အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့ကကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ၎င်းတို့အနေနှင့် အများစု အနိုင်ရရှိလိုက်သောအောင်မြင်မှုသည် ပြည်သူများ၏ အောင်မြင်မှုပင် ဖြစ်သည် ဟု ပြောဆိုလိုက်သည်။

တရားဥပဒေ စိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ပူးပေါင်း ဆောင်ရွက်ရန်လည်း တိုက်တွန်းသည်။
ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက် ယနေ့ နံနက်ပိုင်းက ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် မဲဆန္ဒရှင် ပြည်သူများကို ပထမဆုံးအကြိမ် အဖြစ် နှုတ်ခွန်းဆက် မိန့်ခွန်းပြောဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုခြင်းဖြစ်သည်။
“ပြည်သူတွေအနေနဲ့ နိုင်ငံရေးမှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်လို့ ကျမတို့ ဒီလို အဖွဲ့ချုပ်အနေနဲ့ လုပ်နိုင်ကိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက် ကျမပြောချင်တာက အခုအချိန်မှာ ဆိုလို့ရှိရင် အဖွဲ့ချုပ်ဝင်တွေအနေနဲ့ နားလည်ထားရမှာက ပြည်သူတွေရဲ့ထောက်ခံမှု၊ ပြည်သူတွေရဲ့ ပါဝင်မှုကြောင့်သာ ကျမတို့ ဒီလိုအောင်မြင်မှုတွေရခဲ့တာပါ။ ဒါကြောင့်မို့လို့ ကျမတို့က ထိန်းထိန်းသိမ်းသိမ်း ရှိရ မယ်”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအင်အားစုများ အားလုံး ပူးပေါင်းဆောင်ရွက်ကြရန်လည်း ဖိတ်ခေါ်သည်။
“အခုအောင်မြင်မှုက ဒီမိုကရေစီခေတ်ရဲ့အစလည်းဖြစ်ပါတယ်။ ဥပဒေစိုးမိုးရေး၊ အမျိုးသားပြန်လည်သင့် မြတ်ရေးနဲ့ ရည်ရွယ်ချက် သုံးခုအတွက် ဆက်လုပ်သွားပ့ါမယ်။ ဒီလုပ်ငန်းစဉ်အတွက် ပူးပေါင်းချင်တဲ့ သူတွေအားလုံးကို ဖိတ်ခေါ်ပါတယ်။ အားလုံးကလည်း ပူးပေါင်းမယ်လို့ မျှော်လင့်ပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးအင်အားစုတွေအားလုံးအနေနဲ့လည်း ကျမတို့နဲ့အတူ ဒီမိုကရေစီ နိုင်ငံကြီး ပီပီပြင်ပြင်ဖြစ်ပေါ်ရေး ပူးပေါင်းဆောင်ရွက်ကြမယ်လို့ မျှော်လင့်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောဆိုသည်။
ဒီမိုကရေစီ သဘောအရ အောင်နိုင်သူလူများစုသည် လူနည်းစုကို ကာကွယ်ရမည်ဖြစ်ပြီး အခြားပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများကို စိတ်အနှောင့်အယှက်ဖြစ်စေမည့် လုပ်ရပ်များ မလုပ်ရန် မေတ္တာရပ်ခံ တိုက်တွန်းလိုကြောင်းလည်း ၎င်းက ပြောသည်။
“ကျမတို့ပြည်သူတွေက နားလည်ပြီးသားပါနော်။ သဘောထားကြီးကြီးနဲ့ စိတ်ထားမြင့်မြင့်နဲ့ ဆက်ပြီးတော့လုပ်စရာတွေက အများကြီး ရှိပါတယ်။ အခုကနေ စပြီးတော့ ငါနိုင်ပြီဆိုတဲ့ စိတ်ဓာတ် မဟုတ်ဘဲနဲ့ ငါတို့ လုပ်ဖို့ အခွင့်အရေးတခုရပြီဆိုတဲ့ စိတ်ဓာတ်နဲ့ ကြိုးစားကြပါလို့ ကျမတိုက်တွန်းချင်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။
ရွေးကောက်ပွဲတွင်ဖြစ်ပွားခဲ့သော မူမမှန်သည့် လုပ်ရပ်များနှင့် ပတ်သက်၍လည်း အဖွဲ့အတွင်း ဆွေးနွေးပြီး သက်ဆိုင်ရာသို့ အသိပေး တိုင်ကြားမှုများ ပြုလုပ်မည်ဟုလည်း ဆိုသည်။
ယမန်နေ့က ကြားဖြတ်ရွေးကောက်ပွဲ၌ မဲစာရင်း ကွာဟ၍ မဲပေးခွင့်ရှိသော်လည်း မဲပေးခွင့်မရ မှုများ၊ ဆန္ဒမဲ စာရွက်များတွင် NLD မဲပေးရမည့် နေရာ၌ ဖယောင်း သုတ်ထား၍ မင်ခြစ်မရသည့် ဖြစ်ရပ်များ နေရာများစွာ၌ ဖြစ်ပေါ်ခဲ့သည်။
ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် NLD ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေးအဖွဲ့၊ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် လောင်း များနှင့် တွေ့ဆုံပြီး ကြေညာချက် တရပ် ထုတ်ပြန်သွားရန်ရှိသည်ဟုလည်း သိရှိရသည်။
ဧပြီ ၁ ရက် ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်မြေ ၄၅ နေရာအတွက် နိုင်ငံရေးပါတီ ၁၇ ပါတီ ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ကြရာ NLD က ၄၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။