မြန်မာနိုင်ငံတွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် ကြိုတင်မဲပေးခြင်းကို ယနေ့ စတင်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
“ကြိုတင်မဲတွေက ဒီနေ့က စပေးခွင့်ရပြီ။ဒီနေ့နဲ့ မနက်ဖြန်ပေါ့။ စီစဉ်ထားတာက ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲတွေက မနက် ၆ နာရီက ညနေ ၆ နာရီအထိ ရုံးဖွင့်ပြီး ကြိုတင်မဲ တောင်းခံလာတဲ့သူတွေကို ကြိုတင်မဲ ပေးခွင့်ရှိတဲ့သူ ဟုတ် မဟုတ်ပေါ့၊ ဒါကို စိစစ် ခိုင်းထားတယ်”ဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးကိုကိုက ဧရာဝတီကို ပြော သည်။
ကြိုတင်မဲ ပေးခွင့်ရှိသူများမှာ မဲဆန္ဒနယ်မြေ ပြင်ပရောက်နေသူများ၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့၌ မဲစာရင်း အမည်ပါ ဒေ သမှ ကျော်လွန်ခရီးသွားရန်ရှိသူများ၊ အနာကြီး ရောဂါအပါအဝင် ကူးဆက်ရောဂါ ရှိနေသူများ၊ အသက်ကြီးရင့် နေသူများ၊ ရဲအချုပ်ခန်းနှင့် အကျဉ်းထောင် စခန်းများတွင်ရောက်နေသူများ၊ နိုင်ငံဝန်ထမ်း အနေဖြင့် မဲစာရင်းအမည်ရှိဒေသမှ ကျော်လွန် တာဝန်ထမ်းနေရသူများ စသည့် ပုဂ္ဂိုလ်များ ပါဝင်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
ယနေ့နံနက်ပိုင်းမှစ၍ ရန်ကုန်တိုင်းအတွင်းရှိ မင်္ဂလာတောင်ညွန့်၊ သုံးခွ၊ လှည်းကူး၊ ဒဂုံဆိပ်ကမ်း စသည့်မြို့နယ်များ၊ ပျဉ်း မနား၊ နေပြည်တော်ရှိ မြို့နယ် ၄ ခုနှင့် အခြားသော မြို့နယ်များတွင်လည်း ကြိုတင်မဲပေးမှုများ စတင်လုပ်ဆောင်နေကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ကွန်ရက်ကလည်း ပြောပြသည်။
“လှည်းကူးမှာလည်း ရပ်ကွက်တွေ၊ ကျေးရွာတွေမှာ ကြိုတင်မဲ ပေးလို့ရနေပါပြီ။ ဒါပေမယ့် ဒီမြို့နယ်က ကြိုတင်မဲ အများကြီး မရှိလောက်ဘူး၊ အခုထိလည်း ပြဿနာတက်တာ မကြားရသေးဘူး”ဟု လှည်းကူးမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကိုယ်စားလှယ်လောင်း ကိုဖြိုးမင်းသိန်းက ဆိုသည်။
လှည်းကူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှတာဝန်ရှိသူ ဦးအေးမြင့်ကလည်း လွတ်လပ်၊ သန့်ရှင်း တရားမျှတ သည့် ရွေးကောက်ပွဲဖြစ်စေရေးအတွက် အကောင်းဆုံး လုပ်ဆောင်နေကြောင်း ပြောဆိုသည်။
သို့သော် နေပြည်တော် မြို့နယ် ၄ ခုတွင် သက်ဆိုင်ရာ အာဏာပိုင်များက တပ်မတော်သားများနှင့် မိသားစုဝင်များကို အာဏာရ ကြံ့ခိုင်ရေး ပါတီကိုသာ ကြိုတင်မဲပေးရန် ဖိအားပေးပြောဆိုနေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
မန္တလေးတိုင်း သမန်းကုန်းကျေးရွာတွင် ကြိုတင်မဲ ပေးသူများက NLD ပါတီအား မဲပေးခဲ့ရာ ရွေးကောက်ပွဲ ကော်မရှင်က မဲစာရွက်များကို ဖွင့်ကြည့်ပြီး NLDအတွက်မဲပေးထားသော မဲစာရွက်များကို လွှင့်ပစ်ခဲ့သည်ဟု သတင်းပေးပို့ လာကြောင်း၊ အလားတူ ပခုက္ကူ အပါအဝင် တချို့သော မဲဆန္ဒနယ်များတွင်လည်း ကြိုတင်မဲဆိုင်ရာ အငြင်းပွားဖွယ် တိုင်ကြားမှုများ လက် ခံ ရရှိနေကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ ဦးဆောင်ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ကွန် ရက်မှ ကိုဇော်မင်းက ပြောသည်။
