ကရင်အမျိုးသား အစည်းအရုံး (KNU) ကိုယ်စားလှယ် အဖွဲ့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် ရက်ပိုင်းအတွင်းတွေ့ဆုံမည်ဖြစ်ကြောင်း KNU ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ် သာကပေါက ယနေ့ ပြောလိုက်သည်။

KNU ကိုယ်စားလှယ်အဖွဲ့သည် သောကြာနေ့တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ရန်ကုန်သို့ သွားရောက်မည့် ခရီးစဉ်အတွင်း ထိုသို့ တွေ့ဆုံရန် စီစဉ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။
“ဒေါ်စုနဲ့က ကျနော်တို့က အဆက်အသွယ်သာ တရားဝင်မရှိတာ နားလည်မှုက ရှိပြီးသား ဆိုတော့ အခြေခံခြင်းက တူတယ်။ တိုင်းပြည်ကို သူတို့တတ်နိုင်တဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို ကူညီဖို့၊ တကယ့် ဒီမိုကရေစီ ဖြစ်ပွားရေး၊ တိုင်းရင်းသားတွေလည်း ဒီမိုကရေစီလိုတာပဲ၊ ငြိမ်းချမ်းရေးဖြစ်ပွားရေး အဲဒါတွေ ပြောဖြစ်ကြမှာပါ” ဟု ပဒို ဒေးဗစ် သာကပေါက ဧရာဝတီသို့ ပြောသည်။
ထိုသို့ တွေ့ဆုံခြင်းဖြင့် အပြုသဘော ဆွေးနွေးရေး၊ နှစ်ဖက် ရင်းနှီးမှု ရရှိရေးတို့ ဖြစ်ပေါ်လာမည်ဟု KNU က မျှော်လင့်ထားသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ပါတီ ကိုယ်စားလှယ်လောင်းများ မဲအပြတ်သတ် အနိုင် ရရှိခဲ့ခြင်းအား KNU က ဂုဏ်ယူကြောင်း၊ သို့သော်လည်း ပြည်တွင်းငြိမ်းချမ်းရေး နှင့် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ဆောင်ရန်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပေါ်တွင်သာ မူတည်နေခြင်း မဟုတ်ဘဲ လွှွတ်တော်ထဲတွင် နေရာ အများစု ရရှိထားသည့် ကြံ့ခိုင်ရေးပါတီကလည်း စိတ်ရင်း စေတနာမှန်နှင့် ပြောင်းလဲရန် လိုအပ်ကြောင်း သူကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မတီ ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းက စီစဉ်ပေးခြင်းဖြစ်သည်ဟု သိရသည်။
KNU မှ ခွဲထွက်သွားသည့် အဖွဲ့တခုဖြစ်သော KNU/KNLA ငြိမ်းချမ်းရေး ကောင်စီသည် ဖေဖော်ဝါရီလဆန်းပိုင်းက အစိုးရနှင့် ဆွေးနွေးမှု ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ပြီး ဆွေးနွေးခဲ့ကြသေးသည်။
အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သော ၁၆ ဦးပါ KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ကြာသပတေးနေ့တွင် ဘားအံမြို့၌ ပြည်နယ်အဆင့်၊ သောကြာနေ့တွင် ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေး ကော်မတီနှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးကြမည်ဟု သိရသည်။
“ဆွေးနွေးမယ့် အဓိကအချက်က အပစ်ခတ်ရပ်စဲရေး ပိုပြီးတော့ ပိုခိုင်မာလာအောင်ပါပဲ။ အပစ်ခတ်ရပ်စဲရေးက အခုဟာက ဘာမှ သတ်မှတ်ချက်မရှိဘူး။ အပစ်ရပ်ကြ ဒါပဲရှိတယ်။ နောက်ပိုင်း အစိုးရတပ်တွေက ရိက္ခာပို့တာတွေ၊ တိုက်ပွဲက တနေရာ၊ နှစ်နေရာ ပြန်ဖြစ်တာတွေ၊ ရှိနေတယ်လေ။ အခု ဒါကြောင့် အပစ်ခတ်ရပ်စဲရေး ခိုင်မာအောင် နှစ်ဘက်လိုက်နာရမယ့် စည်းကမ်းတွေ ဆွေးနွေး မှာပေါ့” ဟု ပဒိုဒေးဗစ် သာကပေါက ပြောသည်။
KNU နယ်မြေအတွင်း တပ်စွဲထားသော အစိုးရတပ်များ ရွေ့ပြောင်းပေးရေး၊ နှစ်ဖက်တပ်များ ကူးသန်း သွားလာရန် နယ်မြေ သတ်မှတ်ရေး စသည့် ကိစ္စရပ်များကို တကြိမ်ထက်မက ဆွေးနွေးညှိနှိုင်းရဦးမည်ဟု သူက ဆက်ပြောသည်။
အပစ်အခတ် အမှန်တကယ် ရပ်စဲနိုင်ပါက နယ်မြေ သတ်မှတ်ရေး၊၊ နှစ်ဖက်တိုက်ပွဲများကြောင့် ကရင်ပြည်နယ် အတွင်း နှစ်ကာလများစွာ အိုးအိမ် စွန့်ခွာ ပုန်းရှောင်နေရသည့် ရွာပုန်း၊ ရွာရှောင် ဒုက္ခသည်များ၊ ထိုင်းနိုင်ငံသို့ ထွက်ပြေး နေရသော ဒုက္ခသည်များ ပြန်လည် နေရာချထားရေးတို့ကို ဆွေးနွေးသွားမည်ဟု သိရသည်။
KNU နှင့်ဆက်နွယ်၍ အကျဉ်းကျနေသူများအပါအဝင် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် တောင်းဆိုထားပြီး ဖြစ်ကြောင်း၊ အစိုးရနှင့် ဆွေးနွေးမှုတွင် အများစု စိတ်ဝင်စားနေသော KNU ထိန်းချုပ်နယ်မြေများအတွင်းရှိ ဓာတ်သတ္ထုများ တူးဖေါ်ရေး နှင့် ထားဝယ်ရေနက်ဆိပ်ကမ်း စသည့် ကိစ္စများကို ဆွေးနွေးရန် အစီအစဉ် မရှိသေးကြောင်း ဒေးဗစ်သာကပေါက ပြောသည်။
အပစ်ခတ်ရပ်စဲရေးအတွက် ဇန်နဝါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီး အချက်၁၁ ချက် ပါရှိသော ပဏာမ သဘောတူညီချက် စာချုပ်အား သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
ယခင်လ ၂၄ ရက်နေ့ကလည်း သမ္မတ အမိန့်ဖြင့် အင်းစိန်ထောင်မှ လွတ်မြောက်သွားသည့် KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်အား မဲဆောက်မြို့သို့ သွားရောက် ပို့ဆောင်ခဲ့ကြသည့် မီးရထားဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် KNU ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြသေးသည်။