှင့် SSA-S တို့ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး နှစ်ဘက် သဘောတူစာချုပ် တရပ်ကို ဒီဇင်ဘာ လဆန်းပိုင်းက တောင်ကြီးမြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေးအဖွဲ့နှင့် အချက် ၁၁ ချက်ပါ သဘောတူညီချက်ကို ယခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့က လက်မှတ် ရေထိုးခဲ့ကြသည်။