ကြားဖြတ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ၎င်းတို့ ဝင်ရောက် ရွေးချယ်ခံခဲ့သော မဲဆန္ဒနယ်၄၄ ခုထဲမှ ၄၃ နေရာ အနိုင်ရရှိထားပြီ ဖြစ်ကြောင်း ပြောသည်။

မဲရေတွက်၍ မပြီးသေးသော ရှမ်းပြည်နယ် လားရှိုး မဲဆန္ဒနယ်မြေမှအပ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဝင်ရောက်ရွေးချယ် ခံခဲ့သော ကော့မှူးမြို့နယ်အပါအဝင် အစိုးရ ရုံးစိုက်ရာ နေပြည်တော်က မဲဆန္ဒနယ် ၄ နေရာနှင့် တိုင်းနှင့်ပြည်နယ်များရှိ မဲဆန္ဒနယ် မြေများတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း NLD ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက ယနေ့ပြောကြား သည်။
“ကျနော်တို့ ၄၃ နေရာအနိုင်ရပါပြီ။ လားရှိုး အမျိုးသားလွှတ်တော် တနေရာပဲ ကျန်ပါတော့တယ်။ မဲရေနေတုန်းပါ”ဟု ဦးဉာဏ်ဝင်း က ဧရာဝတီသို့ ပြောသည်။
ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ် မဲဆန္ဒနယ် ၄၅ နေရာအတွက် ဝင်ရောက်ရွေးချယ်ခံခဲ့ကြသော ပါတီ ၁၇ ခု အနက်၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေးပါတီ)က ကြားဖြတ်ရွေးကောက်ပွဲ မစမီ၊ နေရာအများစုအနိုင်ရမည်ဟု ပါတီခေါင်းဆောင်များက ခန့်မှန်းထားကြသော်လည်း တနေရာမှ အနိုင်မရရှိသေးပေ။
ဆန္ဒမဲရေတွက်ဆဲ လားရှိုးမြို့နယ် မဲဆန္ဒနယ်မြေတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ကြံ့ခိုင်ရေးပါတီ၊ ကိုးကန့်ဒီမိုကရေစီ နှင့် ညီညွတ်ရေး ပါတီ၊ လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ နှင့် NLD က ဦးစိုင်းမြင့်မောင် ဝင်ရောက် ရွေးချယ် ခံခဲ့ပြီး မြို့ပေါ် မဲဆန္ဒနယ်မြေများတွင် NLD က မဲအသာ ရနေကြောင်း စုံစမ်းသိရှိရသည်။
NLD အနေဖြင့် ယခုကဲ့သို့ အနိုင်ရရှိခဲ့သော်လည်း ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ဆန္ဒမဲပြား၌ NLD ကို မဲပေးရမည့် နေရာတွင် ဖယောင်းရေ သုတ်ထားခြင်း၊ NLD အား မဲပေးမည့်သူများကို ပိတ်ပင်ထားခြင်း၊ မျက်မမြင်ဒုက္ခိတများကို ကြံ့ခိုင်ရေးပါတီသို့ မဲပေး စေခြင်းများဖြင့် မဲမသမာမှုများကို ခံခဲ့ရကြောင်း ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ကွန်ရက် က ဧရာဝတီ သို့ ပြော သည်။
မဲမသမာမှုများနှင့်ပတ်သက်၍ ဦးဉာဏ်ဝင်း က“ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ကတော့ သက်ဆိုင်ရာ ဗဟိုကော်မရှင်ကို တင်ပြထား တယ်။ ကျနော်သိသလောက် ကော်မရှင်ကလည်း ဥပဒေနည်းလမ်းတွေနဲ့ လုပ်ကိုင်ဆောင်ရွက်ပေးတယ်လို့ နားလည်ထားတယ်” ဟု ပြောသည်။
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းတင် တို့က ကြားဖြတ်ရွေးကောက်ပွဲသည် မဲမသမာမှုများရှိနေသဖြင့် မျှတသည့် ရွေး ကောက်ပွဲမဟုတ်ကြောင်း ပြောဆိုထားသည်။ သို့သော် ရွေးကောက်ပွဲမတိုင်မီ တရက်အလိုတွင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သတင်းထောက်များနှင့် တွေ့ဆုံ ပြောဆိုခဲ့သည်။
NLD အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့မှုမှာ ဒေါ်အောင်ဆန်းစုကြည်၏ အောင်မြင် ကျော်ကြားမှု၊ ပါတီက နှစ်အတော်ကြာ အနစ်နာခံမှု၊ အင်အားကြီးမားမှုတို့ကြောင့် လူထုထောက်ခံမှုအပြည့်ဝရရှိခဲ့သဖြင့် အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ် ကြောင်း ဒီမိုကရက်တစ် ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေ က ပြောသည်။
“ဒီရွေးကောက်ပွဲဟာ အရင်ကထက်စာရင် လွတ်လပ်မျှတပါတယ်။ NLD နိုင်သွားတာက နိုင်သင့်လို့ နိုင်သွားတာပဲ။ ရေပန်း အစား ဆုံး ပါတီက နိုင်သွားတာပါ”ဟု ဦးသုဝေ က ဧရာဝတီသို့ ပြောသည်။
ဦးသုဝေသည် ကြားဖြတ်ရွေးကောက်ပွဲ၌ ရန်ကုန် မင်္ဂလာတောင်ညွှန့် မဲဆန္ဒနယ်မြေတွင် ဝင်ရောက်ရွေးချယ်ခံခဲ့ရာ ယင်းမဲဆန္ဒနယ် မြေတွင် NLD ကိုယ်စားလှယ် မဖြူဖြူသင်းက အနိုင်ရရှိသွားသည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့်၂၀၁၀ ရွေးကောက်ပွဲတို့ကို ၁၉၉၀ ရွေးကောက်ပွဲကဲ့သို့ လွတ်လပ် မျှတမှု မရှိကြောင်း ကြားဖြတ် ရွေးကောက်ပွဲဝင် ပါတီခေါင်းဆောင်များက ပြောဆိုနေကြသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံတဝန်း ဆန္ဒမဲ ၈၂ ရာခိုင်နှုန်းကျော်ဖြင့် မဲအပြတ်အသတ် အနိုင်ရရှိခဲ့သည်။ သို့သော် အစိုးရ အာဏာပိုင်များက အာဏာလွှဲပြောင်း ပေးအပ်ခြင်းမပြုဘဲ NLD အပေါ် ဖိနှိပ်မှုများ ပြုလုပ်ခဲ့သည်။