အိန္ဒိယနိုင်ငံ ပူးနေးမြို့အခြေစိုက် ဆာရ်ဟတ် လူမှုရေးအဖွဲ့က ၂၀၁၁ ခုနှစ်အတွက် ဘဂဝန် မဟာဗီးရ် ကမ္ဘာ့ငြိမ်းချမ်းရေးဆုကို ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ရန် ရွေးချယ် လိုက်သည်။
“သူ့ရဲ့ ကိုယ်ကျိုးစွန့်ပြီး သူ့နိုင်ငံထဲမှာ အကြမ်းမဖက်လမ်းစဉ်နဲ့ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးတွေ လုပ်ခဲ့တာကြောင့် ဒီဆုကို ပေးခဲ့တာပါ။ ဒီဆုကြောင့် ကျနော်တို့ အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး တိုးတက်မှုတွေအတွက် အထောက်အကူဖြစ်ဖို့ မျှော်လင့်ပါတယ်။ မြန်မာပြည်သူတွေနဲ့ မြန်မာ့ဒီမိုကရေ စီရေးအတွက် အိန္ဒိယပြည်သူတွေရဲ့ စိတ်ထဲ အမြဲရှိနေတယ်ဆိုတာကို ပြတာပါပဲ” ဟု အဆိုပါအဖွဲ့ ဥက္ကဋ္ဌ ဆန်ဂျေး နာဟာက ပြောသည်။
ဘဂဝန် မဟာဗီးရ်သည် အိန္ဒိယနိုင်ငံတွင် ကိုးကွယ်မှုအများဆုံးဖြစ်သော ဂျိန်းဘာသာ၏ သူတော်စင်တဦးဖြစ်ပြီး သူ၏ ထင်ရှားသော အကြမ်းမဖက် ငြိမ်းချမ်းရေးလမ်းစဉ်ကို မြှင့်တင်ပေးလိုသည့် ရည်ရွယ်ချက်ဖြင့် သူ့အမည်နှင့် ငြိမ်းချမ်းရေးဆုကို ပေးအပ်ရန် ၂၀၁၀ ခုနှစ်အတွင်းက စီစဉ်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံး ဆုရသူဖြစ်ကြောင်း ဆန်ဂျေး နာဟာက ဆိုသည်။
အဆိုပါ ငြိမ်းချမ်းရေးဆုကို လာမည့် ဇူလိုင်လအတွင်းတွင် အခမ်းအနားဖြင့် ပေးအပ်ရန် စီစဉ်ထားကြောင်း၊ ဆုချီးမြှင့်ပေးရန် အိန္ဒိယသမ္မတ ပရာတီဘာ ပတေးလ် သို့မဟုတ် အိန္ဒိယ ဝန်ကြီးချုပ် မမ်မိုဟန်ဆင်းတို့ကို ဖိတ်ကြားမည်ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားထားရာ ဒေါ်အောင်ဆန်းစုကြည်က ဆုချီးမြှင့်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ သို့သော် ယခု တိုင်းပြည်အခြေအနေအရ ပြည်ပခရီး ထွက်ခွာရန် မဖြစ်နိုင်သေး၍ အခမ်းအနားသို့ တက်ရောက်နိုင်မည် မဟုတ်သည့်အတွက် ဝမ်းနည်းပါကြောင်း အကြောင်းပြန်သည်ဟု သိရသည်။
ထို့အတွက် ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးထွက်နိုင်မည့် နောင်တချိန်ကျမှ ဆုချီးမြှင့်ခြင်း သို့မဟုတ် သူ့ကိုယ်စား တဦးဦးကို ဆုလက်ခံယူစေပြီး အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်သံ သဝဏ်လွှာကို ဖွင့်ပြနိုင်ရန်ဖြစ်စေ တခုခုကို စီစဉ်မည်ဟု ဆန်ဂျေး နာဟာက ပြောသည်။
ဘဂဝန် မဟာဗီးရ် ကမ္ဘာ့ငိမ်းချမ်းရေးဆုအတွက် အရှေ့တောင်အာရှ နိုင်ငံများမှ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့် ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက် ကိုယ်ကျိုးစွန့် လှုပ်ရှားသူများ၊ ဒေသတွင်း တိုးတက်မှုအတွက် လုပ်ဆောင်သူများကို နှစ်စဉ် ရွေးချယ်ပေးအပ်မည်ဖြစ်ပြီး ဆုလက်မှတ်နှင့် ဆုကြေးငွေ အိန္ဒိယရူပီး ၁၁ သိန်း (အမေရိကန်ဒေါ်လာ ၂၁၅၀၀ ကျော်) ချီးမြှင့်မည် ဖြစ်သည်။
အဆိုပါ အဖွဲ့သည် အိန္ဒိယနိုင်ငံတဝန်း၊ အထူးသဖြင့် ပန်ဂျပ်နှင့် ကက်ရှ်မီးယား ပြည်နယ်ဒေသတွင် ငြိမ်းချမ်းရေးများ ဖြစ်ထွန်းရေး၊ ပဋိပက္ခများ ဖြေရှင်းရေး၊ အကြမ်းဖက်မှု ပပျောက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးများအတွက် သုတေသန၊ ပညာပေးလုပ်ငန်းနှင့် ကူညီမှုများ လုပ်ဆောင်နေသော လူမှုရေးအဖွဲ့ဖြစ်သည်။
ဘဂဝန် မဟာဗီးရ် ကမ္ဘာငြိမ်းချမ်းရေးဆုကို အရှေ့တောင်အာရှ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် ရှေးရှု၍ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလအတွင်းက စတင်မိတ်ဆက်ခဲ့ရာ ယင်းဆုသည် အိန္ဒိယနိုင်ငံဖြစ် နိုဗယ်လ်ငြိမ်းချမ်းရေးဆု ဖြစ်လာမည်ဟု လေ့လာသူများက ပြောဆိုကြသည်။