ရန်ကုန်နှင့် မန္တလေးမြို့များရှိ သင်္ကြန်ရေကစား မဏ္ဍပ်များတွင် လုံခြုံရေးအရ CCTV ကင်မရာများ တပ်ဆင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ယခုနှစ် သင်္ကြန်အတွက်ရန်ကုန်မြို့တွင် ပေ ၅၀ နှင့် ပေ ၁၀၀ အကြားရှိ ရေကစား မဏဏ္ဍပ်ကြီး ၄၂ ခု ပြုလုပ်ခွင့် ပေးထားပြီး အဆိုပါ မဏဏ္ဍပ်ကြီးများတွင် လုံခြုံရေးအရ မနက် ၇ နာရီမှ ညနေ ၆ နာရီထိ CCTV ကင်မရာများ တပ်ဆင် ထားပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(စည်ပင်)မှ အရာရှိတဦးကို ကိုးကားပြီး MRTV 4 ကသတင်း ဖော်ပြ ထားသည်။
“လုံခြုံရေး အတွက် CCTV ကင်မရာတွေ ကိုလည်း နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ တပ်ဆင် ထားရမှာ ဖြစ်ပါတယ်”ဟု MRTV 4 အင်တာနက် စာမျက်နှာတွင် တွေ့ရှိရသည်။
၂၀၁၀ ပြည့်နှစ် သင်္ကြန်အကြတ်နေ့က ရန်ကုန်မြို့ကန်တော်ကြီးပတ်လမ်းရှိ X2O မဏ္ဍပ်တွင် ဗုံး ၃ လုံးပေါက်ကွဲခဲ့ရာ အခင်းဖြစ်ပွားရာနှင့် ဖြစ်ပွားပြီး နောက် စုစုပေါင်း ၁၀ ဦးသေဆုံးပြီး ၁၇၀ ဒဏ်ရာ ရှိမှုများဖြစ်ပွားခဲ့သည်။ ထို့နောက် ၂၀၁၁ ခုနှစ်မှစ၍ ရေကစား မဏ္ဍပ်များတွင် CCTV ကင်မရာများ တပ်ဆင်ရန် စည်းကမ်းချက်များ ထုတ်ပြန်လာခဲ့သည်။
ရန်ကုန်မြို့တွင် နှစ်စဉ်သင်္ကြန်ကာလ အစည်ကားဆုံးနေရာတခုဖြစ်သော အင်းလျားလမ်းတွင် ယခုနှစ်တွင်လည်း ရေကစားမဏ္ဍပ် များ ဆောက်လုပ်ခွင့်ပေးမည် မဟုတ်ကြောင်း သိရသည်။ ထိုနေရာတွင်၂၀၁၀ ပြည့်နှစ်ကစတင်ကာ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့် မပြုခဲ့ခြင်းဖြစ်သည်။
ယခုနှစ် ရန်ကုန်သင်္ကြန် အတွက် ရေကစား မဏ္ဍပ် ဆောက်လုပ်ခွင့် ပေးထားရာတွင် မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းတွင် ၂၀ ၊ ကမ္ဘာအေး ဘုရားလမ်းတွင် ၉ ခု၊ ကမာရွတ်မြို့နယ် ပြည်လမ်းတွင် ၅ ခု၊ မရမ်းကုန်းမြို့နယ် ဆရာစံလမ်း နှင့် ဒဂုံမြို့နယ် အလုံလမ်းတို့တွင် ၃ ခုစီနှင့် ရန်ကင်းစက်မှု ၁ လမ်းတွင် ၂ ခုတို့ ဖြစ်ကြောင်း MRTV 4 အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့်ရရှိရာတွင် ပေ ၅၀ နှင့် ပေ ၁၀၀ အကြား မဏ္ဍပ်ကြီးတခုစီအတွက် အာမခံစပေါ်ငွေ ကျပ်သိန်း ၃၀ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ရေကစားမဏ္ဍပ်ဆောက်လုပ်ခွင့်သည် ယခင် နှစ်ထက် မဏ္ဍပ် ၁၂ ခု တိုးမြှင့်ဆောက်လုပ်ခွင့်ရခဲ့ပြီး ယခင်နှစ်က မင်္ဂလာ တောင်ညွှန့် မြို့နယ် ကန်ပတ်လမ်းတွင် ၇ ခု၊ ပြည်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းတွင် ၅ ခုစီ၊ ဘုရင့်နောင် လမ်းနှင့် ဆရာစံ လမ်း တွင် ၃ ခုစီ၊ ပါရမီလမ်းနှင့် အလုံလမ်းတွင် ၂ ခုစီနှင့် စက်မှု ၁ လမ်း၊ ဝေဇယန္တာလမ်း၊ ဗိုလ်ချုပ် အောင်ဆန်း လမ်းနှင့် ကမ်းနားလမ်း တို့တွင် ၁ ခုစီဖြင့် စုစုပေါင်း မဏ္ဍပ်ကြီး ၃၀ ဆောက်လုပ်ခွင့်ပြုခဲ့သည်။
အလားတူ ယခင်နှစ်က ရေကစားမဏ္ဍပ်ကြီး အခုရေ ၃၀ ဆောက်လုပ်ခွင့်ပြုခဲ့သော မန္တလေးမြို့တွင်လည်း မြို့တော်စည်ပင် သာယာက ယခုနှစ်တွင် မဏ္ဍပ် အခု ၄၀ ခွင့်ပြု ပေးခဲ့ကြောင်းသိရသည်။ မဏ္ဍပ်ဆောက်လုပ်ခွင့်ရရှိသူများသည် မဏ္ဍပ်တွင် လုံခြုံ ရေးအရ CCTV ကင်မရာများ တပ်ဆင်ခြင်းအပါအဝင် စည်ပင်က ချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာ ဆောင်ရွက် ရမည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။
မန္တလေးသင်္ကြန်၌ ရေကစားမဏ္ဍပ်ထွက်ရန် ကုမ္ပဏီများကလည်း ပြင်ဆင်မှုများရှိနေပြီး လွယ်ဟိန်း ကုမ္ပဏီက ပြုလုပ်မည့် Alpine ရေကစားမဏ္ဍပ်အတွက် အသက် ၁၈ နှစ်မှ ၂၅ နှစ်အရွယ် အမျိုးသမီးငယ် ၁၀၀၀ ကို လျှောက်လွှာတင်ရန် ခေါ်ယူထားကြောင်းနှင့် ယင်းမဏ္ဍပ်တွင် The Tree တီးဝိုင်းနှင့် အဆိုတော် Rဇာနည်၊ စိုင်းစိုင်းခမ်းလှိုင်၊ ကောင်းမြတ်၊ ဟန်ထွန်း၊ ဖိုးကာ၊ ခန့်စည်သူ၊ ဖြူဖြူကျော်သိန်း၊ ထွန်းအိန္ဒြာဗို၊ ဝိုင်းစုခိုင်သိန်း၊ ရတနာ၊ ခိုင်သင်းကြည်၊ ခင်လေးနွယ်နှင့် အနုပညာရှင်များက ဖျော်ဖြေကြမည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ပေါ်ပြူလာဂျာနယ်က သတင်းဖော်ပြထားသည်။
ယခုနှစ် သင်္ကြန်တွင် နှစ်ပေါင်း ၃၀ ခန့် သံချပ်၊ သရုပ်ပြ အက၊ အလှ၊ ဟာသဖျော်ဖြေရေး အစီအစဉ်များကို ပြန်လည် တင်ဆက် ရန် သံချပ်ဖျော်ဖြေရေးအဖွဲ့များဖြစ်သည့် ဦးမေတ္တာဦးဆောင်သည့် “ပြည်သူ့တရားရှင်” အဖွဲ့၊ ကုသိုလ် ဦးဆောင်သည့် “ပြီးပါပြီ” အဖွဲ့နှင့် အရိုင်း ဦးစီးသည့် ပဋိစ္စသမုပ္ပာဒ် အဖွဲ့တို့က လွန်ခဲ့သည့် နှစ် ၃၀ ခန့်ကအောင်မြင်ကျော်ကြားခဲ့သည့် ၎င်းတို့၏ သံချပ် ဟောင်းများကို မူရင်းအတိုင်း ဖျော်ဖြေကြမည်ဖြစ်ကြောင်း ယခုလ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။