ယမန်နေ့က ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်များအပေါ် အခြေခံ၍ အမေရိကန်သမ္မတ ဘားရက် အိုဘားမားအနေဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားချက်အတော်များများကို ဖယ်ရှားပိုင်ခွင့်ရှိကြောင်း အမေရိကန် ကွန်ဂရက် အစီရင်ခံစာတစောင်က ဖော်ပြလိုက်သည်။
အနာဂတ်တွင် ပိတ်ဆို့အရေးယူမှုအားလုံး ဖယ်ရှားရေးမှာ ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမည့်အချက်အပေါ်လည်း မူတည်နိုင်ကြောင်း အမေရိကန် ကွန်ဂရက်၏ လွတ်လပ်သည့် အဖွဲ့အစည်းတခုဖြစ်သော ကွန်ဂရက် သုတေသနလုပ်ငန်း (CRS) အဖွဲ့က ထုတ်ပြန်သည့် မြန်မာပြည်ဆိုင်ရာ အစီရင်ခံစာတွင် ရေးသားထားသည်။
“မြန်မာ့ကြားဖြတ်ရွေးကောက်ပွဲအပေါ် အိုဘားမား အစိုးရ၏ တုန့်ပြန်မှုသည် မဲဆွယ်ကာလ၊ မဲပေးသည့် ဖြစ်စဉ်၊ မဲရလဒ်၊ မြန်မာ့လွှတ်တော်များတွင် ပါဝင်လာမည့် အနိုင်ရ အမတ်များအပေါ် အစိုးရ၏ ပြုမှုဆက်ဆံမှုများအပေါ် မူတည်သွားလိမ့်မည်” ဟု CRS ၏ စာမျက်နှာ ၁၀ မျက်နှာပါ မြန်မာ့လွှတ်တော်ဆိုင်ရာ ဧပြီ ကြားဖြတ်ရွေးကောက်ပွဲ အမည်ရှိ အစီရင်ခံစာ၌ ဖော်ပြထားသည်။
ဧရာဝတီက မိတ္တူရရှိထားပြီး မတ် ၂၈ ရက် နေ့စွဲထိုးထားသည့် ယင်းအစီရင်ခံစာတွင် အတိုက်အခံနိုင်ငံရေးပါတီများ အထူးသဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တခြားနိုင်ငံများနှင့် ဥရောပသမဂ္ဂတို့၏ မြန်မာ့ ကြားဖြတ်ရွေးကောက်ပွဲအပေါ် တုန့်ပြန်ချက်များသည် အမေရိကန်၏ သဘောထားအပေါ် ဩဇာသက်ရောက်မည်ဟု ဖော်ပြပါရှိသည်။
သမ္မတ အိုဘားမား အနေဖြင့် ပိတ်ဆို့ဒဏ်ခတ်မှု အတော်များများ ဖယ်ရှားပေးနိုင်သည့်အပြင် ကွန်ဂရက်မှ ပြဌာန်းပေးရန်လည်း အိမ်ဖြူတော်အနေဖြင့် တောင်းဆိုနိုင်သည်။ ကွန်ဂရက်အနေဖြင့်လည်း မြန်မာနိုင်ငံနှင့် ပတ်သက်သော အမေရိကန်၏ မူဝါဒကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ပြောင်းလဲသင့်သည်များကို ပြောင်းလဲရန် လုပ်နိုင်သည်။
တချိန်တည်းမှာပင် ဥရောပသမဂ္ဂအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ရုတ်သိမ်းရေးကို ယခုလာမည့် ဧပြီ ၂၃ ရက်တွင် ဘယ်လဂျီယံနိုင်ငံ ဘရပ်ဆဲမြို့၌ ကျင်းပရန်ရှိသော နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဆွေးနွေးချမှတ်မှုများ လုပ်မည်ဟု မျှော်လင့်ရသည်။ သတင်းများအဆိုအရ လက်နက်တင်ပို့ ရောင်းချခြင်းမှလွဲ၍ ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းနိုင်ဖွယ်ရှိပြီး ယင်းသို့ အမြန်ရုပ်သိမ်းသွားစေရေးအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး ကုမ္ပဏီကြီးများကလည်း တိုက်တွန်းနေကြောင်း သိရသည်။
မြန်မာပြည်ဈေးကွက်အား အာရှစီးပွားရေးသမားများ အထူးသဖြင့် တရုတ်က နေရာယူ လွှမ်းမိုးနေသောကြောင့် အနောက်နိုင်ငံရှိ ရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေးလုပ်ငန်းရှင်များအဖို့ နောက်ကျန်နေသည်ဟု မြင်နေကြပြီး ပုံမှန်ကူးသန်းရောင်းဝယ်မှု ပြန်လည်စတင်ရန် ယခု ရွေးကောက်ပွဲရလဒ်ကို အခွင့်အလမ်းအဖြစ် ရှုမြင်နေကြသည်။