ကြားဖြတ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိပြီးနောက် ထိုရက်အတွင်းထွက်ရှိသည့် သတင်းဂျာနယ် အများစုက ရွေးကောက်ပွဲ နောက်ဆုံးရ သတင်းများကို စာပေစိစစ်ရေးသို့ မတင်ဘဲ ထုတ်ဝေခဲ့ကြပြီး ဂျာနယ်များအားလုံး ဝယ်လိုအား မြင့်တက်ခဲ့ကြောင်း သိရသည်။

“ရွေးကောက်ပွဲသတင်းပါတဲ့ သတင်းဂျာနယ်တွေအားလုံး တအားရောင်းရတယ်။ ဂျာနယ်တွေအားလုံးပဲ အရင်စောင်ရေထက် သုံးဆနီးပါးအထိ ပိုပြီးရောင်းရတယ်။ ဥပမာ စောင်ရေ ငါးထောင်ရှိတဲ့ ဂျာနယ်က စောင်ရေ တသောင်းကျော်အထိ ရောင်းရတယ်။ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနဲ့ ရွေးကောက်ပွဲသတင်းပါတဲ့ ဂျာနယ်တိုင်း ရောင်းရတယ်” ဟု ရန်ကုန်မြို့ရှိ ဂျာနယ်လက်လီလက်ကား ဖြန့်ချိရေး ကိုယ်စားလှယ်ကြီးတဦးက ပြောသည်။
စောင်ရေ မကျန်တော့သည်အထိ ရောင်းကုန်သွားသည့် ဂျာနယ်တွေထဲတွင် ပြည်သူ့ခေတ်၊ Weekly Eleven, News Week, ရန်ကုန်တိုင်းမ်၊ Venus, Open, မြန်မာပို့စ် စသည့်ဂျာနယ်များ ပါဝင်ကြောင်း သိရသည်။
သတင်းဂျာနယ်အများစုသည် ဧပြီလ ၁ ရက်နေ့ ရွေးကောက်ပွဲရလဒ်များနှင့် သတင်းများကို စာပေစိစစ်ရေးသို့ တင်ပြမနေတော့ဘဲ အထူးသတင်း ပေးပို့ချက်များအဖြစ် ဖော်ပြခဲ့ကြကြောင်း၊ အထူးသဖြင့် ပြည်သူအများစုသည် NLD မဲဆန္ဒနယ်များတွင် အနိုင်ရသည့်သတင်းကို အထူးစိတ်ဝင်စားကြကြောင်း သိရှိရသည်။
“NLD ဘယ်နှစ်နေရာ နိုင်သလဲ၊ ဘယ်လောက် မဲအသာရသလဲ၊ လူတွေဘယ်လို အောင်ပွဲခံကြသလဲ။ ဒါတွေကို အတော်စိတ်ဝင်စားတယ်” ဟု ပြည်တွင်းသတင်းထောက်တဦးက ဆိုသည်။
ရန်ကုန်အပါအဝင် နယ်ဒေသများတွင် ဂျာနယ်ဝယ်လိုအား မြင့်တက်ခဲ့ရာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့် လစ်လပ်မဲဆန္ဒနယ် ဒေသများတွင် ပိုရောင်းကောင်းကြောင်း ဂျာနယ်ဖြန့်ချိရေးများ၏ အဆိုအရ သိရှိရသည်။
“မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ မကွေးလို နေရာတွေက ဂျာနယ်အမှာကလည်း အရမ်းတက်တယ်။ ရန်ကုန်မှာဆိုရင်လည်း မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ လှည်းကူးလို ကြားဖြတ်ရွေးကောက်ပွဲကျင်းပတဲ့ နေရာတွေမှာ တခြားမြို့နယ်တွေထက် ဂျာနယ်ပိုရောင်းရတယ်” ဟု ဆင်တောင်ကြီးစာပေမှ ဖြန့်ချိရေး ဝန်ထမ်းတဦးက ဆိုသည်။
စာပေစိစစ်ရေးမတင်ဘဲ အစောဆုံး ထွက်ရှိကြသည့် သတင်းဂျာနယ်များကို စာပေစိစစ်ရေးက ခေါ်ယူ သတိပေးခြင်းမျိုး ပြုလုပ်ခြင်း မရှိသော်လည်း ထွက်ရက် နောက်ကျသည့် ဂျာနယ်များ၌ ဆန္ဒမဲလက်မှတ်တွင် ဖယောင်းသုတ်သည်ဆိုသော သတင်းများ ထည့်သွင်းခြင်းမပြုရန် အကြောင်းကြားခဲ့သည်ဟု သိရှိရသည်။
“ရွေးကောက်ပွဲအပြီး တနင်္လာ၊ အင်္ဂါထွက်သွားတဲ့ ဂျာနယ်အချို့မှာ မဲလက်မှတ် ဖယောင်းသုတ်တဲ့သတင်း ပါတယ်။ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့နဲ့ နောက်ပိုင်း ထွက်မယ့် ဂျာနယ်တွေကိုတော့ မဲလက်မှတ် ဖယောင်းသုတ်တဲ့ သတင်းမျိုး မထည့်ဖို့ လှမ်းပြောတယ်” ဟု သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာတဦးက ပြောသည်။
NLD သည် ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ် ၄၅ ခုတွင် ၄၃ ခု အနိုင်ရရှိခဲ့ပြီး ကျားဖြူပါတီက ၁ နေရာနှင့် ကြံ့ခိုင်ရေးပါတီက ၁ နေရာ စီ အနိုင်ရရှိခဲ့သည်။