ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးအတွက် နှစ်ပေါင်း ၄၀ နီးပါး အစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့သော ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) နှင့် မြန်မာအစိုးရ ပြည်နယ်အဆင့်ငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ်များ စစ်တွေမြို့တွင် နှစ်ရက်ကြာ ဆွေးနွေးပြီးနောက် အပစ်ရပ်ရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ALP ပါတီ၏ ဒုဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ စစ်တွေမြို့တွင် ဗုဒ္ဓဟူးနေ့ကစ၍ နှစ်ရက်ဆက်ဆွေးနွေးခဲ့ကြရာ ယခုလ ဧပြီ ၆ ရက် နေ့မှ စတင်ကာ နှစ်ဖက် အပစ်ရပ်ရေး အပါအဝင် တောင်းဆိုချက် ၅ ချက် သဘောတူ လက်မှတ် ထိုးခဲ့ကြကြောင်း ALP ဒု ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် ကပြောသည်။
“ကျနော်တို့ဘက်က တောင်းဆိုချက် ၁၇ ချက် တင်ပြတယ်။ အခု ပြည်နယ်အဆင့်မှာ ၅ ချက်သဘောတူတယ်။ ကျန်တာတွေ ကတော့ ပြည်ထောင်စုအဆင့်မှာထပ်ဆွေးနွေးရဦးမှာပါ” ဟု ဦးခိုင်စိုးနိုင်အောင် က ဧရာဝတီသို့ ပြောသည်။
ပြည်နယ်အဆင့် ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒုဗိုလ်မှူးကြီးဟောင်း စောခင်စိုး လည်း တက်ရောက်ခဲ့ ကြောင်းသိရသည်။
ပြည်ထောင်စုအဆင့်တွင် ဦးအောင်သောင်း ခေါင်းဆောင်သော အဖွဲ့နှင့် ဆွေးနွေးရမည်ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမည့် နေ့ရက်ကို အန္ဒိယ၊ ထိုင်းနှင့် ဘင်္ဂလားဒေရှ် နယ်စပ်ဒေသများရှိ ALP တပ်ဖွဲ့များနှင့် ကြိုတင်ဆွေးနွေးပြီးမှ ထုတ်ပြန်အကြောင်း ကြား သွားမည်ဖြစ်ကြောင်း ALP ဘက်ကပြောသည်။
ယခုဆွေးနွေးခဲ့သော ပြည်နယ်အဆင့်တွင် ALP ကတင်ပြတောင်းဆိုသည့် အချက် ၁၇ ချက်အနက် အပစ်ရပ်ရေး အပါအဝင် ပလက်ဝနှင့် ကျောက်တော်တို့တွင် ဆက်ဆံရေး ရုံးများဖွင့်လှစ်ထားရှိရေး၊ ဒေသဖွံ့ဖြိုးရေး၊ ALP ပါတီဝင်များ နိုင်ငံတဝန်းသို့ လက် နက်မဲ့ လွတ်လပ်စွာသွားလာခွင့်ရရှိရေး၊ နယ်မြေကျော်လွန်၍ လက်နက်ကိုင်ဆောင်သွားလာမှုများကို နှစ်ဘက်ကြိုတင် ညှိနှိုင်း ဆောင်ရွက်ရန် တို့ သဘောတူညီမှု ရှရှိထားသည်။
ALP နှင့် အစိုးရတပ်တို့အကြား နယ်မြေသတ်မှတ်ရေး၊ အစိုးရတပ်များဆုတ်ခွာပေးရေး၊ မတရားအသင်းကြေညာထားသော ဥပဒေ များရုပ်သိမ်းပေးရေး၊ တပြည်လုံးအပစ်ခတ်ရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသားများ လွွှတ်ပေးရေးနှင့် ရခိုင်ပြည်နယ် ဒေသခံ များရရှိရမည့် အခွင့်အရေးများပါဝင်သည့် အချက် ၁၂ ချက်ကို ပြည်ထောင်စုအဆင့်၌ ထပ်မံဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးခိုင်စိုးနိုင် အောင် က ပြောသည်။
