မကွေးတိုင်း ပခုက္ကူ မြို့နယ် မြင်းဝင်း ကျေးရွာတွင် ကြားဖြတ်ရွေးကောက်ပွဲ မဲပေးပုံ မှန်ကန်စေရန် ရည်ရွယ်၍ မဲပေးနည်းသရုပ်ပြ သင်တန်း ပို့ချနေသည့် ကျေးရွာကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်အောင်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ)ဝင် သုံးဦး၏ ရိုက်နှက်ထိုးကြိတ်မှု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
မြို့နယ်ကော်မရှင်၏ ညွှန်ကြားချက်ဖြင့် မြင်းဝင်း ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းတွင် သရုပ်ပြသင်တန်းပို့ချ နေခြင်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီဝင်များ မဲဆွယ်နေသည်ဟု ထင်မှတ်ကာ ကြံ့ခိုင်ရေးပါတီ အဖွဲ့ဝင် သုံးဦးက လာရောက် ဆဲဆိုကြိမ်းမောင်းခြင်းကိုတားမြစ်ရာမှ ယင်းသို့ ဖြစ်ပွားခဲ့ကြောင်း မြို့နယ် NLD ကိုယ်စားလှယ်လောင်း ဦးပိုက်ကို က ပြောသည်။
“ဒီပွဲလုပ်နေတာကို NLD ကလုပ်နေတယ်အထင်နဲ့ ရွာသားတွေကို မင်းတို့ခွပ်ဒေါင်းထဲ မဲထည့်ရင် ထည့်တဲ့သူကို ဒူးတွေ၊ ခြေ ထောက်တွေ ချိုးပစ်မယ်ဆိုပြီး သူတို့က ခြိမ်းခြောက်တယ်။ ဒီကျောင်းကို ဘယ်သူ့ခွင့်ပြုချက်နဲ့ သုံးတာလဲ၊ ဘာလဲဆိုပြီး အမျိုးမျိုးဆဲဆိုတာကို ဦးမြင့်အောင်က သွားတားမြစ်တော့ လည်ပင်းနဲ့ ဗိုက်ကို ရိုက်နှက်ထိုးကြိတ်တာတွေ လုပ်သွားတာပေါ့ဗျာ”ဟု ဦးပိုက်ကို က ဧရာဝတီသို့ ပြောသည်။
ကော်မရှင် ဥက္ကဋ္ဌကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သူ ဦးဟန်သိန်းမြင့်၊ ဦးမောင်လွင်နှင့် ကိုဦး တို့အား ရိုက်နှက်မှုနှင့် ပတ်သက် ၍ မြစ်ခြေရဲစခန်းကို တိုင်ကြားခဲ့သော်လည်း အရေးယူခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။
မဲပေးရန် သရုပ်ပြသင်တန်းကို ရွေးကောက်ပွဲကော်မရှင် အထက်အဆင့်ဆင့်မှ ညွှန်ကြားထားချက်ဖြစ်ပြီး မြင်းဝင်းရွာ အဖြစ်အပျက် ကို ကြားသိထားကြောင်း၊ ကျေးရွာကော်မရှင်ကိုလည်း ဖြစ်ရပ်အပြည့်အစုံအား မြို့နယ်ကော်မရှင်သို့ တင်ပို့ခိုင်းထားကြောင်းနှင့် ရိုက်နှက်မှုမှန်ကန်ပါက သက်ဆိုင်ရာသို့ တင်ပြ အရေးယူသွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ် ကော်မရှင်ဥက္ကဋ္ဌ ဦးပုတု ကပြောပြ သည်။
“ကျနော်တို့ကတော့ အဲဒီနေ့ကသွားတဲ့ သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့တွေကို ဒီကိစ္စနဲ့ပတ်သက်ပြီး တင်ပြဖို့ညွှန်ကြား ထား တယ်။ အဖြစ်မှန်သိတာနဲ့ ခရိုင်ကိုတင်ပြပြီးတော့ အရေးယူဆောင်ရွက်သွားဖို့ စီစဉ်မှာပါ”ဟု ဦးပုတု က ဧရာဝတီသို့ ပြောသည်။
ပခုက္ကူမြို့နယ်တွင် NLD မှ ဦးပိုက်ကိုနှင့် ကြံ့ခိုင်ရေးပါတီမှ ဦးကျော်တင့်တို့ နှစ်ဦး အမတ်လောင်းအဖြစ် ယှဉ်ပြိုင် အရွေးခံကြမည် ဖြစ် သည်။
ကြံ့ခိုင်ရေးပါတီ က ငွေနှင့်ပစ္စည်းများပေးကာ မဲဆွယ်နေခြင်း၊ အစိုးရဝန်ထမ်းများ ကြံ့ခိုင်ရေးပါတီကို မဲပေးရန် အာဏာဖြင့် ခြိမ်းခြောက်နေခြင်း စသည့် ရွေးကောက်ပွဲမသမာမှုများ ဖြစ်ပွားနေသည်ဟု ဆိုကာ NLD က မကွေးတိုင်းရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြား ထားကြောင်း သိရသည်။
တိုင်ကြားချက်၌ ကြံ့ခိုင်ရေးပါတီ အမတ်လောင်း ဦးကျော်တင့်က ယခုလ ၂၂ ရက်နေ့တွင် ပခုက္ကူမြို့ အမှတ် (၈) ရပ်ကွက်ရှိ ဒေသ ခံများအား တအိမ်လျှင် ကုလားပဲဆံ၂ ဘူး၊ အိုင်အိုဒင်းဆား ၁ ထုပ်နှင့် ကျပ်၂၀၀၀ စီပေးကာ မဲပေးကြရန်ပြောဆိုစည်းရုံးကြောင်းနှင့် ပခုက္ကူ တက္ကသိုလ်၊ ပညာရေးကောလိပ်နှင့် ရဲဌာနမှ ဝန်ထမ်းများအားလုံး ကြံ့ခိုင်ရေးပါတီကိုသာ မဲပေးရမည်ဟု ဖိအားပေးမှုများ ရှိနေသည်ဟုလည်း ပါဝင်သည်။
ထို့အတူ နိုင်ငံတဝန်း၌ ကြိုတင်မဲများကို မတ်လ ၃၀ နှင့် ၃၁ ရက်နေ့တွင် ကောက်ခံရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားထားသော်လည်း ပခုက္ကူရှိ သူနာပြုသင်တန်းကျောင်းနှင့် ပညာရေးကောလိပ်ရှိ သင်တန်းသားများကို ယခုလ တတိယ ပတ် အတွင်းက ကြိုတင်မဲများ ကောက်ခံခဲ့ကြောင်း သိရသည်။
ပခုက္ကူတွင် မဲပေးနိုင်သူပေါင်း ၁ သိန်း ၉ သောင်း ၉ ထောင်ကျော်ရှိပြီး မဲရုံပေါင်း ၃၂၄ ရုံ ထားရှိသွားမည်ဟု မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲရုံ ၃၂၂ ရုံ ရှိခဲ့သော်လည်း လာမည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် အထည်ချုပ်စက်ရုံ ၂ ရုံ ၌ မဲရုံ ၂ ရုံ ထပ်တိုးလာခဲ့သည်။