ပြည်နယ်များ၏ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ စီမံကိန်းများနှင့် ပတ်သက်၍ ပွင်းလင်းမြင်သာမှု၊ တာဝန်ယူမှုတို့ရှိရန်နှင့် လွတ်လပ်သည့် စောင့်ကြည့်လေ့လာမှုများ ရှိရန်အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က KNU ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရာတွင် ပြော ဆိုလိုက်သည်။
တနင်္ဂနွေနေ့က ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ကရင် အမျိုးသား အစည်းအရုံး(KNU) ငြိမ်းချမ်းရေး ဖော် ဆောင်ရေး အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရာတွင် ထိုသို့ ပြောဆိုဆွေးနွေးခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
KNU ဘက်ကလည်း အစိုးရနှင့် ဧပြီ ၆ ရက်က ဆွေးနွေးခဲ့သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး နှစ်ဘက် အပစ် အခတ် ရပ်စဲရေး အပါအဝင် အဓိက အချက်များကို ဒေါ်အောင်ဆန်းစုကြည်အား အသေးစိတ် ပြန်လည် ရှင်းပြခဲ့သည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး ဆောင်ရွက်မှုများကို ကြိုဆိုလိုက်ပြီး NLD ၏ ရပ်တည်ချက်များဖြစ်သော တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့နှင့်ပတ်သက်၍ ရှင်းလင်း ပြောဆိုကြောင်း၊ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်များတွင် အဓိကကျသည့် တပ်မတော်အနေဖြင့် ပါဝင်ခြင်းမရှိသည်ကိုလည်း စိုးရိမ်မိသည်ဟုပြောဆိုကြောင်း ပါရှိသည်။
ယင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် ၁၉၄၈ ခု လွတ်လပ်ရေး ရပြီးနောက် စတင် ဖြစ်ပွားခဲ့သော အစိုးရနှင့် ကရင်လူမျိုးများ အကြား လက်နက်ကိုင် တိုက်ပွဲများ ပြီးဆုံးသွားရန် အစပျိုးမှုများ ဖြစ်နိုင်သည်ဟု ယူဆရပြီး အိမ်နီးချင်း ထိုင်းနိုင်ငံ အနေနှင့်လည်း နယ်စပ် ကုန်သွယ်ရေး အလားအလာများ ပိုမိုကောင်းမွန်လာမည်ဟု ယူဆနေကြသည်။ လတ်တလောတွင် ထားဝယ်ရေနက် စီမံကိန်း အောင်မြင်ရေး အတွက် နယ်မြေ အေးချမ်းမှုမှာ မရှိမဖြစ် လိုအပ်နေသည်။
KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့သည် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်၌ ဧပြီ ၆ ရက်က ငြိမ်းချမ်းရေးအတွက် အစိုးရငြိမ်းချမ်း ရေး ကိုယ်စားလှယ်များနှင့် ဆွေးနွေးပြီးနောက် ဧပြီ ၇ ရက်တွင် သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။
KNU နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ဧပြီ ၆ ရက်က တွေ့ဆုံဆွေးနွေးရာတွင် အချက် ၆ ချက်ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းအချက်များတွင် တပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရန်၊ အထူးသဖြင့် တိုင်းရင်းသား ဒေသများတွင် ဖြစ်ပွားနေ သည့် စစ်ပွဲများ ရပ်စဲပေးရန်၊ ပြည်သူလူထုအတွက် အာမခံချက်ရှိသော လုံခြုံမှုရရှိရန်၊ ပြည်သူလူထုကြား ယုံကြည်မှုရှိသည့် အခြေ အနေတည်ဆောက်ရန်တို့ ပါဝင်သည်။
