ချင်းပြည်နယ်၏ တနှစ်တာ အသုံးစရိတ် လျာထားချက်မှာ မြန်မာတနိုင်ငံလုံး အသုံးစရိတ်၏ ၀ ဒသမ ၁ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း သိရသည်။
၂၀၁၂ – ၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် မြန်မာတနိုင်ငံလုံး၏ အသုံးစရိတ် ဘတ်ဂျက် လျာထားချက်မှာ ကျပ် ၁၃,၀၄၀ ဒသမ ၆၇၅ ဘီလီယံ ဖြစ်ပြီး ချင်းပြည်နယ်အတွက် လျာထားချက်မှာ ကျပ်သန်း ၁၃,၀၀၀ ဖြစ်သဖြင့် ရာခိုင်နှုန်းအားဖြင့် ၀ ဒသမ ၁ ရာခိုင်နှုန်း သာ ရှိနေသည်။
ချင်းပြည်နယ်အစိုးရက တနှစ်တာ အသုံးစရိတ်အဖြစ် မူလက ကျပ်သန်း ၁၄,၀၀၀ လျာထားခဲ့ပြီး သန်း ၆,၀၀၀ ကို မိမိဘာသာ ရှာဖွေဖြည့်စွက်မည်ဖြစ်ကာ ကျန်ငွေများကို ဗဟိုအစိုးရက ထောက်ပံ့ပေးရန် တင်ပြခဲ့သည်ဟု ချင်းအမျိုးသားပါတီ(CNP) အတွင်း ရေး မှူး ဆလိုင်း ကျဲအိုဘစ်ခ်ထောင်း က ဧရာဝတီကို ပြောသည်။
ဗဟိုအစိုးရက ချင်းပြည်နယ်၏ တောင်းခံငွေထဲမှ ကျပ်သန်း ၅,၀၀၀ သာ ထောက်ပံ့ကာ ကျန်ငွေများကို ထုတ်ချေးမည်ဟု အကြောင်းပြန်ခဲ့ကြောင်း သူက ဆက်ပြောသည်။
သို့သော် မတ်လ ဒုတိယပတ်တွင် ချင်းပြည်နယ်အတွက် အထူးကိစ္စရပ် အသုံးပြုရန်ဟုဆိုကာ ပြည်ထောင်စုအသုံးစရိတ်ထဲမှ ကျပ် သန်း ၂,၀၀၀ ထပ်တိုးပေးခဲ့ကြောင်း ချင်းတိုးတက်ရေးပါတီ(CPP) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇိုလှယ်ထန်းက ပြော သည်။
“လွှတ်တော်မှာ ဘဏ္ဍာရေးကော်မရှင်ဆီက စာလာတယ်။ စာမှာ ချင်းပြည်နယ်အတွက် နဂိုတင်ထားတာထက် ကျပ်သန်းပေါင်း ၂၀၀၀ ပိုပေးတယ်ဆိုတာ ကျနော်တို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေအားလုံးကို ဝေတယ်”ဟု သူက ပြောသည်။
ထို့ကြောင့် လာမည့် ဧပြီလ ၁ ရက်နေ့ကစတင်ကာ နောင်နှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍရေးနှစ် အတွက် ချင်းပြည်နယ်၏ အသုံးစရိတ်သည် မူလ လျာထားသည့်ပမာဏထက် ကျပ်သန်း ၁,၀၀၀ လျော့နည်း သွားခဲ့သည်။
ကျပ်သန်း ၂၀၀၀ ထပ်တိုးပေးခြင်းနှင့် ပတ်သက်၍ ဆလိုင်း ကျဲအိုဘစ်ခ်ထောင်းက“ကျနော်တို့ ထင်တာကတော့ ထုတ်ချေးမယ့်ငွေကို ကူညီထောက်ပံ့တဲ့ ပုံစံမျိုး လုပ်လိုက်တာလို့ ထင်တယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၁ – ၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်အစိုးရ၏ အသုံးစရိတ်လိုငွေပြမှုမှာ ကျပ်သန်း ၆,၀၀၀ ကျော် (၆ ဘီလီယံကျော်) ရှိခဲ့သည်ဟု ချင်းပြည်နယ် သစ်တောနှင့် သတ္ထုတွင်းဝန်ကြီး ဦးကျော်ငြိမ်းက ပြည်ပမီဒီယာတခုတွင် ထုတ်ဖော်ပြော ဆိုထားသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ၊ စီမံခန့်ခွဲရေးနှင့် စက်မှုလက်မှု၊ စွမ်းအင်၊ သတ္ထုနှင့် သစ်တော၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ ဘဏ္ဍာရေးနှင့် စီမံကိန်း၊ စက်မှုနှင့် လျှပ်စစ်ဟူ၍ ဝန်ကြီးဌာန ၉ ခုရှိသည်။ ယင်းဌာနများတွင် ချင်းပါတီ ၂ ခုမှ ဝန်ကြီးတဦးစီသာ ပါဝင်ပြီး ကျန်ဌာနများမှာ စစ်ဘက်နှင့် ကြံ့ခိုင်ရေးပါတီ တို့မှ ဖြစ်သည်။
ချင်းပြည်နယ်လွှတ်တော်တွင် အမတ်၂၄ နေရာရှိပြီး CPP နှင့် CNP က ၅ ဦးစီနှင့် တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ(ENDP) မှ တဦး၊ ကြံ့ခိုင်ရေးပါတီမှ ၇ ဦး၊ တပ်မတော်သား အမတ် ၆ ဦးတို့ ပါရှိသည်။
ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်း ၁၄ ခု အနက် အဆင်းရဲဆုံးဖြစ်ကြောင်း၂၀၁၁ ခုနှစ် ဇွန်လအတွင်းကထုတ်ပြန် သော ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP)၏ စစ်တမ်း၌ ဖော်ပြထားသည်။