ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်တဲ့အထိ သူတို့ မစောင့်နိုင်တော့။ ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေ စည်းဝေးတဲ့အထိ သူတို့ မစောင့်နိုင်တော့။ ပိုမိုလုံခြုံစွာ ရင်းနှီးမြှုပ်နှံမှုတွေ အာမခံတဲ့အထိ သူတို့ မစောင့်နိုင်တော့။
အဲဒီအစား ရန်ကုန်မှာ လုပ်တဲ့ပွဲက ဘာတွေရမှာလဲဆိုပြီး ဂနာမငြိမ် တကြွကြွ ဖြစ်နေသူတွေကတော့ ကမ္ဘာတလွှား ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး ကုမ္ပဏီ ကြီးငယ်တွေရဲ့ အမှုဆောင်အရာရှိတွေပါပဲ။
![Business](https://burma.irrawaddy.com/wp-content/uploads/2012/04/Business.jpg)
“Gearing Up for the Emerging Oil and Gas Opportunities” (ပေါ်ထွန်းလာနေသော ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ အခွင့်အလမ်းများအတွက် အရှိန်မြှင့်ခြင်း) လို့ အမည်ရတဲ့ အစည်းအဝေးက စွဲဆောင်မှု အတော်ရှိပါတယ်။ နိုင်ငံ ၂၀ က ဒါဇင်နဲ့ချီတဲ့ ကိုယ်စားလှယ်တွေဟာ ကမ်းလွန်နဲ့ ကုန်းတွင်းလုပ်ကွက် ၃၀ က အလုပ်ဖြစ်နိုင်ချေ ဒါမှမဟုတ် ဒိထက် ဘာပိုရနိုင်မလဲဆိုတာ လက်မလွှတ်ရဖို့ တက်ခဲ့ကြပါတယ်။
“မြန်မာ့ကမ်းလွန်နဲ့ ကုန်းတွင်း ရင်းမြစ်တွေကို ရင်းနှီးမြှုပ်နှံသူတွေ ဘယ်လို ငြင်းထုတ်နိုင်မှာလဲ။ မြန်မာနိုင်ငံတော်သစ်ကို စီးပွားရေးပိတ်ဆို့ထားတာတွေ ဖယ်ပစ်ဖို့ မျှော်လင့်စောင့်ဆိုင်းရင်း တဖက်မှာ အကျိုးအမြတ်ကြီးတဲ့ စီးပွားရေး သဘောတူညီမှုတွေ လုပ်ဖို့၊ ရလာဖို့ နိုင်ငံတကာ ရေနံနဲ့လောင်စာ ကုမ္ပဏီအရာရှိတွေက စီမံပြင်ဆင်နေခဲ့ပါတယ်” လို့ ရန်ကုန်ပွဲကို စီစဉ်တဲ့ စင်ကာပူက Center for Management Technology (CMT) က တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီလို အနေအထားတွေ ဖြစ်လာဖို့ ရန်ကုန်မှာ မတ်လ ၂၇ က ၂၉ အထိ သုံးရက်ကြာ လုပ်ခဲ့တဲ့ပွဲကို မြန်မာ့စွမ်းအင်ဝန်ကြီးဌာနက ဖန်တီးခဲ့တာပါ။ ဂျပန်၊ အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျ၊ ဂျာမဏီ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ တောင်ကိုရီးယား၊ ထိုင်း၊ စင်ကာပူ၊ တရုတ်တို့က ကုမ္ပဏီကိုယ်စားလှယ်တွေကို ဝန်ကြီးဦးသန်းဌေးက “ခင်ဗျားတို့ အခုအချိန်လောက် မြန်မာပြည်လာဖို့၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဆိုင်ရာ အခွင့်အလမ်းတွေ ရှာဖွေဖို့ ကောင်းတာ မရှိဘူး” လို့ ဆိုတယ်။