ထို့အပြင် အဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊ ပုံစံမျိုးစုံဖြင့် ငွေကြေးတောင်းခံခြင်း၊ ပေးကမ်းလှူဒါန်းခိုင်းခြင်းများ မပြုလုပ်ရန်၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ ပြည်သူလူထု ဘ၀ ပြန်လည်ထူထောင်ရေးနှင့် မြေယာ ပြဿနာများအား ဖြေရှင်းပေးရန်၊ ငြိမ်းချမ်း ရေး ဖြစ်စဉ်အတွက် စောင့်ကြည့်စစ်ဆေးခြင်း၊ စိစစ် အတည်ပြုခြင်းနှင့် မှန်ကန်သည့် စီစဉ်ဆောင်ရွက်မှုများ စတင်ရန် ဆွေးနွေးခဲ့ကြ ကြောင်း နှစ်ဦးနှစ်ဖက် သဘောတူညီမှု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို အချက်များသည် ၂၀၁၂ ခု ဇန်နဝါရီ ၁၂ ရက် က ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွင် ဆက်လက် ဆွေးနွေးရန် KNU က တင်ပြထားသော အချက် ၁၁ ချက် အနက်မှ ၆ ချက် ဖြစ်ကြောင်း အစိုးရသတင်းစာကလည်း ဖော်ပြသည်။
ဆွေးနွေးပွဲ၏ အကျိုးရလဒ်အဖြစ် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စောင့်ကြပ်စစ်ဆေးခြင်းကို အဆင့် ၃ ဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆင့် ၁ တွင် နှစ်ဦးနှစ်ဖက်လက်ခံနိုင်သော ပုဂ္ဂိုလ်များဖြင့် ဖွဲစည်းထားသော စောင့်ကြပ်စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခြင်း၊ အဆင့် ၂ တွင် အခြေအနေ တိုးတက်ကောင်းမွန် လာသည့်အခါ နိုင်ငံတကာ စောင့်ကြပ်ကြည့်ရှုရေး နှင့် အဆင့် ၃ တွင် ငြိမ်း ချမ်းရေး ဖြစ်စဉ် ပျက်စီးရန် အလားအလာမရှိတော့သည့်အခါ ပွင့်လင်းသော စောင့်ကြပ်ကြည့်ရှုရေး အဆင့်ဆင့် လုပ်ဆောင်သွားရန် သဘောတူညီကြောင်း သိရသည်။
လတ်တလောတွင် ဆက်ဆံရေးရုံးများ အပြန်အလှန်ဖွင့်လှစ်သွားမည်ဟု ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ရထား ပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းက ဧပြီ ၆ ရက်နေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပြောဆိုသည်။
“အခုဆိုရင် တိုင်းရင်းသား ခေါင်းဆောင်တွေလာတဲ့ခရီးစဉ်မှာကိုပဲ ကျောက်ကြီးမှာ ဆက်ဆံရေးရုံး စဖွင့်နေပါပြီ။ ထားဝယ်မှာ ဆက်ဆံရေးရုံး ဖွင့်နေပြီ။ ဆက်ဆံရေးရုံးတွေ တောက်လျှောက်ဖွင့် သွားဖို့ရှိပါတယ်”ဟု ဦးအောင်မင်းက ဆိုသည်။
တိုင်းရင်းသားအားလုံး အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးရယူပြီးပါက နောက်ဆုံးအဆင့်တွင် ပြည်ထောင်စုအဆင့် တိုင်းရင်းသား ညီလာခံကြီးတရပ် ခေါ်ယူကျင်းပပြီး ထာဝရငြိမ်းချမ်းရေး လုပ်ဆောင်သွားမည်ဟုလည်း ဦးအောင်မင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း မကြာမီကျင်းပတော့မည့် လွှတ်တော်အစည်းအဝေးများတွင် ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စကို ဦးစားပေး၍ စတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧပြီလ ၈ ရက်နေ့က KNU တွေ့ဆုံပွဲတွင် ထုတ်ဖော်ပြောဆိုသည်။
