မြန်မာအစိုးရက လာမည့် ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံတကာ အစိုးရများ၊ အဖွဲ့အစည်းများမှ လေ့လာစောင့်ကြည့်သူ ၁၅၉ ဦးနှင့် သတင်းသမားပေါင်း ၃၀၀ ခန့် ပြည်ဝင်ခွင့် ပြုခဲ့ကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများမှာ ကုလသမဂ္ဂ အပါအဝင် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဂျပန်၊ အာဆီယံနိုင်ငံ များ၏ အစိုးရ ကိုယ်စားလှယ်များဖြစ်သည်။
ရွေးကောက်ပွဲ သတင်းယူရန် နိုင်ငံတကာ သတင်းသမားပေါင်း ၆၀၀ ခန့် ဗီဇာ လျှောက်ထားခဲ့ရာ မြန်မာအာဏာပိုင်များ က ၃၀၀ ခန့် ကို ပြည်ဝင်ခွင့် ပြုခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ယနေ့ ဖော်ပြသည်။
သို့သော် ကြားဖြတ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအတွက် လာရောက်မည့် သြစတြေးလျ နိုင်ငံမှ လေ့လာရေး အဖွဲ့ဝင် ၅ ဦးထဲက လွှတ်တော် အမတ်၂ ဦးကို မြန်မာ အာဏပိုင်များက ငြင်းပယ်လိုက်ကြောင်း ABC သတင်း ဌာနက ရေးသားသည်။
ယခင်သတင်းပတ်ကလည်း လွတ်လပ်သော ရွေးကောက်ပွဲများ ဆိုင်ရာ အာရှကွန်ရက်(ANFREL)၏ ညွှန်ကြားရေးမှူး Somsri နှင့် အဖွဲ့ဝင်နှစ်ဦးသည် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ရာ အာဏာပိုင်များက ပြည်နှင်ဒဏ်ပေး၍ ပြန်လည် နှင်ထုတ်ခဲ့သည်။
မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးကလည်း နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများ၏ လေ့လာစောင့်ကြည့်ရေး ကိုယ်စားလှယ် များနှင့် သတင်းသမား ၁၀၀ ခန့်အား တွေ့ဆုံ၍ ဆောင်ရန်၊ ရှောင်ရန်များကို ယနေ့တွင် ရှင်းလင်းပြော ကြားမည်ဖြစ်သည်။
နိုင်ငံတကာနှင့် ပြည်တွင်း သတင်းမီဒီယာများ၏ သတင်းထောက်များအနေဖြင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု လုပ်ငန်း စဉ်အတွင်း တရားဝင်သတင်းယူခွင့် အမည်နှင့် သတင်းဌာန ပါဝင်သည့် ကတ်ပြားများကိုလည်း မြန်မာအစိုးရက စီစဉ်ပေးထား သည်။
သို့သော် သတင်းမီဒီယာသမားများ လိုက်နာရမည့် စည်းကမ်းချက်များကိုလည်း ထုတ်ပြန်ထားသည်။
မဲ ပေးမှု၊ မဲ ရေတွက်မှုများကို လေ့လာနိုင်သော်လည်း မဲရုံကို အဝေးမှ ဓာတ်ပုံရိုက်ခွင့်သာ ပေးထားပြီး မဲရုံတွင်း ဝင်ရောက်၍ မှတ် တမ်းဓာတ်ပုံ ရိုက်ခွင့်၊ ကင်မရာယူဆောင်ခွင့် မရှိပေ။ မည်သည့် ပါတီ၊ ကိုယ်စားလှယ်ကိုမှ ထောက်ခံ သို့မဟုတ် ကန့်ကွက် စေသည့် သဘော မသက်ရောက်စေရဟုလည်း ဆိုထားသည်။
သမ္မတ ဦးသိန်းစိန်အပါအဝင် မြန်မာအစိုးရ ခေါင်းဆောင်များ၊ လွွှတ်တော်အကြီးအကဲများကလည်း ယခုလာမည့် ကြားဖြတ် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲ ဖြစ်စေရမည်ဟု အာမခံပြောကြား ကြပြီး ပြည်တွင်း ပြည်ပမှ လေ့လာစောင့်ကြည့်သူများကိုလည်း ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ကလည်း ပြည်တောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက လာမည့် ကြားဖြတ်ရွေးကောက်ပွဲ အပါအဝင် နောင်လာမည့် ရွေးကောက်ပွဲများကို တရားမျှတသော ရွေးကောက်ပွဲများဖြစ်ရေး ကြိုးပမ်းဆောင်ရွက်နေသည်ဟု နေပြည် တော် သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်း ပြည်ပ သတင်းထောက်များကို ပြောကြားခဲ့သည်။
