ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းများကို စောင့်ကြည့်ဖတ်ရှုရာတွင် လူမှုဆက်သွယ်ရေး ကွန်ရက်တခုဖြစ်သော Facebook ပေါ်မှ သတင်းများမျှဝေဖတ်ရှုမှုကို ပိုမိုအားထားခဲ့ကြကြောင်း ပြည်တွင်း အင်တာနက်သုံးစွဲသူများက ဆိုသည်။
“ကြားဖြတ် ရွေးကောက်ပွဲ သတင်းတွေ ဖတ်ဖို့ အဲဒီနေ့မှာ Facebook ကို သုံးတာလောက် တခါမှ မသုံးခဲ့ဖူးဘူး။ တခြားအချိန်တွေမှာ သတင်းဆိုဒ်တွေ တက်ကြည့်ဖြစ်ပေမယ့် ရွေးကောက်ပွဲ သတင်းတွေအတွက်တော့ Facebook ကိုပဲ ပိုကြည့်ဖြစ်တယ်။ ပြည်တွင်း၊ ပြည်ပသတင်းဌာနတွေ အားလုံးရဲ့ Facebook တွေကို add ထားတော့ သတင်းတွေ အားလုံး တချိန်တည်း ဖတ်နေရတာက သတင်းဆိုဒ်တွေ တခုပြီးတခု ဖွင့်ကြည့်နေရတာထက် ပိုအဆင်ပြေတယ်” ဟု ရန်ကုန်မြို့နေ အင်တာနက်သုံးစွဲသူတဦးက ပြောသည်။
ဘလော့ဂါ တဦးဖြစ်သူ ကိုညိုကြီးကလည်း “Facebook ကနေ သတင်း ပိုဖတ်ဖြစ်တယ်။ Facebook က သတင်း ဝက်ဘ်ဆိုဒ်တွေထက်စာရင် ကြည့်ရတာ ပိုမြန်တယ်။ မြန်မာပြည် အင်တာနက်နှုန်းက နှေးတော့ Facebook တက်ရင်ကိုပဲ အဆင်ပြေလှပြီ။ Facebook တခုတည်းမှာတင် သတင်းတွေကလည်း များမှများ။ တစုတစည်းတည်း ကြည့်လို့ရတယ်” ဟု ဆိုသည်။
ယခုအခါ မြန်မာပြည်တွင်းတွင် ပြည်ပအခြေစိုက် သတင်းဌာနများ၏ ဝဘ်ဆိုဒ်များကို ဖတ်ရှု၍ ရနေသကဲ့သို့ ပြည်တွင်းအခြေစိုက် သတင်းဂျာနယ်များကလည်း သတင်းဝက်ဘ်ဆိုဒ်များ ဖန်တီးလာကြပြီဖြစ်ရာ သတင်း အချက်အလက်များကို အင်တာနက် ဝက်ဘ်ဆိုဒ်များမှ ကြည့်ရှုနိုင်ပြီဖြစ်သော်လည်း တနေရာတည်းတွင် သတင်းများကို မြန်မြန်ဆန်ဆန် ဖတ်ရှုနိုင်နေမှုက Facebook ၏ စာဖတ်သူများကို ဆွဲဆောင်မှုတခု ဖြစ်သည်။
ထို့အပြင် အချိန်နှင့် တပြေးညီ မျှဝေနေသည့် သတင်းအချက်အလက်များ၊ သတင်းဓာတ်ပုံများတွင် မိမိတို့၏ သဘောထား အမြင်များကို လွတ်လပ်စွာ ဝင်ရောက်ပြောဆိုခွင့် ရနေသည့်အချက်ကြောင့် သတင်းအချက်အလက် မျှဝေသူနှင့် စာဖတ်သူများကို နီးစပ်စွာ ထိတွေ့ခွင့်ပေး၍ Facebook ကို ပိုမိုအားထားသည်ဟု သိရသည်။
“အခုက မြန်မာပြည်မှာ Facebook ကို အတော်သုံးလာကြတာကလား။ ဘလော့ဂ်စာမျက်နှာတခု ကြည့်ရဖို့ထက် ဖေ့စ်ဘွတ်ထဲဝင်ပြီး သတင်းဖတ်ဖို့ကိုပဲ လူတွေ ဇောသန်နေကြတယ်။ ကိုယ်ကြိုက်တဲ့ သတင်းတွေကို တခြားသူတွေ ဖတ်စေချင်တဲ့အခါ အလွယ်တကူ Share (မျှဝေရန်) ဆိုတဲ့ Button (ခလုတ်) ကလေးနှိပ်လိုက်တာနဲ့ ပြန့်သွားတယ်။ သတင်းတွေဖတ်နေရင်းနဲ့ တပြိုင်နက် Facebook မှာရှိတဲ့ ကိုယ့်မိတ်ဆွေတွေနဲ့လည်း Chat (စကားပြော) နိုင်တယ်။ Share, Like, Comment ပေးတာတွေ အလွယ်တကူလုပ်နိုင်တော့ သိရတာတွေကို Facebook မှာ ပိုတင်ဖြစ်တယ်” ဟု