ရက်ပေါင်းအတန်ကြာ ပလူပျံနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲ သတင်းတွေနဲ့အတူ အင်တာနက်မှာ တွေ့ခဲ့ရတာကတော့ သရုပ်ဆောင်အကယ်ဒမီ ထက်ထက်မိုးဦးအမှုကို စီရင်ချက်ချတဲ့ သတင်းပါပဲ။
ဟိုတယ်ကြီးတခုရဲ့ အပြင်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီအမှုကို စီရင်ချက်ချဖို့ တရားရုံးက ၂ နှစ်နီးပါး ကြာအောင် အချိန်ယူခဲ့ရတာပါ။ ဒီကာလအတွင်း ထက်ထက်မိုးဦးရော၊ အရိုက်ခံရသူ မအေးသူစံရော ရင်သွေး တဦးစီ ထွန်းကားခဲ့ပါတယ်။
ချမှတ်လိုက်တဲ့ စီရင်ချက်ကတော့ ဆံပင်ဆွဲ ရိုက်နှက်သူ ထက်ထက်မိုးဦး အပြစ်ရှိတဲ့အတွက် “ငွေဒဏ် တထောင်ကျပ်” ကျခံစေ တဲ့။ ငွေမဆောင်နိုင်ရင် ထောင်ဒဏ် တလကျ ဆိုတော့ မင်းသမီးက ငွေဒဏ် ပေးဆောင်ပြီး တရားရုံးထဲကနေ ပျော်ရွှင်စွာ ထွက်ခွာသွားတယ်လို့ ဆိုတယ်။
ဒီစီရင်ချက်အပေါ် လူအများက အထူး စိတ်ဝင်တစား ပြောဆိုနေကြတာပါ။ မြန်မာကျပ်ငွေ တထောင် အကုန်ခံနိုင်ရင် ကိုယ်မကျေနပ်သူကို ဆံပင်ဆွဲပြီး ပါးရိုက်လို့ရနိုင်ပါပြီ ဆိုပြီး မစပ်စုတို့ မြန်မာနိုင်ငံမှာ ဥပဒေတခုများ ထပ်တိုးလာလေသလား ဆိုတဲ့ အတွေးတွေနဲ့ပေါ့။
မစပ်စုတို့ မြန်မာနိုင်ငံကလည်း ဘယ်နိုင်ငံနဲ့မှမတူ ထူးခြားတဲ့ စီရင်ချက် သတ်မှတ်ချက်တွေနဲ့ အုပ်ချုပ်နေတာ ဆိုတော့လည်း ဒီလိုမျိုးတွေးမိကြတာ အဆန်း မဟုတ်ပါဘူး။
စီရင်ချက်အပေါ် ပြည်တွင်း သတင်းထောက်လောကအကြား မကျေနပ်သံတွေကတော့ ညံခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့သမီး စိန်စီသောည မင်္ဂလာပွဲ့နဲ့ ဆက်စပ်တယ်လို့ လူပြောများတဲ့ ငါးလောင်းပြိုင်လူသတ်မှု၊ ဒါရိုက်တာ တယောက်ကို ကားနဲ့ တရွတ်တိုက်ဆွဲပြီး သတ်ခဲ့တဲ့အမှု၊ ပဲခူးမှာ စစ်ဗိုလ်တဦးက ရပ်ကွက်ထဲဝင်ပြီး သေနတ်နဲ့ ဝင်ပစ်မှု ဒီလို ဒီလို လူသိရှင်ကြားအမှုတွေတောင် ဘာမှန်းမသိ ကြက်ပျောက်ငှက်ပျောက် ပျောက်နေသေးတယ် ဆိုတော့ အခုလို အမှုလောက်ကတော့ ဘာဆန်းမလဲလို့ ပြောဆိုနေကြတာပါ။
နိုင်ငံတနိုင်ငံရဲ့ အဓိက မဏ္ဍိုင်ကြီးတွေထဲက တခုအပါအဝင်ဖြစ်တဲ့ တရားစီရင်ရေးမဏ္ဍိုင်ကြီးကတော့ စစ်အာဏာရှင်လက်ထက်ကတည်းက ယိုယွင်း ပျက်စီးလာခဲ့တယ်လို့ ဆိုရမှာပါ။ အာဏာပါဝါရှိသူ၊ လူဂုဏ်တန် အသိုင်းအဝိုင်းများကသာ တရားစီရင်ရေးမှာ အသာစီးရ အောင်နိုင်နေကြတယ် ဆိုရမှာပါ။