ကုမ္ပဏီနာမည်တွေ တပ်ပြောရရင် Nippon Oil & Gas Exploration, Total, Mitsui & Co, Chevron, PTT of Thailand, Salamander Energy, CNOOC, Roc Oil, ENI, Perenco Holdings, Shell, Coastal Energy, Mitsubishi Corporation, Japan Oil Gas and Metals National Corporation, Fichtner Gmbh & Co, GS Engineering & Construction, Sumitomo နဲ့ Todd Corporation တို့ ပါပါတယ်။
မြန်မာ့စွမ်းအင်ဝန်ကြီးဌာန စီမံကိန်းရေးဆွဲရေး ညွန်ကြားရေးမှူးချုပ် ဦးထင်အောင်က မြန်မာရေနံသိုက်ဟာ စည်ပေါင်း သန်း ၁၄၀ နီးနီး ရှိပြီး သဘာဝဓာတ်ငွေ့သိုက်ကလည်း ကုဗပေ ၁၁.၄ ထရီလီယံ ထု ရှိတယ်လို့ “အတည်ပြု” နိုင်ကြောင်း ရန်ကုန်ပွဲမှာ ပြောပါတယ်။ ဒါပေမယ့် ခေတ်ပေါ်တိုင်းထွာရေးစနစ်တွေ၊ စဉ်ဆက်မပြတ် လေ့လာရေးတွေနဲ့ နှစ် ၂၀ ဝေးကွာခဲ့ရတဲ့ အနေအထားကို ထောက်ပြပြီး ဒီကိန်းဂဏန်းကို တချို့က သံသယရှိကြပါတယ်။
ဒါ့အပြင် အရင်က ရေနံနဲ့ဓာတ်ငွေ့ကိစ္စဆိုရင် မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (Myanmar Oil and Gas Enterprise – MOGE) နဲ့ သဘောတူညီချက် ယူရတာမို့ အခုလည်း MOGE နဲ့ ဘယ်လိုပတ်သက်မှုရှိမလဲ။ MOGE ဆိုတာ အစိုးရအေဂျင်စီဖြစ်ပေမယ့် စစ်တပ်အကျိုးစီးပွားနဲ့ မရှင်းမရှင်းမို့ အခု ရရှိလာမယ့် အကျိုးအမြတ်တွေ ဘယ်လိုစီမံလို့ ဘယ်သူတွေ ခံစားရမှာလဲဆိုတာ မရှင်းလင်းတာကြောင့် MOGE ကရော ပုံစံပြောင်းမှာလားဆိုတဲ့ မေးခွန်းတွေကလည်း ရှိနေပါသေးတယ်။
ဒေသတွင်း တက်ကြွလှုပ်ရှားသူတွေ ဖွဲ့ထားတဲ့ Oilwatch Southeast Asia ရဲ့ တွက်ချက်မှုတွေအရ မြန်မာနိုင်ငံဟာ တနေ့ကို သဘာဝဓာတ်ငွေ့ ကုဗပေ ၁ ဘီလီယံ ရောင်းနေရပြီး တရုတ်နဲ့ ထိုင်းကို ရောင်းဖို့ ကတိပေးထားတာကို ထည့်တွက်ရင် ၁.၆ ဘီလီယံ ကုဗပေအထိ ရောင်းအားတက်လာမှာ ဖြစ်ပါတယ်။ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်အတွင်း ဓာတ်ငွေ့ရောင်းရငွေ အမေရိကန် ဒေါ်လာ ၃ ဘီလီယံရှိတယ်လို့ Oilwatch က တွက်ပါတယ်။
