ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် ပြီးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲတွင် အများစု အနိုင်ရရှိမှုကို ဝမ်းမြောက်စွာကြိုဆိုလိုက်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး အတွက် အကောင်းဆုံး ဖော်ဆောင်နိုင်မည်ဟု ယုံကြည် မျှော်လင့်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ပြောသည်။
NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေးတို့သည် အဓိကလုပ်ဆောင်မည့် လုပ်ငန်းစဉ်အဖြစ် ကြေညာထားသည့်အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ထောက်ခံပြီး လက်တွဲ ပံ့ပိုးသွားကြမည် ဖြစ်ကြောင်း ပြောဆိုကြသည်။
ကရင်အမျိုးသား အစည်းအရုံး(KNU) ဒု ဥက္ကဌ စောဒေးဗစ်တာကဘော က ကြားဖြတ်ရွေးကောက်ပွဲသည် သန့်ရှင်း လွတ်လပ် သည့် ရွေးကောက်ပွဲမဟုတ်ဘဲ NLD အနိုင်ရရှိမှုသည် ၁၉၉၀ ရွေးကောက်ပွဲအောင်မြင်မှုကဲ့သို့ အနှောင့်အယှက်အခက်အခဲများကြားမှ အောင်မြင်မှုဖြစ်ပြီး ချီးကျုးကြိုဆိုကြောင်း၊ ပြည်သူက ဒီမိုကရေစီ အမှန် တကယ် လိုလားမှုကို ပြသသည့်အနေဖြင့် ထောက်ခံမှု အားကောင်းခြင်းဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
အဂတိ လိုက်စားမှု၊ ပြည်သူ့ အကျိုးမကြည့်ဘဲ ကိုယ်ကျိုးကြည့်မှုများ ပပျောက်ရေး သမ္မတ ဦးသိန်းစိန်အနေဖြင့် ဆက်လက် လုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် ယခု အခြေအနေအပေါ် ကျေနပ်နေရုံနှင့် မလုံလောက်ဘဲ ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး တို့အတွက် ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားရမည်ဟု သူက ဆက်ပြောသည်။
ထို့အပြင် ဒီမိုကရေစီကို ထိပါးမည့်သူများ၏ အန္တရာယ်ကို သတိဖြင့် ရင်ဆိုင်သွားရမည် ဖြစ်ကြောင်း၊ တိုင်းရင်းသား အခွင့် အရေး ချိုးဖျက်မည့် လူများ ရှိနေမည်ဖြစ်သော်လည်း နည်းပါးသွားနိုင်မည်ဟု မျှော်လင့်ကြောင်း၊ အဆိုပါကိစ္စများကို အားလုံး လက်တွဲ၍ သတိရှိရှိဖြင့် ကာကွယ်သွားကြရန် ဖြစ်ကြောင်းလည်း စောဒေးဗစ်တာကဘော က ဆိုသည်။
ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO) ဒု နိုင်ငံခြားရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ် လွမ်းဒေါင် က အားလုံးက မျှော်လင့် ယုံကြည် ထားသူမှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ကြောင်း၊ ကချင်လူမျိုးများ ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရ သော်လည်း NLD က ထူးခြားစွာ အောင်မြင်လာခြင်းသည် တိုင်းပြည်အတွက် အကျိုးပြုလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောဆိုသည်။
“မြန်မာပြည်မှာဆိုလို့ရှိရင် လူမျိုးစုတွေရဲ့အရေးဟာ အင်မတန်မှ အရေးကြီးတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည် က ခံယူပြီး သား ဖြစ်တယ်။ အစိုးရနဲ့ ကျနော်တို့ တော်လှန်ရေး လူမျိုးစုတွေ ပြေလည်ဖို့ဟာ သူက နံပါတ် ၁ ရည်မှန်းချက် ထားတယ် ဆိုတာ ကျနော်တို့က ယုံကြည်တယ်”ဟု ဂျိမ်းစ် လွမ်းဒေါင် က ဆိုသည်။