ရန်ကုန်မြို့ဆီဒိုးနားတွင် ဧပြီလ ၆ ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ KNU မှ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၊ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အပါအဝင် KNU ကိုယ်စားလှယ် ၁၄ ဦး၊ အစိုးရဘက်မှ ဝန်ကြီး ဦးအောင် မင်း၊ ဝန်ကြီး ဦးစိုးသိန်း၊ ဝန်ကြီး ၇ ဦးအပါအဝင် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် ၁၉ ဦး တက်ရောက် ဆွေးနွေးခဲ့ကြ သည်။
ဧပြီ ၇ ရက်က သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာ၌လည်း KNU အား မတရားအသင်းအဖြစ် သတ်မှတ်ထားခြင်းကို ပယ်ဖျက်ပေးရန် သမ္မတ ဦးသိန်းစိန်ကို တောင်းဆိုခဲ့သည်ဟု KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောသည်။
ဧပြီ ၈ ရက် နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့ရှိနေအိမ်၌ KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က တွေ့ဆုံပြီး နောက် နော်စီဖိုးရာစိန်က အထက်ပါအတိုင်း သမ္မတ ဦးသိန်းစိန်ကို ပြောဆိုခဲ့သည်ဟု သတင်း မီဒီယာများကို ပြောပြသည်။
“KNU ကို မတရားအသင်းအဖြစ် သတ်မှတ်ထားတာက အန္တရာယ်ရှိတယ်။ ကြောက်စရာလည်း ကောင်းတယ်။ သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံတုန်းက KNU ကို မတရားအသင်းအဖြစ် သတ်မှတ်ထားတာကို ပြန်စဉ်းစားဖို့ ပြောခဲ့တယ်”ဟု နော်စီဖိုးရာစိန်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း KNU ကို မတရားအသင်းအဖြစ် ဆက်လက်ထားရှိခြင်းမှာ မသင့်လျော်ကြောင်း ပြောဆိုလိုက်ပြီး “နိုင်ငံတနိုင်ငံမှာ မတရားအသင်းဆိုတာ ရှိဖို့မကောင်းတဲ့ အခြေအနေပါ”ဟုလည်း ဆိုသည်။
အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့မှ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ ကမူ KNU ကို မတရားအသင်းအဖြစ် သတ်မှတ်ထားခြင်းသည် ယခင်က လုပ်ဆောင်ခဲ့သော လုပ်ဆောင်ချက်များကြောင့် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲများ တိုးတက်မှုပေါ်မူတည်ပြီး မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း ဆီဒိုနား ဟိုတယ်တွင် ကျင်းပသည့် ငြိမ်းချမ်း ရေး ဆွေးနွေးပွဲအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောဆိုထားသည်။
“Unlawful Force Association(မတရားအသင်း)ဆိုတာကတော့ ဖျက်ကို ဖျက်ပေးရမှာပါ။ ဒါပေမယ့် နိုင်ငံတော်အစိုးရ က အမိန့်နဲ့ တချိန်တခါကလုပ်ရပ်တွေကြောင့် ထုတ်ပြန်တားမြစ်ထားသော်လည်း သင့်တင့်တဲ့အချိန်၊ ဆွေးနွေးပွဲတွေရဲ့Progress(တိုးတက်မှု) ပေါ်မူတည်ပြီးတော့ အလိုအလျောက် ဖျက်ပယ်သွားမှာဖြစ်ပါတယ်၊ ဘယ်တော့ ဘယ်အချိန်အခါဆိုတာကတော့ တိတိကျကျပြော ဖို့ ခက်ခဲပါတယ်”ဟု ဦးခင်ရီက ဆိုသည်။
နော်စီဖိုးရာစိန်ကဆက်လက်ပြီး သမ္မတ ဦးသိန်းစိန်က ရှေ့ဆက်သွားမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေး နွေးကြောင်း၊ KNU အနေနှင့် သမ္မတ ဦးသိန်းစိန်ကို ငြိမ်းချမ်းရေး လိုလားသူတဦးအဖြစ် ရှုမြင်ကြောင်း ပြောဆိုသည်။