ကချင်ပြည်နယ်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး ကူညီဆောင်ရွက်သွားမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လုံခြုံရေး အကြောင်းပြချက်ဖြင့် ကချင်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ရန် ရွှေ့ဆိုင်းခဲ့သည့် မဲဆန္ဒနယ် သုံးခုနှင့်ပတ်သက်၍ KIO နှင့် ဆွေးနွေးရန် ဆန္ဒရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယခုလ ၂၆ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည့်အပေါ် တုန့်ပြန် ပြောဆိုခြင်း ဖြစ်သည်။
KIO ဗဟိုကော်မတီက ထုတ်ပြန်သည့် ကြေညာချက်တွင် “KIO သည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကာလတွင်လည်း ရွေးကောက်ပွဲအတွက် အကူအညီများ ပေးခဲ့ကြောင်း၊ KIO နှင့် ညှိနှိုင်း ဆောင်ရွက်ခြင်းအားဖြင့် ကချင်ပြည်နယ်တွင် လွပ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်မည်ဆိုပါက ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ဖော်ပြထားသည်။
KIO ၏ တုန့်ပြန်မှုအပေါ် ကြိုဆိုကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောသည်။
“ကြားဖြတ်ရွေးကောက်ပွဲက ဒီနယ်တွေကို မပျက်ပြယ်စေချင်ဘူး။ လိုအပ်တဲ့ ဆွေးနွေးမှုတွေလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒရှိတယ်ဆိုတာကို ပြောထားပါတယ်။ အခု ပြောတယ်ဆိုတာကို ကျနော်တို့ ကြိုဆိုပါတယ်” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။
သို့သော် အစိုးရနှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး အပစ်အခတ်မရပ်စဲရသေးသည့် KIO နှင့် တွေ့ဆုံရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် အစိုးရက ခွင့်ပြုပေးမှသာ တွေ့ဆုံနိုင်မည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
၎င်းက “ရွေးကောက်ပွဲ လုပ်ဖို့က အချိန်နီးနေပြီဆိုတော့ အစိုးရအနေနဲ့ NLD နဲ့ KIO တွေ့ဆုံဆွေးနွေးဖို့ အမြန်ဆုံး လုပ်ပေးရင် အကောင်းဆုံးပါပဲ” ဟု ပြောသည်။
ကချင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေများကြောင့် ဖားကန့်၊ မိုးကောင်းနှင့် ဗန်းမော် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များမှ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယခုလ ၂၃ ရက်နေ့တွင် အစိုးရပိုင် မီဒီယာများမှ ထုတ်ပြန်ကြေညာခဲ့သည်။
ရွှေ့ဆိုင်းခဲ့သည့် ရွေးကောက်ပွဲများ မည်သည့်အချိန်တွင် ပြန်လည်ကျင်းပမည်ဟု အတိအကျ မပြောနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒု ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ဧရာဝတီကို ပြောသည်။
“ဘယ်တော့လောက် ပြန်လုပ်မလဲ မသိဘူး။ သေချာတာတော့ လုံခြုံမှု ရှိတဲ့အချိန်လောက် ဖြစ်ပါလိမ့်မယ်” ဟု ဦးလှမောင်ချိုက ပြောသည်။
NLD နှင့် KIO တွေ့ဆုံရေးအတွက် ခွင့်ပြုပေးရန် ရှိ မရှိ ဦးလှမောင်ချိုကို မေးမြန်းခဲ့ရာ “အဲဒါတော့ ကျနော်တို့ မသိဘူး။ ဘာမှန်းကို မသိတာ” ဟု ပြောသည်။
ကချင်ပြည်နယ်ရှိ ရွေးကောက်ပွဲများ ရွှေ့ဆိုင်းခဲ့သော်လည်း ပြန်လည်ကျင်းပမည်ဟူသော မျှော်လင့်ချက်ဖြင့် ဆက်လက် မဲဆွယ် စည်းရုံးနေကြောင်း မိုးကောင်း တသီးပုဂ္ဂလအမတ်လောင်း ဒေါက်တာ တူးဂျာက ပြောသည်။
“မဲဆွယ်တာတွေ ဆက်လုပ်နေပါတယ်။ ကော်မရှင်ကလည်း ဒီလကုန်အထိ လုပ်ခွင့်ပြုထားတယ်” ဟု ဒေါက်တာ တူးဂျာက ပြောသည်။
ရွေးကောက်ပွဲများ ရွှေ့ဆိုင်းခြင်းနှင့်ပတ်သက်၍ ၎င်းက “အာဏာပိုင်တွေ အနေနဲ့က လုံခြုံရေး အားနည်းချက်ရှိတဲ့ အတွက်ကြောင့် ရွှေ့ဆိုင်းလိုက်တယ်ဆိုတော့ ကျနော် ဘယ်လိုမှလည်း မပြောတတ်တော့ဘူး။ ဒါပေမယ့် အနီးကပ်ကျမှ အဲဒီလို ကြေညာလိုက်တဲ့အခါကျတော့ စိတ်ထဲမှာ တမျိုးတော့ ခံစားရတာပေါ့” ဟု ပြောသည်။
KIO သည် ၁၉၉၄ ခုနှစ်မှစ၍ ယခင်စစ်အစိုးရများနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး ထားခဲ့သော်လည်း သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ် တက်လာပြီးနောက် ၂၀၁၁ ဇွန်လမှစ၍ အစိုးရတပ်များနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။
ယမန်နေ့က ထုတ်ပြန်သည့် KIO ၏ ကြေညာချက်တွင် ၂၀၁၀ ရွေးကောက်ပွဲကာလ၌ ရွေးကောက်ပွဲကို ပုတ်ခတ်ပြောဆိုခြင်း၊ နှောင့်ယှက်ဟန့်တားခြင်း မပြုလုပ်ရန်၊ ပြည်သူများ မိမိဆန္ဒအလျောက် မဲပေးကြရန်နှင့် လုံခြုံရေးကိစ္စများ ပူးပေါင်းဆောင်ရွက်ရန် အောက်ခြေ အဆင့်ဆင့်အား ညွှန်ကြားကာ ကူညီဆောင်ရွက် ပေးခဲ့ကြောင်း ရေးသားထားသည်။