လတ်တလောမှာလည်း ပဲခူးက တရားသူကြီး တဦးရဲ့ဇနီးသည်က အသက် ၁၅ နှစ်အရွယ် အိမ်ဖော် အလုပ်သမားရဲ့ လည်ပင်း၊ ရင်ဘတ်တို့ကို မီးပူနဲ့ ထိုးကပ်တယ် ဆိုတဲ့ သတင်းတပုဒ် ဖေ့စ်ဘုတ်မှာ ဆူညံနေပါပြီ။
သရုပ်ဆောင် ထက်ထက်မိုးဦးအမှုကတော့ ဒဏ်ငွေ တထောင်ကျပ်နဲ့ ပြီးစီး သွားခဲ့ပြီ ဆိုတော့ တရားသူကြီးဇနီးသည်အမှုဆိုရင် ဒဏ်ငွေ ငါးရာကျပ်နဲ့များ ပြီးသွားလေမလားပါပဲ။
မြန်မာနိုင်ငံမှာ တရားဥပဒေ အမှန်တကယ်စိုးမိုးပြီး တရားစီရင်ရေး မဏ္ဍိုင်ကြီးလည်း တည့်မတ်မှန်ကန်လာပါစေလို့ ဆန္ဒပြုရင်း…..။
မြန်မာပြည်ကလျှပ်စစ်မီး
“လျှပ်စစ်က ကွန်တိန်နာနဲ့ သိမ်းထားလို့မရဘူး။ ကျွန်တော်တို့ နိုင်ငံမှာ အခု မဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲ့ဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့ သဘောအရ ရောင်းစားရမှာပေါ့”
ဒါကတော့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက ၂၀၁၁ ခုနှစ်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ မီဒီယာများနဲ့ တွေ့ဆုံပွဲတခုမှာ ပြောကြားခဲ့တာပါ။
ဟော … ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်လတ်က ပြည်တွင်းမီဒီယာတွေမှာ ပြောဆိုလိုက်ပါပြီ၊ ဒီလ ၂ ရက်နေ့ကစပြီးတော့ ရန်ကုန်မြို့တော်ကို ၄ လတိတိ အလှည့်ကျမီးပေးစနစ်နဲ့ အုပ်စု A,B,C ခွဲပြီး မီးပေးပါတော့မယ် တဲ့။
ဒီလို အတွဲညီတဲ့ အချက်အလက်လေးများ ဖေ့စ်ဘုတ်စာမျက်နှာပေါ်ကို ရောက်လာရင် ဘာများ ပြောကြမလဲ ဆိုတာတော့ မစပ်စု မပြောတော့ပါဘူး။
အလှည့်ကျစနစ်ကို ရန်ကုန်မြို့အတွက်လို့ ဆိုလိုက်ခြင်းဟာ နယ်မြို့တွေရဲ့ အလှည့်ကျ မီးပေးစနစ်က တနှစ်မှာ ၁၂ လလုံးလုံးဖြစ်နေလို့ သီးခြား ပြောနေစရာမလိုတော့ဘူးပေါ့။
ပိုလျှံလို့တောင် ဈေးကွက် သဘောအရ ရောင်းစားနေရပါတယ်ဆိုတဲ့ လျှပ်စစ်တွေကရော..။ ရွာနီးချုပ်စပ်တွေ အနီးအနား ပတ်ဝန်းကျင်မှာ နေထိုင်နေရတဲ့ ရွာတွေ မြို့တွေပါမကျန် ပြောင်းရွှေ့ ပေးနေရတဲ့ ရေအားလျှပ်စစ် စီမံကိန်းကြီးတွေက ထွက်လာတဲ့ လျှပ်စစ်တွေကရော.. ဆိုတဲ့ ဆိုတဲ့ မေးခွန်းတွေလည်း ပလူပျံနေပါပြီ။ ဖြေတဲ့သူတော့ မဆိုထားနဲ့၊ မေးတဲ့သူတွေလည်း မေးရလွန်းလို့ မောနေလောက်ပါပြီ။
