အမေရိကန်က မြန်မာနိုင်ငံ အပေါ် စီးပွားရေး ဒဏ်ခတ် အရေးယူထား သည်များထဲမှ ရင်းနှီးမြုပ်နံှမှုနှင့် ဘဏ္ဍာရေး ဆိုင်ရာ ကန့်သတ်ချက်များ အပါအဝင် တချို့ပိတ်ဆို့မှုများကိုတဆင့်ချင်းအလိုက် စတင်ဖြေလျှော့မည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က ယမန်နေ့က ကြေညာလိုက်သည်။

မစ္စ ကလင်တန်၏ အထူး ကြေညာချက်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် စီးပွားရေး ခေတ်မီတိုးတက်မှုတို့ကို အရှိန်ရလာစေရေးအတွက် အမေရိကန်က တားမြစ်ပိတ်ပင်ထားသည်တို့ကို တခုချင်းစီအပေါ်မူတည်ပြီး ဖြေလျှော့ရုပ်သိမ်းခြင်းဖြစ်ကြောင်း ဆိုထားသည်။
မြန်မာအစိုးရသစ် ကျင်းပပေးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်စဉ်နှင့် ရလဒ်ကို အသိအမှတ်ပြုသည့်အနေဖြင့် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံတွင် သံအမတ်အဆင့် ပြန်လည်ထားရှိရေး အပါအဝင် မြန်မာအစိုးရ ထိပ်တန်း အရာရှိများ၊ လွှတ် တော် ကိုယ်စားလှယ်များကို အမေရိကန်သို့ လာရောက်ခွင့်ပြုသည့် အချက်များလည်း ပါဝင်ကြောင်း မစ္စ ဟီလာရီက ကြေညာသည်။
ထို့အပြင် အမေရိကန် အစိုးရက ငွေကြေး ထောက်ပံ့ကူညီပေးထားသည့် USAID ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံတွင် ထားရှိကူညီရေးနှင့် မြန်မာကို အကူအညီပေးရေးအတွက် ကုလသမဂ္ဂ ဖံွ့ဖြိုးရေး အစီအစဉ်(UNDP)ကို အမေရိကန်က ထောက်ပံ့ ကူညီပေးရေး၊ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီဖော်ဆောင်ရေး အခြေခံများနှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကူညီပေးသည့် အမေရိကန်နိုင်ငံတွင်းရှိ အစိုးရ မဟုတ်သော NGO များကိုလည်း အမေရိကန် အစိုးရက ထောက်ပံ့ကူညီရေးများလည်း ပါဝင်ကြောင်း မစ္စ ကလင်တန်က ဆိုသည်။
မြန်မာအစိုးရသစ်၏ ဒီမိုကရေစီ ဖော်ဆောင်မှု ခြေတလှမ်းစီအပေါ်မူတည်ပြီး အမေရိကန် အနေဖြင့် တူညီသည့် တုံ့ပြန်မှုများကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း မစ္စ ကလင်တန်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
“ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းပေါ် လျှောက်လှမ်းနေကြတဲ့ မြန်မာအစိုးရနဲ့ နိုင်ငံသားတွေဘက်က ဆက်လက် ရပ်တည်ဖို့ အမေရိကန်ပြည်ထောင်စုက အခိုင်အမာ ဆုံးဖြတ်ထားပါတယ်”ဟု မစ္စ ကလင်တန်က ဆိုသည်။
မြန်မာအပေါ် တားဆီးပိတ်ဆို့မှုတချို့ ယခုကဲ့သို့ ဖြေလျှော့ပေးလိုက်သော်လည်း လူတဦးချင်းစီအပေါ် ပစ်မှတ်ထား ပိတ်ဆို့ထားမှုနှင့် အဖွဲ့အစည်းဆိုင်ရာအပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတို့သည် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေး တိုးတက်မှုကို အနီးကပ် စောင့်ကြည့်နေမည်ဖြစ်ကြောင်းလည်း မစ္စ ကလင်တန် က ပြောဆိုသည်။