ဧရာဝတီက သက်ဆိုင်ရာ ဒေသ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသို့ အတည်ပြုချက်ရယူရန် ဆက်သွယ်သော်လည်း မရရှိပေ။
သို့သော် ဦးကိုကိုကမူ ကြိုတင်မဲများကို မည်သူ့ကို မဲပေးသည်ကို မသိစေရန် စာအိတ်ဖြင့် သိမ်းဆည်းထားမည်ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့၊ နံနက် ၆ နာရီ မဲရုံ မဖွင့်မီ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်များက သက်ဆိုင်ရာ မဲရုံမှူးများထံ ပေးအပ်ခြင်း၊ ကြိုတင် မဲပေးထားသူများက ထပ်မံ မဲပေးခြင်း မရှိရန်အတွက် စာရင်းဇယားနှင့်တကွ လက်ခံရယူပြီး ဧပြီလ ၁ ရက်နေ့ ညနေ မဲရုံ ပိတ်ချိန်ရောက်မှသာလျှင် အဆိုပါ စာအိတ်များကို ဖောက်၍ မဲများထုတ်ပြီး ရေတွက်မှုပြုမည် ဖြစ်ကြောင်း ရှင်းပြသည်။
“မဲရုံမှူးတွေက ပုံစံ ၁၃ ထဲမှာ ဘယ်သူတွေဟာ ကြိုတင်မဲပေးထားပြီးပြီလည်း ဆိုတာ မဲရုံမဖွင့်ခင်မှာ ကြိုတင်မှတ်ထားမှာပါ။ အဲဒီလို မှတ်ထားခြင်းအားဖြင့် မဲရုံဖွင့်တဲ့အခါကျတော့ ဒီလူတွေ ၂ ခါ ထပ်ပြီး လာပေးလို့ မရတော့ဘူး”ဟု သူက ဆိုသည်။
ရန်ကုန်တိုင်းအတွင်းရှိ ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း၂၈ ဦးနှင့်လည်း ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း၊ မဲစာရင်းနှင့်ပတ်သက်ပြီး တင်ပြပြောဆိုမှုများကိုလည်း ပြင်ဆင်နိုင်သည်များကို ပြင်ဆင်ပြီးကြောင်း၊ မဲစာရင်း ထပ်ခဲ့ သည် ရှိသော်၂ ကြိမ်လည်း မဲပေးနိုင်မည် မဟုတ်ကြောင်း၊ သက်ဆိုင်ရာ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များ ထဲက ဥပဒေနှင့်ငြိစွန်းမှု တချို့ရှိကြောင်း၊ ပါတီခေါင်းဆောင်ပိုင်းများကို ကြပ်မတ် ထိန်းသိမ်းပေးရန် ပြောဆိုခဲ့ကြောင်းလည်း သူက ဆက် ပြောသည်။
ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ယခု ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်၊ သန့်ရှင်း၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရေးမျှော်လင့်ချက် အပြည့်ထားရှိသော်လည်း လက်တွေ့တွင် ကော်မရှင်အဖွဲ့ခွဲများအပါအဝင် နိုင်ငံရေးပါတီ များ၊ ကိုယ်စားလှယ်များ၊ မဲဆန္ဒရှင်များ စသည့် အဘက်ဘက် က အားနည်းချက်များ ရှိနေသည့်အတွက် မဖြစ်နိုင်ကြောင်း သူက ပြောဆိုသည်။
“ကျနော်ကတော့ ၅၀ ရာခိုင်နှုန်းကတော့ ကျော်မယ်လို့ ခန့်မှန်းတာပဲ။ ဒါတောင် ကျနော် လျှော့ပြောထားတာပါ၊ အဆိုးနည်းပြီး အကောင်းဘက်ကို များသွားရင် ကျေနပ်ပါတယ်”ဟု သူက ဦးကိုကိုက ဆိုသည်။
ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသည် ပြည်သူ့ လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ အမျိုးသားလွှတ်တော် များအတွက် လစ်လပ်မဲဆန္ဒနယ် ၄၅ နေရာ၊ မဲရုံပေါင်း ၈၃၂၄ ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူပေါင်း ၆၄ သိန်းကျော်ရှိပြီး နိုင်ငံရေးပါတီ ပေါင်း ၁၇ ပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။