ကချင်ပြည်နယ်ရှိ ဧရာဝတီ မြစ်ဆုံဒေသတွင် သမ္မတအမိန့်ဖြင့် ဆိုင်းငံ့ထားသည့် မြစ်ဆုံဆည် ရေအားလျှပ်စစ် စီမံကိန်း လုပ် ငန်းများ ပြန်လည်စတင်မည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများနှင့် မြစ်ဆုံအရေး စောင့်ကြည့်သူများက ပြောဆိုကြသည်။
“တရုတ် CPI ကုမ္ပဏီက လူတွေက ရွာတွေထဲမှာ တအိမ်ဝင် တအိမ်ထွက်လိုက်စည်းရုံးတယ်။ ခင်ဗျားတို့က ဒီ ရေကာတာကို ဘာဖြစ်လို့ကန့်ကွက်တာလဲပေါ့။ မြစ်ဆုံရေကာတာ ဆောက်ရင် မင်းတို့ မီးတွေလည်း ရမယ်။ အလုပ်တွေ လည်းရမယ်၊ အဲဒီလို လိုက်ဆွယ်နေတယ်”ဟု ကချင်ပြည်နယ် ဖားကန့်မြို့နယ်က အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ(NDF) ပါတီဝင် ဒေါ်ဘောက်ဂျာက ဧရာဝတီကိုပြောသည်။
တရုတ်နိုင်ငံ သတင်းများတွင်လည်း CPI ကုမ္ပဏီက စီမံကိန်းများ ပြန်လည် စတင်ရန်အတွက် မျှော်လင့်နေကြောင်း ဖော်ပြ သည်ကို သိရကြောင်း၊ ညဘက်တွင် စက်ယန္တရားများ၏ မြေတူးသံများကို ကြားရသည်ကို ဒေသခံများက ပြောကြောင်း၊ စီမံ ကိန်း ဆိုင်းငံ့လိုက်ပြီးနောက် ဒေသခံများက ပြန်လည် အခြေချ နေထိုင်မှုကိုလည်း အာဏာပိုင်များက နှင်ထုတ်ခဲ့ကြောင်း သူက ဆက်ပြောသည်။
ထို့အပြင် စစ်တပ်က မြစ်ဆုံဒေသ အနီးဝန်းကျင်တွင် အပြစ်မဲ့ ပြည်သူတချို့အား အကြောင်းမဲ့ ဝင်ရောက်ပစ်ခတ်၊ ဖမ်းဆီး ခေါ် ဆောင်သွားခြင်းများရှိကြောင်း၊ မကြာခင်က တန်ဖဲရွာအနီးပတ်ဝန်းကျင်က ခရစ်ယာန် ဘုရားကျောင်း တချို့ကို ဖျက်ဆီးခြင်း၊ တရားဟော ဆရာကို ရိုက်နှက်ခြင်းနှင့် သာသနာပြု ခရစ်ယာန် မယ်သီလရှင် တချို့ကိုလည်း ဖမ်းဆီးခေါ် ဆောင်သွားခြင်းတို့ကြောင့် မြစ်ဆုံဒေသခံ ရွာသူ၊ ရွာသာများက ကြောက်ရွံ့မှုများဖြစ်နေကြောင်း သူက ဆိုသည်။
စီမံကိန်းအပြင်ဘက် အေးရှားဝေါလ် ကုမ္ပဏီ၏ လုံခြုံရေး တာဝန်ကျသူများ ကမူ တရုတ်ကုမ္ပဏီက ပြန်စတင်မည်ဆိုသည်မှာ မမှန်ကန်ကြောင်း၊ စီမံကိန်း ပစ္စည်းများ ပြန်လည်သိမ်းဆည်းနေဟု ပြောကြောင်း၊ CPI ကုမ္ပဏီမှ တရုတ်လုံခြံရေး အစောင့်များ ချထားသည့် နေရာသို့သွားခွင့်မရှိ၍ အတိအကျ မသိရကြောင်း အမည်မဖော်လိုသူ တန်ဖဲရွာဒေသခံတဦးက ဧရာဝတီကို ပြော သည်။
မြစ်ဆုံ စီမံကိန်း ပြန်လည်စတင်ရန် တရုတ် ကုမ္ပဏီ က တောင်းဆိုသည့် သတင်းများ ယခုရက်ပိုင်းအတွင်း ဘလော့ အပါအဝင် အင်တာနက် လူမှု ကွန်ရက် စာမျက်နှာများတွင်လည်း ပျံ့နှံ့နေသည်။ ဒီမိုဝေယံ ဘလော့တွင် စီမံကိန်း ပြန်လည် စတင်ရန် ဝန်ထမ်း ၅၀၀ နှင့် ပစ္စည်းများ ကန်ပိုက်တီးနယ်စပ် က ဖြတ်သန်းရေး အစီအစဉ်ကို ဖော်ပြထားသည်။ သို့သော် ဧရာဝတီက သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။