အမေရိကန်က မြန်မာနိုင်ငံကို လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဒီမိုကရေစီဖော်ဆောင်ရေး ပျက်ကွက်မှုများကြောင့် သမ္မတ ကလင်တန် လက်ထက် ၁၉၉၇ ခုနှစ် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှု ဥပဒေ၊ ဒီပဲယင်း လုပ်ကြံမှုအပြီး သမ္မတ ဘုရှ် လက်ထက် ပြ ဌာန်းခဲ့သည့် မြန်မာပြည် လွတ်လပ်ရေးနှင့် ဒီမိုကရေစီ ဥပဒေ (Burma Freedom and Democracy Act 2003)၊ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို အကြမ်းဖက် ဖြိုခွဲပြီးနောက် ပြဌာန်းခဲ့သော ကျောက်မျက်ရာတနာ ရောင်းဝယ်မှု ကန့်သက်ချက် ဥပဒေ (JADE Act of 2008) စသည်တို့သည် ကွန်ဂရက်လွှတ်တော်က ဥပဒေဖြင့် တားမြစ် အရေးယူထားသည်များဖြစ်သည်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေမှုနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခြင်း၊ အဆိုပါ ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း NLD က အနိုင်ရရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်အရေးယူ ထားသည့် နိုင်ငံများက အရေးယူမှု တချို့ကို ဖြေလျှော့ ရုပ်သိမ်းရန် ပြောဆိုလာခြင်းဖြစ်သည်။
မြန်မာနိုင်ငံအကျဉ်းထောင်များထဲရှိ ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေး ရေး နှင့် တနိုင်ငံလုံးအတိုင်းအတာနှင့် အပစ်အခတ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ဆက်လက်ဖော်ဆောင်ရန်လည်း မစ္စ ကလင်တန် က ကြေညာချက်၌ တိုက်တွန်းထားသည်။
အလားတူ ဥရောပ သမဂ္ဂအနေဖြင့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတချို့ကို ဖြေလျှော့ ရုပ်သိမ်းမည်ဖြစ်သော်လည်း ကျန်ရှိ နိုင်ငံ ရေး အကျဉ်းသားများ ပြန်လွှတ်ရေး ဆက်လက် ဖိအားပေး ပြောဆိုသွားမည်ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟိတ်ဂ် ကလည်း ယမန်နေ့က ပြောဆိုသည်။
ဗြိတိန်နှင့်တချို့သော စကင်ဒီနေးဗီးယားနိုင်ငံများက ပြုပြင်ပြောင်းလဲမှုကို အသိအမှတ်ပြုပြီး ဒဏ်ခတ်မှုတချို့ကို ရုပ်သိမ်းပေး လိုသော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေဆဲ မြန်မာနိုင်ငံအပေါ် စစ်လက်နက်ပစ္စည်းရောင်းချမှု ပိတ်ပင်ရေးနှင့် တဦး ချင်းအပေါ် ပစ်မှတ်ထား စီးပွားရေးဒဏ်ခတ်အရေးယူမှုမျိုးကို ဆက်လက်ထားရှိရန် လိုလားကြောင်း သတင်းများက ဆိုသည်။
သို့သော် ဥရောပ သမဂ္ဂအဖွဲ့ဝင် ဂျာမနီ၊ ပြင်သစ် စသည့် နိုင်ငံတချို့ကမှု ပိတ်ဆို့မှုများကို အမြန်ဆုံး ရုပ်သိမ်းပေးလို ကြောင်းလည်း သတင်းများတွင် ပါရှိသည်။
လာမည့် ဧပြီလ၂၃ ရက်နေ့တွင် ဘယ်ဂျီယံ နိုင်ငံ ဘရပ်ဆဲမြို့တွင် ဥရောပ သမဂ္ဂ ကော်မရှင်က မြန်မာအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးအတွက် ဆွေးနွေးကြမည်ဖြစ်ကြောင်း ဆိုသည်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် မြို့တော်တွင် လတ်တလော ကျင်းပနေသည့် အကြိမ်၂၀ မြောက် အာဆီယံ ထိပ်သီးညီလာခံတွင် လည်း မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကို သက်ဆိုင်ရာ နိုင်ငံများက ရုပ်သိမ်းပေးရန် အာဆီယံ နိုင်ငံ ခေါင်း ဆောင်များက တညီတညွတ်တည်း တောင်းဆိုကြသည်။
နော်ဝေနိုင်ငံက ပိတ်ဆို့ အရေးယူမှုကို ပထမဆုံး ရုပ်သိမ်းလိုက်ပြီးနောက် သြစတြေးလျ၊ ကနေဒါ အစရှိသည့် နိုင်ငံများ က လည်း မြန်မာအပေါ် ချမှတ်အရေးယူထားသည်များကို ဖြေလျှော့ ရုပ်သိမ်းကြမည်ဖြစ်ကြောင်း ပြောဆိုထားသည်။