ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် ရေးရာကော်မတီ လုပ်ပိုင်ခွင့်များအား ကန့်သတ်ခံလိုက်ရကြောင်း သိရသည်။လွှတ်တော်အသီးသီးမှ ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့် သွင်း အဓိပ္ပါယ် ဖွဲ့ဆိုနေခြင်းသည် အခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့်ညီညွတ်ခြင်း မရှိဟု နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးမှ ဆုံးဖြတ်ပေးခဲ့ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာ များ၌ ရေးသားထားသည်။

ထိုကိစ္စအား သမ္မတ ဦးသိန်းစိန်ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က အခြေခံဥပဒေဆိုင်ရာ ခုံရုံး သို့ ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်း တင်သွင်းခဲ့ခြင်း ဖြစ်ပြီး၊ ယမန်နေ့က အပြီးသတ် ကြားနာ ဆုံးဖြတ်ပေးခဲ့ရာ သမ္မတ က အနိုင်ရရှိသွားသည်။
သမ္မတရုံး ဝန်ကြီးဌာန အပါအဝင် အစိုးရအဖွဲ့၏ ဝန်ကြီးဌာနများမှတောင်းခံတင်ပြသည့် ဘတ်ဂျက်ငွေများအား ပြည်ထောင် စုလွှတ်တော်မှ စိစစ်ခြင်း၊ ကန့်သတ်လျော့ချ ခြင်းများ လုပ်ဆောင်ခဲ့ပြီးနောက် လွှတ်တော်နှင့်အစိုးရ အကြား အာဏာလွန် ဆွဲမှုများ ဖြစ်ပေါ် ပြီး နိုင်ငံတော်ခုံရုံးသို့ တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်ူ့လွှတ် တော်နှင့်အမျိုးသားလွှတ်တော် အသီးသီး၌ ရေးရာကော်မတီစုစုပေါင်း ၂၀ ဝန်းကျင်ရှိသည်။
“ပြည်ထောင်စုအဆင့် မဟုတ်ရင် ပြည်ထောင်စုအဆင့် ဝန်ကြီးတွေကို လွှတ်တော်ကို ဆင့်ခေါ်ပိုင်ခွင့်မရှိဘူး၊ စစ်ဆေးတာ၊မေးမြန်းတာ လုပ်ပိုင်ခွင့်မရှိတော့ဘူး ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်သွားပါတယ်၊ အစိုးရ ဝန်ကြီးတွေဟာ အရင်မူအတိုင်းပဲ သွား
ချင်ပုံရပါတယ်”ဟု အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်လူ့အခွင့် အရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် က ဧရာဝတီ ကို ပြောသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်ထောင်စုအဆင့် အမြဲတမ်းကော်မတီ ၄ ခု ကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားပြီးဖြစ်
ကြောင်း၊ ထိုကော်မတီများအပြင် အခြေအနေအရ လိုအပ်ပါက ယာယီကော်မတီများ၊ ကော်မရှင်များ ဖွဲ့စည်းနိုင်ကြောင်း အတိ
အလင်းပြဌာန်ထားသည် ဟု ဒေါက်တာ အေးမောင် က ဆိုသည်။
လွှတ်တော်ဆိုင်ရာ ကော်မတီများ၊ ကော်မရှင်များအား ကန့်သတ် လိုက်ခြင်းနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်၍ ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားရန်ရှိကြောင်းသိရသည်။ ဥပဒေ တချို့ကို ပြင်ဆင်၍ ကိုယ်စားလှယ်များ ၏ လုပ်ပိုင်ခွင့် များ ရရှိရေး ဆောင်ရွက်မည် ဖြစ်သည်။
လွှတ်တော်၏ ပြည်သူ့ငွေစာရင်းကော်မတီသည် ဝန်ကြီးဌာနများ၏ ငွေကြေးသုံးစွဲမှုများအား မကြာမီကာလ၌ ကွင်းဆင်းစစ်
ဆေးမှု ပြုလုပ်သွားရန် ရှိကြောင်း ပြည်ထောင်စုလွှတ်တော်၏ နာယကနှင့်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က
မကြာမီက ဧရာဝတီ နှင့်တွေ့ဆုံမေးမြန်းရာတွင် ပြောသည်။
“လွှတ်တော်ရှေ့မှောက်မှာပဲ ကျနော်တာဝန်ပေးလိုက်ပြီ၊ ခွင့်ပြုထားတဲ့ ဘဏ္ဍာငွေတွေ စနစ်တကျသုံးစွဲခြင်းရှိမရှိပေါ့၊ ဧပြီ ၁ ရက်နေ့ကနေ စတင်စစ်ဆေးခွင့် ပေးလိုက်ပြီ၊ လိုအပ်ရင် ဆိုက်ထဲ အထိကွင်းဆင်း စစ်ဆေးဖို့ပါ”ဟု ဦးခင်အောင်မြင့် က ဆိုသည်။
ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများနှင့်သက်ဆိုင်သည့် မေးခွန်းများ၊ အဆိုများ၊ ဥပဒေကြမ်းများ ရေးဆွဲခြင်း၊ အဆိုတင်ခြင်း၊
မေးမြန်းခြင်းတို့အား ဖြေဆိုရမည့် အချိန်၌ လွှတ်တော်၏ ဥက္ကဋ္ဌသည် သက်ဆိုင်ရာဝန်ကြီးများအား ကြိုတင်အကြောင်းကြား၍ ဆင့်ခေါ်ပိုင်ခွင့်ရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် (ခ) ခင်မောင်ရည် က ဧရာဝတီ ကို ပြောသည်။
လွှတ်တော်၏ အခန်းဏ္ဍအား မှေးမှိန်အောင် လုပ်၍ရမည် မဟုတ်ကြောင်း၊ သမ္မတဦးသိန်းစိန် အပါအဝင် အစိုးရတဖွဲ့လုံးသည့်ပြည်သူများမှ ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်ပြီး၊ လွှတ်တော်၌ ကျမ်းကျိန် ကတိခြင်း၊ သစ္စာ
ပြုခြင်း တို့လုပ်ဆောင်ပြီးမှ အစိုးရ အဖွဲ့ဖြစ်လာကြောင်း ဦးခိုင်မောင်ရည် က ထောက်ပြ ပြောဆိုသည်။