CPI ဥက္ကဌကလည်း မြန်မာအစိုးရ တာဝန်ရှိသူများကို စီမံကိန်းများ ပြန်လည်စတင်ရန် ၂၀၁၁ ခုနှစ် အောက်တိုဘာ လကုန် ပိုင်းမှ စတင်၍ တိုက်တွန်းမှုများ ပြုလုပ်နေကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။
ပြည်တွင်း စာစောင်များတွင်လည်း တရုတ်နိုင်ငံ China Daily သတင်းစာပါ CPI ကုမ္ပဏီက မြစ်ဆုံဆည်စီမံကိန်း ပြန်လည် လုပ်ခွင့်ရရန် မျှော်လင့်နေသည်ဆိုသည့် သတင်းများ အကျယ်တဝံ့ ဖော်ပြလာနေကြောင်း သဘာ၀ ပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသည့် ရန်ကုန်မြို့က စာရေးဆရာမ ဒေါ်ဒေဝီသန့်စင်က ဧရာဝတီကို ပြောသည်။
“ဧရာဝတီဟာ တရုတ်နဲ့ ဆောက်မှ မဟုတ်ဘူး။ မြစ်ဆုံကိစ္စဟာ။ ဘယ်နိုင်ငံနဲ့ပဲ ဖြစ်ဖြစ်၊ ဥပမာ ရုရှားနဲ့ဖြစ်ဖြစ်၊ ဂျပန် ပဲဖြစ်ဖြစ်၊ အမေရိကန်ပဲဖြစ်ဖြစ်ပေါ့။ လာဆောက်မယ်။ မြန်မာပြည်ကြီးကို၂၄ နာရီ မီးလင်းအောင် လုပ်ပေးမယ်။ ဒီအပြင် သူတို့က ပြန် မယူဘူးဆိုတာတောင်မှ လက်ခံဖို့ မသင့်ဘူးလို့ ထင်တယ်”ဟု ၎င်းက ဆိုသည်။
သဘာ၀ ပတ်ဝန်းကျင်အရေး ဦးဆောင်သူ တဦးဖြစ်သည့် ဦးအုန်းကလည်း မြစ်ဆုံ စီမံကိန်းအပါအဝင် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မည့် ကိစ္စမှန်သမျှကို ဆန့်ကျင် ကန့်ကွက်သွားမည် ဖြစ်ကြောင်း၊ အစိုးရကို အတိုက်အခံ လုပ်နေခြင်း မဟုတ်ကြောင်း၊ လုပ်သင့်တာ လုပ်ရန် ပြောဆိုထောက်ပြခြင်းသာဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
“ကျနော်တို့ကတော့ မြစ်ဆုံ စီမံကိန်းကို မလုပ်ဖို့၊ ရပ်ဖို့ အစွမ်းကုန် ကျနော်တို့ ကြိုးစားတယ်။ ကြိုးစားပြီးတော့ နိုင်ငံ တော် အစိုးရကိုလည်း ကျနော်တို့က လိုအပ်သလို တောင်းဆိုမှာပေါ့”ဟု သူက ဆိုသည်။
မကြာမီက ကျင်းပခဲ့သည့် မြစ်ဆုံ ၆ လပြည့် ဆွေးနွေးပွဲသို့ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ် တဦးလည်းဖြစ်ပြီး အစိုးရ၏ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ အတွင်းရေးမှူးလည်း ဖြစ်သည့် ဦးသိန်းလွင်က သဘာ၀ ပတ်ဝန်း ကျင်ဆိုင်ရာ ထိမ်းသိမ်းရေး အချက်အလက်များကို သက်ဆိုင်ရာကို ဆက်လက်တင်ပြပေးမည်ဟု ပြောခဲ့သည်ဟုလည်းဦးအုန်း က ဆိုသည်။
ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော် မြို့နယ်အစရှိသည့် မြစ်ဆုံဒေသတွင် တရုတ်အစိုးရပိုင် China Power Industry (CPI) က အမေရိကန် ဒေါ်လာ သန်းပေါင်း ၃၆၀၀ ခန့် ရင်းနှီးမြုပ်နှံပြီး အေးရှားဝါးလ် ကုမ္ပဏီက ဆောက်လုပ်ရေး တာဝန်ယူ တည် ဆောက်သည့် ရေအားလျှပ်စစ်အတွက် ဆည် ၈ ဆည် စီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ရပ်ဆိုင်း ထား မည် ဖြစ်ကြောင်း သမ္မတ အမိန့်ဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။