ငြိမ်းချမ်းရေးဆွေးနွေးရန် ALP ပါတီအား ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း၏ ညွှန်ကြားချက်ဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့ဝင် ဒုဗိုလ်မှူးကြီးဟောင်း စောခင်စိုး မှတဆင့် ဇန်နဝါရီလပိုင်းက ဆက်သွယ်လာခဲ့ပြီးနောက် ALP နှင့် ၎င်းလက်အောက်ရှိ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALA တို့ တလခန့် ဆွေးနွေးခဲ့ကြပြီး သဘောတူဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။
ALP အနေဖြင့် ငြိမ်းချမ်းရေးခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန်ကြိုးစားသွားမည်ဖြစ်ကြောင်း၊ တွေ့ဆုံပါက
ပြည်တွင်းငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စရပ်များကို ပါဝင်လုပ်ကိုင်ရန် ဆွေးနွေးသွားမည့် အစီစဉ်များရှိပြီးဖြစ်ကြောင်း ဦးခိုင်စိုးနိုင်အောင် က ပြောသည်။
“ဘာကြောင့်ပြည်တွင်းငြိမ်းချမ်းရေး မရသလဲ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်သလဲ။ အဲဒါတွေဖြစ်ဖို့လိုတယ်။ အဲဒါတွေက ဒေါ်စုလည်း ပါဝင်ပြီးတော့ ဖြေရှင်းဖို့လိုတယ်။ သူပါဝင်ရင် ပိုပြီးတော့ နီးစပ်လိမ့်မယ်ဆိုတာတွေကို ကျနော်တို့မှာ ဆွေးနွေးဖို့ အစီ အစဉ်ရှိပါတယ်”ဟု သူက ပြောသည်။
အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ALP အဖွဲ့ဝင် ကိုယ်စားလှယ်များသည် ထိုင်းနယ်စပ်နှင့်အိန္ဒိယနိုင်ငံတို့မှ တဆင့်ရခိုင် ပြည်နယ် သို့ ဧပြီလ ၂ ရက်နေ့တွင်ရောက် ရှိလာကြရာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ပါတီဝင်များနှင့် ရခိုင်ပြည်သူများက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။
“ALP အဖွဲ့ကို သောင်းချီတဲ့ ရခိုင်ပြည်သူတွေက စစ်တွေမြို့မှာ ကြွေးကြော်သံတွေနဲ့ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်”ဟု ကြိုဆိုရေး အစီအစဉ်အား ဦးဆောင်ခဲ့သူ ဦးစံကျော်လှက ပြောသည်။
ALP ပါတီကို ၁၉၆၇ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး(KNU) နယ်မြေ၌ စတင်တည်ထောင်ခဲ့ပြီး ၎င်း၏ လက်အောက်တွင် ရခိုင်ပြည်လွတ်မြောက် ရေးတပ်မတော် (ALA) ရှိသည်။ ALA ကို ၁၉၇၄ ခုနှစ် ဇူလိုင်လ ၁ ရက် နေ့ တွင် ထူထောင်ခဲ့ပြီး မြန်မာ-အိန္ဒိယ နယ်စပ်၊ ဘင်္ဂလား ဒေ့ရှ်နယ်စပ်၊ ထိုင်းနယ်စပ်တို့တွင် အခြေစိုက် လှှုပ်ရှားလျက် ရှိသည်။
ALP တောင်းဆိုချက် (၁၇ ) ချက်
စာလုံး အပြာရောင်ခြယ်ထားသော အချက်များသည် အစိုးရနှင့် ပြည်နယ်အဆင့်တွင် သဘောတူထားချက်များဖြစ်သည်။
၁. မြန်မာအစိုးရတပ်မတော်နှင့် ရခိုင်ပြည်လွတ်မြောက် ရေးတပ်မတော် ALA တို့ နှစ်ဘက်တပ်များအကြား အပစ်ခတ်ရပ်စဲရန်။
