ကြားဖြတ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် လူထုဆက်ဆံရေး အပိုင်းတွင် ပြုပြုင်ပြောင်းလဲမှု အများအပြားပြုလုပ်ရန် လိုအပ်ကြောင်း ပါတီခေါင်းဆောင် တဦးဖြစ်သူ ဦးစိုးဝင်းက ပြောဆိုလိုက်သည်။
“လူထုနဲ့ ဆက်ဆံရာမှာတော့ လိုသေးတာအမှန်ပဲ။ ဒီပုံနဲ့ ရေရှည်သွားလို့ မဖြစ်နိုင်ဘူး၊ ကျင့်ဝတ်နားလည်ဖို့၊ ယဉ်ကျေးဖော်ရွေဖို့၊ တဦးနဲ့တဦးလေးစားဖို့ကို သင်တန်းပေးရမယ်” ဟု ၎င်းက ဆိုသည်။
ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း ပြည်သူနှင့် ဆက်ဆံရေး၊ မီဒီယာများနှင့် ဆက်ဆံရေးကို အလေးထားရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခြင်းသည် ဒေါ်အောင်ဆန်းစုကြည်အား လူထုလေးစားကြည်ညိုမှု၊ ပြည်တွင်း ပြည်ပမီဒီယာများ၏ ပံပိုးကူညီမှုကြောင့် ဖြစ်သည်ကို နားလည်ရန်လိုအပ်ကြောင်း ဦးစိုးဝင်းက ဆက်လက် ပြောသည်။
ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များအတွင်း ပါတီဝင်တချို့နှင့် ပြည်တွင်းမီဒီယာများ အကြား ဆက်ဆံရေး မပြေလည်မှုများ ဖြစ်ပွားခဲ့ရာ Facebook လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ပြောဆိုမှုများရှိခဲ့သည်။
ယခု ရွေးကောက်ပွဲရလဒ်ကို ကြည့်ပြီး လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရမည်ဟု မမျှော်လင့်သင့်ကြောင်း၊ အနိုင်ရရေးအတွက်ဆိုလျှင် ပါတီအတွင်း စိတ်ဓာတ်ရေးရာပိုင်းမှ အစပြုကာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ဦးစိုးဝင်းက ဆိုသည်။
“အခုလို ထောက်ခံမှုကိုကြည့်၊ ဘဝင်မြင့် အောက်ခြေလွတ်နေရင်တော့ နိုင်မှာမဟုတ်ဘူး။ စိတ်ဓာတ်ပြုပြင်ရမယ်၊ ပါတီတွင်းပြုပြင်ရမယ်။ ပြုပြင်စရာတွေ အများကြီးပဲရှိတယ်” ၎င်းက ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲ၌ NLD ပါတီအနိုင်ရခဲ့ခြင်းမှာ အာဏာရ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ၏ စည်းရုံးရေးကာလ မတရားပြုလုပ်မှုများကြောင့် ပြည်သူများ၏ စာနာမှုကို ရရှိ၍လည်း ဖြစ်ကြောင်း ဆက်လက်သုံးသပ်သည်။
ပြီးခဲ့သည့်ရွေးကောက်ပွဲ အကြိုကာလတွင် NLD ပါတီအနေဖြင့် မန္တလေးမြို့ အားကစားကွင်းတွင် ပြုလုပ်ခွင့်မပြုခြင်း၊ စစ်ကိုင်းမြို့၌လည်း သဲသောင်ပြင်တွင်သာ ပြုလုပ်ရခြင်း၊ မော်လမြိုင်မြို့တွင်လည်း တောင်းဆိုသည့်နေရာတွင် ပြုလုပ်ခွင့်မရဘဲ မြို့ပြင် ကျေးရွာတွင် ပြုလုပ်ရခြင်း၊ မြိတ်ကျွန်းစုသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရာတွင် ရှပ်ပြေးယာဉ် မငှားနိုင်စေရန် တားမြစ်ခြင်းများကို အာဏာပိုင်များက ပြုလုပ်ခဲ့သည်။
ဦးစိုးဝင်းသည် ၁၉၈၉ ခုနှစ် NLD ပါတီ တည်ထောင်စဉ်ကတည်းက ပါဝင်ခဲ့သူတဦးဖြစ်သည်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် ပဲခူးမြို့မဲဆန္ဒနယ် အမှတ် (၂) မှ အရွေးချယ်ခံခဲ့ရသူဖြစ်ပြီး စစ်အစိုးရလက်ထက်တွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ နောက်ပိုင်း NLD ပါတီ ပြန်လည် ထူထောင်ရာတွင်လည်း ပါဝင်ခဲ့သူဖြစ်သည်။