“ဓာတ်ငွေ့ရောင်းရငွေတွေ ပြီးခဲ့တဲ့ဆယ်စုနှစ်မှာ ခြစားနေတဲ့ စစ်ဘက်ဦးဆောင်မှုကြောင့် အစပျောက်ခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ အဆိုးဆုံး လူမှုညွန်းကိန်းတွေနဲ့ နိုင်ငံကို ပစ်ထားတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုက တိုင်းပြည်စီးပွားရေး စဉ်ဆက်မပြတ် တိုးတက်မှုကိုဖြစ်ဖြစ် လူထုအကျိုးစီးပွားကိုဖြစ်ဖြစ် အထောက်အပံ့ မဖြစ်စေခဲ့ဘူး။ စစ်တပ်က ဆက်ပြီး အုပ်ချုပ်နေသမျှ၊ ဒီမိုကရေစီ မရှိသမျှ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ ပွင့်လင်းမြင်သာလာမှာ မဟုတ်သလို တာဝန်ခံမှုလည်း ရှိလာမှာ မဟုတ်ဘူး” လို့ Oilwatch က ညှိနှိုင်းရေးမှူးချုပ် ကလိမန့် ဘော်တစ်စတာက ပြောပါတယ်။
ဒါပေမယ့် လတ်တလော တိုးတက်ဖြစ်ထွန်းလာတဲ့ ကြားဖြတ်ရွေးကောက်ပွဲလို နိုင်ငံရေးရလဒ်တွေကို အကြောင်းပြုလို့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေက မြန်မာပြည်ဈေးကွက်ကို ပြန်ဝင်ဖို့ ခြေလှမ်းလာကြပြန်ပါပြီ။
တကယ်လို့ ၂၀၁၃ နောက်ပိုင်း အသစ်ရှာပြီး ထွက်လာမယ့် ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေက အကျိုးအမြတ်တွေကို ထိထိရောက်ရောက် အသုံးပြုနိုင်ရင် တိုင်းပြည်စီးပွားပြန်ဦးမော့ပြီး အကျိုးဖြစ်ထွန်းလာနိုင်စရာ ရှိပါတယ်။
တကယ်တမ်းလည်း မြန်မာပြည်က ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေ တိုးချဲ့ဖို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံငွေနဲ့ နည်းပညာတွေ လိုပါတယ်။ အထူးသဖြင့် ကမ်းလွန်တူးဖော်ရေးနဲ့ သယ်ယူပို့ဆောင်ရေး အဆောက်အအုံ ယန္တရားတွေ တည်ဆောက်လည်ပတ်ဖို့ ဆိုတာ ကြီးရင်ကြီးသလောက် ငွေကုန်ကြေးကျများတာမို့ မြန်မာကုမ္ပဏီတွေ နိုင်ငံခြားလုပ်ငန်းရှင်ကို လိုပါတယ်။
အခြေအနေကြည့်ရတာ ကနေဒါ၊ ဩစတြေးလျ၊ ဥရောပ ကုမ္ပဏီတွေ မကြာခင် သွေးတိုးစမ်း မြှုပ်နှံတာတွေ စလုပ်မယ်လို့ ထင်ရပြီး Chevron လို ကုမ္ပဏီကတော့ ရှုပ်ထွေးတဲ့ အမေရိကန် ပိတ်ဆို့ဒဏ်ခတ်ရေး ဥပဒေတွေကြောင့် နောက်ကျကျန်ရစ်ပါလိမ့်မယ်။
ဥရောပသမဂ္ဂအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများ ရုတ်သိမ်းရေးကို ဧပြီ ၂၃ ရက် ဘယ်လဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ကျင်းပမယ့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဆွေးနွေးချမှတ်မှုများ လုပ်ပါလိမ့်မယ်။ ပိတ်ဆို့မှုတွေ အမြန်ရုပ်သိမ်းသွားစေရေး ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး ကုမ္ပဏီကြီးတွေက တိုက်တွန်းနေကြပါတယ်။
(William Boot ၏ Oil Firms Scramble in ‘Klondike’ Black Gold Rush သတင်းပေးပို့ချက်ကို ဆီလျှော်အောင် ဘာသာပြန်သည်)