၂. အပစ်ခတ်ရပ်စဲထားသည့် ကာလအတွင်း နှစ်ဘက်သဘောတူညီထားသည့် နေရာများမှအပ နယ်မြေကျော်လွန်၍ လက်နက်ကိုင်ဆောင်သွားလာမှုများကို နှစ်ဘက်ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန်။
၃. အပစ်ခတ်ရပ်စဲထားသည့်ကာလအတွင်း သတ်မှတ်ထားသော နယ်မြေအတွင်းမှ မြန်မာအစိုးရစစ်တပ်များအားလုံး ဆုတ်ခွာပေးရန်။
၄. နှစ်ဘက်အပြန်အလှန်ဆက်ဆံ၊ ဆွေးနွေးမှုများပြုလုပ်နိုင်ရန်အတွက် နှစ်ဘက်သဘောတူညီသော အောက်ဖော်ပြပါ နေ ရာများတွင် (ALP) ပါတီ၏ ဆက်ဆံရေးရုံးများကိုဖွင့်လှစ်ရန်။
(ပလက်ဝ၊ ကျောက်တော်)။
၅. ရခိုင်ပြည်လွတ်မြောက်ရေးပါတီ တပ်မတော်သားများအား၊ လက်နက်မပါ မြန်မာတပြည်လုံး သွားလာခွင့်ပြုရန်။
၆. ပြည်တွင်းရှိ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများအား လွတ်လပ်စွာတွေ့ဆုံခွင့်ပေးရန်။
၇. ရခိုင်ပြည်ရှိ ချောင်း၊ မြောင်းများအား၊ ပြည်နယ်အစိုးရမှ လေလံတင်ရောင်းချပြီး လုပ်ငန်းကန့်သတ်လုပ်ကိုင်နေသည့် စနစ်ကို ဖျက်သိမ်းပေးရန်။
၈. ရခိုင်လယ်သမားများထံမှ သိမ်းယူထားသည့် လယ်မြေ၊ အိမ်ရာ၊ ဥယျာဉ်ခြံမြေများ ပြန်ပေးရန်။
၉. ပြည်ထောင်စုအစိုးရက ဖွဲ့စည်းသည့် ငြိမ်းချမ်းရေးဆွေးနွေးရေအဖွဲ့နှင့် ALP ပါတီမှ ဖွဲ့စည်းသည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့များသည် နှစ်ဦးနှစ်ဘက်သဘောတူညီသောနေရာ တူညီသောကာလတွင် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများ ဖော်ဆောင်နိုင်ရေးအတွက် ဆက်လက် တင်ပြဆွေးနွေးရန်။
၁၀. ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ စာပေယဉ်ကျေးမှုအပြင် လူမှုရေးနယ်ပယ်အသီးသီး၌ လွတ်လပ်စွာ ပါဝင်လုပ်ကိုင်ခွင့်ပေးရန်။
၁၁. ပြည်တွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် ရခိုင်ပြည်တွင်း၌ စီးပွားရေးမြုပ်နှံထားသောပြည်ပ ကုမ္ပဏီများမှ ဝင်ငွေခွန်အဖြစ် ၂ ရာခိုင်နှုန်း ကောက်ခံပိုင်ခွင့်ရှိရန်။
၁၂. နိုင်ငံရေး ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများကို ပြန်လည်နေရာချပေးရန်။
၁၃. အကျဉ်းကျခံနေကြရသော ရခိုင်နိုင်ငံရေးသမားများနှင့် အခြားသော နိုင်ငံရေးသမားများကို ပြန်လည်လွှတ်ပေးရန်။
၁၄. အဓမ္မလုပ်အားပေးခိုင်းစေမှုများကို ရပ်တံ့စေရန်နှင့် ပုံစံမျိုးစုံဖြင့် မတရားတဖြင့် ငွေကြေးကောက်ခံနေမှုများကို မပြုလုပ်ရန်။
၁၅. ငြိမ်းချမ်းရေးဖြစ်စဉ်တွင် သတင်းမှန်မီဒီယာများမှ ပါဝင်ခွင့်ပြုရန်။
၁၆. မတရားအသင်းကြေညာထားသော ဥပဒေများကိုပြန်လည် ရုပ်သိမ်းပေးရန်။
၁၇. တပြည်လုံးအတိုင်းအတာဆောင်သည့် အပစ်အခတ်ရပ်စဲရေးကို ကြေညာပေးရန်နှင့် အပစ်အခတ်ရပ်စဲသည့် ၄၅ ရက် အတွင်း နိုင်ငံရေးဆွေးနွေးပွဲကို စတင်ရန်။