၁၉၉၀ ခုနှစ်မှစ၍ ရုပ်သိမ်းထားခဲ့သော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဆင့်ကို သမ္မတ အိုဘားမား အစိုးရက မကြာမီ ပြန်လည် ခန့်ထားထားခြင်းဖြင့်အမေရိကန်-မြန်မာ သံတမန်ဆက်ဆံရေး အသစ်တဖန် ပြန်လည် စတင်တော့မည်ဖြစ်ပြီး ယင်းတာဝန်ကို မြန်မာပြည်ဆိုင်ရာ အမေရိကန်အစိုးရ အထူးကိုယ်စားလှယ် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရက် မစ်ချယ်အား ပေးအပ်မည်ဟု သိရှိရသည်။
သတင်းများအဆိုအရ ပြန်လည်တိုးတက်လာသော နှစ်နိုင်ငံဆက်ဆံရေးနှင့်အတူ အမေရိကန်၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ထောက်ပံ့ကူညီမှုများကို ပြန်လည်ခန့်ထားမည့် သံအမတ်ကြီးက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုသတင်းကို လန်ဒန်အခြေစိုက် Financial Times သတင်းစာကြီးက ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ လတ်တလော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် စီးပွားရေး ခေတ်မီတိုးတက်မှုတို့ကို အရှိန်ရလာစေရေးအတွက် အမေရိကန်က တားမြစ်ပိတ်ပင်ထားသည်တို့ကို ဖြေလျှော့ရုပ်သိမ်းတော့မည်ဟု ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ထုတ်ဖော်ပြောဆိုမှုအပြီး ယင်းသတင်း ပေါ်ထွက်လာခြင်းဖြစ်သည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရသည့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တွေ့ဆုံစကား စပြောခြင်းတို့ကြောင့် အမေရိကန်အစိုးရက ယင်းကဲ့သို့ အပြုသဘောဆောင် ဆက်ဆံရေးများ ပြန်လည်ဖြစ်ထွန်းစေမည် ဖြစ်သော်လည်း မြန်မာအစိုးရအတွင်း သဘောထားတင်းမာသူ ခေါင်းမာဂိုဏ်းသားများအရေးကို မေ့မထားရန် လိုသည်ဟုလည်း သတိပေးနေကြသည်။
ကချင်ပြည်နယ်တွင်း တိုက်ပွဲများ ရပ်တန့်ရန် သမ္မတမှ အမိန့်ပေးခဲ့သော်လည်း စစ်တပ်မှ ဆက်လက် တိုက်ခိုက်နေခြင်းကို ထောက်ပြ၍ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များတွင် မြန်မာ့တပ်မတော် ပါဝင်လာခြင်း မရှိသေးဟု အမည်မဖော်လိုသူ အမေရိကန် အကြီးတန်း အစိုးရအရာရှိတဦးက AFP သတင်းဌာနသို့ ပြောဆိုခဲ့သည်။
“စစ်တပ်နဲ့ ဆက်ဆံရေးလုပ်ဖို့ လိုတယ်ဆိုတဲ့ အကြောင်းပြချက်ရှိနေတယ်လို့ ကျနော် ထင်တယ်။ သူတို့ကို (ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ထဲ) ခေါ်ထည့်ရမယ်။ သူတို့အတွက်နေရာ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ထဲမှာ ရှိနေတယ်ဆိုတာ သေသေချာချာ သူတို့မြင်လာအောင် လုပ်ရမယ်” ဟု အဆိုပါ အမေရိကန်အရာရှိက ဆိုသည်။
ကချင်ပြည်နယ်တွင် စစ်ရေးပဋိပက္ခများကြောင့် နေရပ်ရွှေ့ပြောင်းနေရသူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေး အမေရိကန်အစိုးရက တောင်းခံထားသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဖြစ်လာမည့် ဒဲရက် မစ်ချယ်အနေဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၃ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံခဲ့သေးသည်။
ယင်း တွေ့ဆုံဆွေးနွေးမှုမှာ ၁၉၈၈ ခုနှစ် နောက်ပိုင်း အမေရိကန်အစိုးရ ကိုယ်စားလှယ်နှင့် မြန်မာ့တပ်မတော် ခေါင်းဆောင်တို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု မြန်မာအစိုးရပိုင် မီဒီယာများမှတဆင့် သတင်းထုတ်ပြန်ခဲ့သည်။
မစ္စတာ ဒဲရက် မစ်ချယ်သည် ၇ လအတွင်း ၆ ကြိမ်မြောက် ခရီးစဉ်အဖြစ် ယခုနှစ် မတ်လအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သေးသည်။