မစပ်စုတို့ မြန်မာပြည်ကြီးရဲ့ ရာသီအလိုက် အထင်ကရ ပွဲတော်ကြီးတခု ဖြစ်တဲ့ မဟာသင်္ကြန် ပွဲတော်ကြီးလည်း နီးကပ်လို့ လာပါပြီ။ အခုဆိုရင်ဒီပွဲတော်ကြီးအတွက် လိုအပ်တာတွေ ပြင်ဆင်လို့ နေကြလေရောပေါ့။
သင်္ကြန်နီးလာပြီ ဆိုရင် ဘယ်နေရာကတော့ ဘာဖြစ်လို့ မဏ္ဍပ်ဆောက်ခွင့် မပေးနိုင်ဘူး၊ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကြီးကိုတော့ သရုပ်ပျက်ပွဲတော်ကြီး မဖြစ်အောင် ထိန်းသိမ်းကြဖို့၊ အရက်သေစာတွေ မရောင်းချကြဖို့ စတဲ့ စတဲ့ စည်းကမ်းချက်တွေ ထုတ်လာတာကတော့ မလုပ်မနေရ ကိစ္စ တရပ်လို့ပဲ ပြောရမှာပါ။ အဲ … ပွဲတော်ကြီး တကယ်ဖြစ်ပြီ ဆိုရင်တော့ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေက ဝေးလို့ ဘယ်သူကတော့ ဘယ်သူနဲ့ ပတ်သက်လို့ ခွင့်မပြုထားတဲ့ နေရာလည်း ခွင့်ပြုမိန့်တွေ တသီတတန်း ကြီး ရသွားသလို အာဏာပါဝါကြီးမားသူတွေရဲ့ ရိုးရာသင်္ကြန်ကြီးကလည်း သရုပ်ပျက်သင်္ကြန်ကြီး ဖြစ်ချင်ဖြစ် သွားတတ်ပါတယ်။
အဲ့ဒီ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေထဲမှာ လွန်ခဲ့တဲ့ ၂၀၁၀ သင်္ကြန်ကစလို့ မဏ္ဍပ်တွေရဲ့ အပြင် အဆင်တွေကို ရိုးရာ ယဉ်ကျေးမှုဆန်ဆန် ပြင်ဆင်ဖို့နဲ့ မဏ္ဍပ် အမည်တွေကိုလည်း မြန်မာဆန်ဆန် ပေးကြဖို့၊ ဧည့်ခံတဲ့နေရာမှာလည်း မြန်မာ့ရိုးရာ အစားအစာတွေနဲ့သာ ဧည့်ခံကျွေးမွေးဖို့ စည်းကမ်းချက်တွေ ထပ်တိုးလာတာပါ။
ဒီလို တိုးလာပေမယ့်လည်း သင်္ကြန်ရောက်ပြီဆိုရင်တော့ ဒါတွေက သင်္ကြန်ရေနဲ့အတူပဲ မျောပါသွားလား ဘယ်ပျောက်သွားလဲဆိုတာတော့ မစပ်စု ပြောနေဖို့ လိုမယ် မထင်တော့ပါဘူး။
သင်္ကြန်မဏ္ဍပ်တွေကို ဆောက်လုပ်ခွင့်ရသူတွေဟာလည်း သာမာန်သူတွေမှ မဟုတ်ပေဘဲ။ သက်ဆိုင်ရာနဲ့ နီးစပ်ရင် နီးစပ်၊ ဒါမှ မဟုတ် ဘယ်သူ့ရဲ့ သား၊ သမီး၊ အမျိုး၊ တပည့်တပန်း၊ အပေါင်းအဖော် စတဲ့ စတဲ့ သူတွေ ဆိုတော့လည်း ဒီ စည်းကမ်းလောက်ကတော့ “ပျင်းတောင် ပျင်းသေးတယ်”များ ထင်နေကြလားတော့ မသိ။
ထူးခြားတာကတော့ ဒီလိုစည်းကမ်းတွေကို ထပ်မံတိုးချဲ့ သတ်မှတ်လိုက်တဲ့ ၂၀၁၀ သင်္ကြန်ကပဲ စလိုက်တယ် လို့ပဲ ပြောရမလိုဖြစ်နေပါပြီ။ အဲ့ဒီနှစ်သင်္ကြန်မှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေး နေရွှေသွေးအောင်နဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇတို့ အမည်ခံ ဆောက်လုပ်ထားတဲ့ ကမ္ဘာအေးဘုရားလမ်းပေါ်က မဏ္ဍပ်တွေ ဆိုရင် မဏ္ဍပ်ရဲ့ နောက်မှာ အိပ်ခန်းတွေတောင် ရှိနေပြီး ညဆိုရင် ကလပ် သဘောမျိုး ပျော်ပါးလို့ ရအောင်တောင် စီစဉ်ပေးထားခဲ့ကြတာပါ။
အခုလာမယ့် မဟာသင်္ကြန်ပွဲတော်ကြီးအတွက် ပြဋ္ဌာန်းမှာကလည်း ထုံးစံအတိုင်း ရေထဲမျောမယ့် စည်းကမ်းချက်တွေလား၊ တကယ်ပဲ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်မယ့် စည်းကမ်းချက်တွေလားတော့ မသိပါ။
စည်းကမ်းရှိတဲ့ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နေတဲ့ ဗိုလ်ချုပ်ကြီးများက ရေသဘင်ပွဲကိုလည်း စည်းကမ်းရှိတဲ့သင်္ကြန်ပွဲကြီး ဖြစ်စေချင်ပုံရပါတယ်။