“၂၀၁၂ ခုနှစ် မတ် ၈ ရက်နေ့တွင် အစိုးရ ဝန်ကြီးဌာန အသီးသီးမှ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယ ဝန်ကြီးများကို ဖိတ်ကြား၍ ကြားဖြတ်ရွေးကောက်ပွဲတွင် ဘက်လိုက်မှုများမပြုဘဲ ဥပဒေနှင့်အညီ မှန်ကန်မျှတစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ရှင်း လင်းဆွေးနွေးခဲ့ပါကြောင်း”ဟု ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဦးတင်အေး၏ ယမန်နေ့က သတင်းစာရှင်းလင်းပွဲ ပြော ဆိုမှုကို ဖော်ပြထားသည်။
“ပြည်ထောင်စု ကော်မရှင်ကတော့ ဥပဒေ ပြဌာန်းချက်နဲ့ သူ့အပိုင်းကို သူတာဝန်ယူတယ်။ ကျန်တဲ့အပိုင်းကို သူ တာဝန် မယူ ဘူး။ ဥပမာ ဧရာဝတီတိုင်းမှာ ဝန်ကြီးချုပ်တွေက ဝင်ပြီးတော့ မဲဆွယ်နေတယ်။ အဲဒါ ဥပဒေနဲ့ငြိတယ်။ ဒါဟာ တရားမဲ့ပြုကျင့်မှုထဲမှာ ပါတယ်၊ ဖမ်းမယ့် လူလည်း မရှိဘူး၊ တားမယ့် လူလည်း မရှိဘူး၊ ပြောမယ့် လူတောင် မရှိဘူး”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ၏ ရွေးကောက်ပွဲဆိုင်ရာ မန်နေဂျာ ဦးဉာဏ်ဝင်းက ဧရာဝတီ ကိုပြောသည်။
သို့သော် ယခု ကြားဖြတ်ရွေးကောက်ပွဲသည် ယခင်ရွေးကောက်ပွဲထက် လွတ်လပ်မှုပိုမိုရှိလာမည် ဟု မျှော်လင့်ထား ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မတရားပြုကျင့်မှုမျိုးမဖြစ်ရန် ဆောင်ရွက်မှုအပိုင်း လုံးဝမရှိကြောင်း၊ တိုင်ကြား မှုများ လုပ်ခဲ့ကြောင်း သူက ဆက်ပြောသည်။
“ကျနော်တို့က Complaint(မကျေနပ်မှု တိုင်ကြားခြင်း)တက်ပြီးသားကို အများကြီးရှိပါတယ်။ တချို့ဟာတွေကို ဖြေတယ်။ ဒါပေ မယ့်လို့ ကျနော်တို့ ကျေနပ် တဲ့ အဖြေတော့ မဟုတ်ဘူး”ဟု သူက ဆိုသည်။
NLD အနေဖြင့် ယခု ကြားဖြတ်ရွေးကောက်ပွဲဖြစ်စဉ် တခုလုံးကိုခြုံငုံ၍ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ တရပ်အဖြစ် မျှော်လင့်ထားမှုကိုလည်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။
“ကျနော်တို့က ၅၀၊ ၅၀ ပဲ”ဟု ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။
ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ၏ အားနည်းချက်၊ အားသာချက်များကို ပြန်လည် သုံးသပ်ခဲ့ပြီး ဥပဒေများတွင်လည်း အားနည်းချက်များ ရှိကြောင်း၊ အဘက်ဘက်က အဆိုပါ အားနည်းချက်များ မဖြစ်ပေါ်စေရေး ဥပဒေများ ပြင်ဆင် ထုတ်ပြန်ခဲ့ကြောင်း ပြောဆိုခဲ့သည်။
ကော်မရှင် ဥက္ကဌ၏ အားနည်းချက်များရှိသည်ဟု ဝန်ခံပြောကြားမှုကို ကြိုဆိုကြောင်း၊ သို့သော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပြည်သူအများ လိုက်ပါ ဆောင်ရွက်နိုင်ရေး အားဖြည့်မှု နည်းပါးကြောင်း၊ အစိုးရ အပါအဝင် မဲဆန္ဒရှင်များဘက်ကပါ အားနည်းချက်များ ရှိနေသေးကြောင်း၊ ၈၈ မျိုးဆက်ကျောင်းသားများက ဦးဆောင်ပြီး ပြည်တွင်း သတင်းမီဒီယာ သမားများ၊ စိတ်ဝင်စားသူများဖြင့် မကြာခင်ကဖွဲ့စည်းထားသည့် ကြားဖြတ် ရွေးကောက်ပွဲ စောင့်ကြည့်ရေး ကွန်ရက်က ထောက်ပြ သည်။
“ကျနော်တို့ နိုင်ငံမှာ အပြောင်းအလဲကို ဦးတည်ပြီးတော့ ဥပဒေတွေ ထုတ်ပြန်တယ်။ အောက်ခြေအထိ အဆင့်ဆင့် တာဝန် ရှိသူတွေရော၊ နိုင်ငံသားများအနေနဲ့ပါ လိုက်ပါ ဆောင်ရွက်နိုင်တဲ့နေရာမှာ အားနည်းချက်တွေရှိနေတယ်”ဟု ရွေးကောက်ပွဲ စောင့်ကြည့်ရေး ကွန်ရက်မှ ဦးဆောင်သူ တဦးဖြစ်သည့် ကိုဇော်မင်းက ဧရာဝတီကို ပြောသည်။