လွှတ်တော်တွင်း ဝင်ရောက်သွားမည့် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ မဖြစ်သေးသည့်တိုင် ပြောဆိုထားသည့် လမ်းပြမြေပုံ ၃ ချက်ကို အတတ်နိုင်ဆုံး ဖော်ဆောင်မည်ဟု ယုံကြည်ကြောင်း၊ အပစ်အခတ်ရပ်စဲရေးအတွက် လွှတ်တော်ပြင်ပ ဆွေးနွေးမှုများကတဆင့် နိုင်ငံရေး ဆွေးနွေးမှုများအထိ မျှော်လင့်ထားကြောင်းလည်း ၎င်းက ဆက်ပြောသည်။
မွန်ပြည်သစ်ပါတီ၏ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာ ပိန်ခိုင်း ကလည်း NLD အောင်နိုင်မှုကို ကြိုဆိုပြီး တိုင်းရင်းသား များနှင့် သက်ဆိုင်သည့် ငြိမ်းချမ်းရေးကိစ္စကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD က အလေးထား ပြောထားခဲ့သည့် အတွက် ဦးစားပေး လုပ်ဆောင်သွားမည်ဟု ယုံကြည်ကြောင်း ပြောသည်။
“တကယ့်စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့က အဓိကကတော့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်စရာတွေရှိတယ်။ အစိုးရက ဘယ် လောက် အထိဖွင့်ပေးမလဲ၊ အပစ်ရပ်အဖွဲ့တွေရော၊ ဒီမိုကရေစီအင်အားစုတွေရော ဘယ်လောက်အထိ လုပ်ကိုင်နိုင်မလဲ အပေါ် မူတည်ပြီး ရလဒ်က ပေါ်ထွက်လာမှာပဲ”ဟု နိုင်ဟံသာ ပိန်ခိုင်းက ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရန် ခက်ခဲစေမှုသည် အဓိက စိန်ခေါ်မှု တခုဖြစ်သော်လည်း တဘက်နှင့် တဘက် အလျှော့ အတင်း လုပ်ကာ ညှိနှိုင်း၍ အပြောင်းအလဲကို အတူ ပူးပေါင်းဆောင်ရွက်လျှင် ဖြစ်နိုင်ကြောင်း သူက ဆက်ပြောသည်။
ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)(SSA-S) က ဗိုလ်မှူး ဆိုင်းလောဝ်စိုင်း ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အောင်ပွဲအပေါ် ထပ်တူထပ်မျှ ဝမ်းသာဂုဏ်ယူပြီး လွှတ်တော်တွင်းရောက်သွားသည့်အခါ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်း သားများ၏ အခွင့်အရေးများ၊ တိုင်းရင်းသားများ အကျိုးရှိစေမည့် ဥပဒေ ပြင်ဆင်ရေးများကို စွမ်းဆောင်ပေးမည်ဟု ယုံကြည်ကြောင်း ပြောသည်။
“ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာလည်း သူမကနေ တဖက်တလမ်းကဖော်ဆောင်ပေးမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု ဗိုလ်မှူး ဆိုင်းလောဝ်စိုင်း က ဆိုသည်။
ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်ပြီး အစိုးရတာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီများကို တိုင်ကြား ထားကြောင်း၊ တရားဥပဒေစိုးမိုးရေးသည် အလွန်အရေးကြီးကြောင်း၊ သို့မှသာ လူ့အခွင့်အရေး အခြေအနေ ကောင်းမွန် လာမည်ဖြစ်ကြောင်း ထိုကိစ္စများကို အားလုံးနှင့်လက်တွဲပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် NLD က အကောင်းဆုံး ဖော်ဆောင်နိုင် မည်ဟု ယုံကြည်ကြောင်း ၎င်းကဆက်ပြောသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ပိတ်ဆို့မှု၊ ဖိနှိပ်မှုများနှင့် ရင်ဆိုင်လာရပြီးနောက် ဧပြီ ၁ ရက် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD အများစု အနိုင်ရခြင်းသည် တိုင်းရင်းသား ပြဿနာ ဖြေရှင်းရေး အတွက် အားကောင်းမည့် လက္ခဏာ ဖြစ်သော်လည်း နယ်စပ်ဒေသ ဒုက္ခသည်များ အရေးသည် ယခုအထိ မသေချာသေးကြောင်း တိုင်းရင်းသားများက ပြောဆိုကြသည်။