ကဲ …. ဒီနှစ်မှာ ရိုးရာမပျက်တဲ့ သင်္ကြန်ပွဲတော်ကြီး ဖြစ်လာပါစေလို့ ဆန္ဒပြုရင်း…။
သံချပ်ကြောက်သူများ
သင်္ကြန်မတိုင်ခင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ဒီနေ့ သံချပ်ထိုးဖို့ ပြင်ဆင်ထားကြပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေက လုပ်ခွင့် မပြုတော့ပါဘူး တဲ့။ သင်္ကြန်သံချပ်တွေ ပြန်လည်ရှင်သန်ရေး ကြိုးပမ်းနေတဲ့ ရန်ကုန်မြို့ Regent Business Academy ကျောင်းက တာဝန်ရှိသူ ဆရာကောင်းက ဧရာဝတီကို ပြောပါတယ်။
“ကျင်းပခွင့်မပြု(ခွင့်မပြု) ကြောင်း အကြောင်းကြားပါသည် ဆိုပြီး ဝန်ကြီးချုပ် ကိုယ်စား ဦးဌေးဝင်း (ညွှန်ကြားရေးမှူး) ဆိုပြီး စာထွက်လာတယ်။ ကျနော်တို့တွေ ဒီကိစ္စကို လူကြီးတွေနဲ့ တွေ့ဖို့လည်း ကြိုးစားတယ်။ ဒါပေမယ့် မရဘူး။ ဘာအကြောင်းပြချက်မှ မပေးဘဲ ခွင့်မပြု ဆိုတာ တခွန်းတည်းနဲ့ ပြီးသွားတာပါ” လို့ ဆရာကောင်းက ပြောပါတယ်။
Regent Business Academy ကျောင်းသားများက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာ ငြိမ်သက်နေတဲ့ သင်္ကြန်သံချပ်တွေကို ပြန်လည် ဖော်ထုတ်နိုင်ဖို့အတွက် ဒါရိုက်တာ မောင်သီ၊ မေတ္တာ၊ အရိုင်း၊ ကုသိုလ်၊ ဗေလု၀ စတဲ့ အနုပညာသမားတွေနဲ့ အတူ ကြိုးပမ်းခဲ့ကြတာပါ။
ရွေးကောက်ပွဲ မတိုင်ခင် ၂ ရက်အလိုမှာ ပြုလုပ်ဖို့ ပြင်ဆင်ခဲ့ကြတဲ့ ဒီပွဲကို စီစဉ်သူတွေထဲမှာ ကျောင်းသားတွေ ပါဝင်နေတဲ့အတွက်၊ သံချပ်စာသားတွေက နိုင်ငံရေးနွယ်တဲ့အတွက်၊ သံချပ်စာသားတွေကို သက်ဆိုင်ရာမှာ တင်ပြထားပေမယ့်လည်း “က” လို့ စာရွက်ပေါ်မှာရေးထားတာက စင်ပေါ်ရောက်ရင် “ယ” ဖြစ်တတ်တဲ့အတွက် ပိတ်ပင်ခံရတာဖြစ်တယ်လို့ ဆိုကြပါတယ်။
သံချပ်စာသားတွေမှာ ကွန်မြူနစ်အငွေ့အသက်တွေပါဝင်နေတယ်လို့ ယူဆပြီး ပိတ်ပင်တာ ဆိုတဲ့ အသံကိုလည်း ကြားရပါတယ်။
ဒီမိုကရေစီ လမ်းကြောင်းမှန်ကို ဦးတည်လျှောက်လှမ်းနေပါပြီလို့ ကြွေးကြော်နေတဲ့ တိုင်းပြည်တပြည်အနေနဲ့ သံချပ်ထိုးသူတွေဆီက အပြုသဘောဆောင်တဲ့ စကားတွေကို လက်မခံနိုင်တဲ့ အနေအထားဖြစ်နေသလား ဆိုတာ မေးခွန်းထုတ်စရာပါ။
ဒီအစီအစဉ်လုပ်ခွင့်မပြုတာနဲ့ ရောချပြီး သင်္ကြန်အတွင်း သံချပ်ကားတွေ ထွက်ရှိမယ့် အစီအစဉ် ခွင့်မပြုတော့မှာကိုတော့ အများအပြားက စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ ထုတ် မြန်မာ့အလင်းသတင်းစာမှာ “သင်္ကြန်သံချပ်များ ပြန်လည် နားသောတ ဆင်နိုင်မည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ ပျောက်ကွယ်နေတဲ့ သံချပ်သရုပ်ပြ၊ အက အလှ ဟာသ ဖျော်ဖြေရေးအစီအစဉ်တွေကို မကြာခင် ပြန်လည် ခံစားနိုင်ဖို့အတွက် စီစဉ်လျက်ရှိနေပါတယ် ဆိုတဲ့ သတင်း ရေးသားထားပါသေးတယ်။
မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနှစ်သာရတခုဖြစ်တဲ့ သင်္ကြန်အငွေ့အသက် သံချပ် အစီအစဉ်တွေကို ပိတ်ပင်မယ် ဆိုရင်တော့ “မြန်မာ့ရိုးရာ မဟာသင်္ကြန်”လို့ အမည် မပေးဘဲ “ခေတ်ပေါ် သင်္ကြန်” လို့ ပြောင်းလဲ ခေါ်ဆိုရင် ပိုအဆင်ပြေမယ်လို့ ထင်မိပါတော့တယ်။