လျှပ်စစ်မီးသာ ပုံမမှန်တာ မီတာခကတော့ တက်မြဲတက်ဆဲ၊ ပုံမှန် လာမြဲလာဆဲပါပဲ။ အဲ့ဒီလို လျှပ်စစ်မီး တနေ့ကို ၆ နာရီ ပေးတဲ့ထဲကတောင် ၂ နာရီစာလောက် ပျက်လိုက်ပါသေးတယ်လို့ ဆိုပါတယ်။
“နေ့လည် ၅ နာရီပျက်ပြီး ည ၁၁ နာရီဆို ပြန်လာရမှာတောင် ညကို ၂ နာရီလောက်မှ ပြန်လာတယ်။ ပျက်ချိန်ကျတော့ တိကျတယ်။ ၅ နာရီဆို ၅ နာရီ၊ တိခနဲပျက်တော့တာပဲ” လို့ ရန်ကုန်၊ စမ်းချောင်းမြို့နယ်မှာ နေထိုင်တဲ့ မစန္ဒာက ဧရာဝတီကို ပြောပါတယ်။
မန္တလေးမှာဆိုရင်တော့ လာရမယ့်အချိန်မှာတောင် ၁၅ မိနစ်ခြား တခါ ပျက်နေပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲနေ့မှာ ဖယောင်းတိုင်၊ မှန်အိမ် ထွန်းထားတဲ့ မဲရုံတွေကို တွေခဲ့ကြရမှာပါ။
မီးပျက်လိုက် လာလိုက်ဖြစ်နေတာနဲ့ ပတ်သက်ပြီး ရူပဗေဒ ပါမောက္ခဟောင်း ဆရာကြီး တဦးက “မြန်မာနိုင်ငံမှာ မျောက်တွေ သောင်းကျန်းနေတယ်။ မီးက ပျက်လိုက် လာလိုက်နဲ့ ဓာတ်အား ပေးဝေရေး ခလုတ်ကို မျောက်တွေ လက်ဆော့နေတာလားလို့ မေးရမလိုဖြစ်နေပြီ” လို့ ဆိုပါတယ်။
ရန်ကုန်မြို့မှာ မီးပုံမှန်လာတဲ့အချိန်က မိုးတွင်းတတွင်းထဲလို့ ပြောရမလိုပါပဲ။ နွေရာသီနဲ့ ဆောင်းရာသီ မရှိဘဲ မိုးရာသီ တခုတည်းသာ ရှိပါစေလို့ ဆုတောင်းသူတွေတောင် ရှိနေလောက်ပါပြီ။
ရွေးကောက်ပွဲအပြီး နိုင်ငံတကာက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုကြတယ်၊ ရန်ကုန်မြို့တော် အပါအဝင် မြို့ကြီးတွေမှာ တနှစ်အတွင်း လေးလလောက် လျှပ်စစ်မီး ပြတ်တောက်မှု ရှိမယ်လို့ ဆိုလိုက်ခြင်းဟာ နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်လို့ ရန်ကုန်အခြေစိုက် အလဲဗင်း မီဒီယာက ဆိုလိုက်ပါတယ်။
ကဲ… မစပ်စုတို့ တိုင်းပြည်ကြီးဟာလည်း ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ဦးတည်ပြီးရင်း ဦးတည်နေပါပြီ။ ဒီလို လျှပ်စစ်မီး မပြည့်စုံတဲ့ တိုင်းပြည်တပြည်အဖြစ်နဲ့ ကမ္ဘာ့အလယ်မှာ ဆက်လက် ရပ်တည်သွားဖို့ မဖြစ်သင့်တော့ကြောင်း စဉ်းစားရင်း မြန်မာပြည်ကြီး အမှောင်ခွင်းပြီး အလင်း အမြန်ရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။