ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မဲအပြတ်သတ် အနိုင်ရရှိပြီးနောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ)အတွက် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကြီးမားသည့် စိန်ခေါ်မှုဖြစ်လာနိုင်ဖွယ် ရှိသဖြင့် ကြံ့ခိုင်ရေးပါတီ ပြုပြင်ပြောင်းလဲရေးများကို ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဧရာဝတီသို့ ပြောသည်။
နေပြည်တော်တွင် ယမန်နေ့က ပြုလုပ်ခဲ့သော ကြံ့ခိုင်ရေးပါတီ အစည်းအဝေးတွင် ပါတီ ဗဟိုအလုပ်မှုဆောင် အများစု တက်ရောက်ခဲ့ကြကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်မှုနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်သကဲ့သို့ ပါတီ ရှေ့ဆက်မည့် အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
“လက်ရှိ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ ကျနော်တို့ အားလုံးပဲ သဘောတူပါတယ်။ နောက်တခုကတော့ ရွေးကောက်ပွဲနဲ့ ပက်သတ်ပြီး ကျနော်တို့ ပါတီရဲ့ အားနည်းချက် အားသာချက်များကိုလည်း ဖော်ထုတ်ပြီးတော့ ဆောင်ရွက်ကြမယ်ဆိုတာကိုလည်း ဆွေးနွေးကြပါတယ်” ဟု ဦးဌေးဦး က ဧရာဝတီသို့ ပြောသည်။
ကြံ့ခိုင်ရေးပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရရှိမည်ဟု မူလက မျှော်လင့်ခဲ့သော်လည်း ဝင်ရောက် ရွေးချယ်ခံခဲ့သည့် မဲဆန္ဒနယ်မြေ ၄၅ နေရာအနက် NLD ယှဉ်ပြိုင်ခွင့် မရသည့် တနေရာ၌သာ အနိုင်ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီက ၄၃ နေရာ အနိုင်ရရှိခဲ့သည်။
ကြံ့ခိုင်ရေးပါတီသည် ၁၉၉၃ ခုနှစ်မှစ၍ ၁၇ နှစ်ကြာ လူမှုရေးအသင်းအမည်ခံကာ စစ်အစိုးရက ထူထောင်ပေးခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီတွင် ပါတီအဖြစ်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ စစ်တပ်မှ ကျောထောက်နောက်ခံ ပြုထားသော ပါတီဖြစ်သောကြောင့် စစ်တပ်နှင့် နီးစပ်သည့် စီးပွားရေးသမားများ၏ မျက်နှာသာပေး ထောက်ပံ့မှုကိုလည်း ရရှိခဲ့ကြောင်း ပါတီနှင့် နီးစပ်သူများကဆိုသည်။
ယခု ကြားဖြတ်ရွေးကောက်ပွဲတွင် အကြီးအကျယ် ရှုံးနိမ့်ခဲ့ရမှုကြောင့် ပါတီကို ထောက်ခံအားပေးခဲ့ကြသူများ စိတ်ပျက်လက်ပျက် ဖြစ်ကြကြောင်း သိရှိရသည်။
“ကျနော်တို့ တော်တော်စိတ်ဓာတ် ကျသွားပါတယ်” ဟု လွှတ်တော်အတွင်းမှ စစ်တပ်ကိုယ်စားလှယ်တဦးက Reuters သတင်းဌာနကို ပြောကြားခဲ့သည်။
NLD က အပြတ်အသတ် အနိုင်ရခြင်းအပေါ် ဦးဌေးဦး၏ အမြင်ကို ဧရာဝတီက မေးမြန်းခဲ့ရာ ၎င်းက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့မှာ လူထုအကျိုး လုပ်ဆောင်မှု မတွေ့ရှိရသေးသဖြင့် လတ်တလော အခြေအနေကို သုံးသပ်ရန် ခက်ခဲနေသေးကြောင်း ဖြေကြားသည်။
သို့သော် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆက်နွယ်၍ လူသိများခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကျော်ကြားမှု၊ နိုင်ငံတကာအသိုင်းဝိုင်း၏ ထောက်ခံမှု၊ တပြည်လုံး စည်းရုံးလှုံ့ဆော်မှု အားကောင်းခြင်းတို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD က တဖက်သတ် အနိုင်ရရှိသွားခြင်းဖြစ်သည်ဟု ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များက သုံးသပ်ကြကြောင်း သိရှိရသည်။
NLD ပါတီ အနိုင်ရရှိမှုကို ကြံ့ခိုင်ရေးပါတီက ကြိုဆိုသွားမည်ဖြစ်ပြီး လွှတ်တော်တွင်းသာမက လွှတ်တော်ပြင်ပတွင်လည်း ပူးတွဲလုပ်ဆောင်ရန် လိုအပ်သည့်ကိစ္စရပ်များ ပေါ်ပေါက်လာပါက တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ဦးဌေးဦးက ပြောသည်။
၂ဝဝ၃ ခုနှစ် မေလ ၂၇ ရက်နေ့တွင် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ စစ်ကိုင်းတိုင်း ဒီပဲယင်းအရပ်၌ တိုက်ခိုက်ခံရပြီး လူ ၇၀ ကျော်သေဆုံးခဲ့သည့် လုပ်ကြံမှုကြီးတွင် အဓိက လက်သည်အဖြစ် ကြံ့ခိုင်ရေးအသင်းက နာမည်ထွက်ခဲ့သော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ ပတ်သက်မှုမရှိဟု ဦးဌေးဦးက ငြင်းဆိုသွားသည်။
ထို့အတူ လူထုဆန္ဒပြမှုများကို နှိမ်နင်းရာတွင် ပါဝင်ခဲ့သည့် စွမ်းအားရှင်အဖွဲ့နှင့်လည်း ပတ်သက်မှုမရှိကြောင်း မကြာသေးမီက ဧရာဝတီနှင့်ဆက်သွယ်မေးမြန်းခန်းတွင် ဖြေဆိုခဲ့သည်။
ပါတီ၏ အားနည်းချက်၊ အားသာချက်များကို ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ရာတွင် အလွယ်တကူ ဆောင်ရွက်ခြင်းများ ရှိသကဲ့သို့ ခက်ခဲမှုများလည်း ရှိကြောင်း၊ ထို့ကြောင့် ပါတီတာဝန်ရှိသူများအနေဖြင့် ပါတီမူဝါဒလမ်းစဉ်ကို လူထုသိရှိစေရန် ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်သွားရန် လိုအပ်ကြောင်းလည်း ဦးဌေးဦးက ပြောသည်။