ဘလော့ဂ်ဂါ ညိုကြီးကဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲ ကာလအတွင်းက သတင်းရယူခြင်းများကို ပိတ်ပင်ခံခဲ့ရသော်လည်း ကြားဖြတ်ရွေးကောက်ပွဲ ကာလအတွင်း ပြည်တွင်းပြည်ပ မီဒီယာများကို သတင်းရယူခွင့်ပေးမှုကြောင့် ပွင့်လင်းမြင်သာမှု ပိုရှိလာသည်ဟု ဆိုနိုင်ကြောင်း၊ သို့သော်လည်း သတင်းမီဒီယာ လွတ်လပ်ခွင့် အပြည့်အ၀ ရရှိခြင်း မဟုတ်သေးကြောင်း၊ သတင်းယူသူများကို မှတ်တမ်းတင် စောင့်ကြည့်ခြင်းများ ရှိနေကြောင်း ၎င်းကဆိုသည်။
Facebook ၏ အားသာချက်များကြောင့် ကြားဖြတ်ရွေးကောက်ပွဲ ကာလအတွင်း ပြည်တွင်းရှိ သတင်းဂျာနယ်များသည် Facebook မှ သတင်း တင်ဆက်မှုများကို ယခင်ကထက် ပိုမိုပြုလုပ်လာသည်ကိုလည်း တွေ့ရသည်။
“အရင်တုန်းက Facebook တွေက ဒီလောက်ကြီး ကျယ်ကျယ်ပြန့်ပြန့် မသုံးကြဘူး။ အွန်လိုင်းတွေဘာတွေလည်း သိပ်မသုံးကြဘူး။ ဂျာနယ်အတွက် သတင်းယူတဲ့နေရာမှာလည်း ၂၀၁၀ မှာတုန်းက ကျမတို့က သတင်းဓာတ်ပုံ ရိုက်ဖို့က တော်တော်လေးကို ခက်ခဲပါတယ်။
အခုမှာတော့ ဓာတ်ပုံရိုက်တာ၊ မဲရုံနဲ့ပတ်သက်ပြီး သတင်းယူတာတွေ ပိုအဆင်ပြေလာတယ်။ Facebook ကတော့ မြန်မြန်ဆန်ဆန်လည်း ရှိတယ်။ ဖတ်ကြ၊ ကြည့်ကြတဲ့သူလည်း များတော့ သတင်းတိုလေးတွေ တင်ဖြစ်တယ်။ ဝက်ဘ်ဆိုဒ်မှာကတော့ သတင်းအရှည် တင်ဖြစ်တယ်” ဟု ရွှေမြစ်မခ မီဒီယာမှ အယ်ဒီတာချုပ် ဒေါ်မေသင်္ကြန်ဟိန်က ပြောသည်။
မြန်မာနိုင်ငံတွင်း Facebook ကို အသုံးပြုသူများအတွင်းတွင် ပြည်သူလူထု၊ သတင်းသမားများ ပါဝင်သကဲ့သို့ အစိုးရအဖွဲ့အစည်းများမှ အရာရှိများလည်း ပါဝင်သောကြောင့် Facebook စာမျက်နှာများတွင် တက်လာသော သတင်းများက ယခင်ကထက်နှင့် တခြားသော သတင်းပေးပို့မှုများထက် အစိုးရအဖွဲ့အစည်းများသို့ ပေါက်ရောက်မှုရှိသည်ဟု ဒေါ်မေသင်္ကြန်ဟိန်က ဆိုသည်။
၈၈ မျိုးဆက်ကျောင်းသားများ၏ ရွေးကောက်ပွဲ စောင့်ကြည့်ရေး ကွန်ရက်ကလည်း Facebook စာမျက်နှာ ဖွင့်လှစ်၍ ရရှိသည့် ရွေးကောက်ပွဲဆိုင်ရာ သတင်းများ လက်ခံခြင်း၊ မျှဝေခြင်း ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။
ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်သည့် ဧပြီလ ၁ ရက်နေ့က မဲပြားများတွင် ဖယောင်းသုတ်ထားသောကြောင့် မှင်မထင် ဆိုသည့် သတင်းများ Facebook ပေါ်တွင် ပြန့်နှံ့ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က မဲပြားများကို ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူ ရိုက်နှိပ်ကြောင်း၊ ဖယောင်းသုတ်ထားသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ၎င်း၏ Facebook စာမျက်နှာမှတဆင့် ပြန်လည်ရေးသားခဲ့သေးသည်။