အစိုးရက ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်သော်လည်း ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့်ဆက်လက် ဆွေးနွေးရန် ကမ်းလှမ်းမူများ မရှိသကဲ့သို့ KIO ဘက်ကလည်း စတင်ဆက်သွယ် မူများ ပြုလုပ်ခြင်းမရှိသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြီးစီးအောင်မြင်ရန် အလှမ်းဝေးနေသေးကြောင်း သိရသည်။

ကချင်ပြည် လွတ်လပ်ရေးတပ်မတော်(KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က“ပြန်ပြီးဆက်သွယ်တာ မရှိသေးပါဘူး၊ ကျနော် တို့ ဘက်ကလည်း စပြီး ဆက်သွယ်တာ မရှိပါဘူး။ အရင် သဘောတူခဲ့တဲ့အတိုင်း သူတို့ ဆက်သွယ်မယ့် အချိန်ကို စောင့်နေတုန်း ပါပဲ”ဟု ပြောသည်။
ယခင်တွေ့ဆုံဆွေးနွေးခဲ့သော တရုတ်နိုင်ငံ ရွေလီမြို့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည့်အတိုင်း ပြဿနာဖြစ်ပွားနိုင်သည့် နေရာ များတွင် နှစ်ဘက်တပ်များညှိုနှိုင်းရန် အစိုးရတပ်မှ စစ်ဘက်ဆိုင်ရာ အရာရှိများ၊ KIA မှ စစ်ဘက်အရာရှိများညှိုနှိုင်းရန်ပြောဆိုမူများရှိခဲ့သော်လည်း အစိုးရတပ်မှ ထိုးစစ်အရှိန်မြှင့်တင်လာမူကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာ မရေမရာဖြစ်နေကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် နေထိုင်သည့် ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင် ဂွမ်ဂျာ က ပြောသည်။
အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များဖြစ်သော ဦးအောင်သောင်း၊ ဦးသိန်းဇော် တို့ဘက်မှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် အတွက် ဆက်သွယ်ခြင်းများ မရှိသေးကြောင်းလည်း ၎င်းက ပြောဆိုသည်။
“ဒီကြားထဲမှာ ဦးအောင်သောင်းတို့နဲ့ အဆက်အသွယ်မရတာလည်း တော်တော်ကြာပါပြီ”ဟု ဦးလမိုင် ဂွမ်ဂျာက ဆိုသည်။
နိုင်ငံတော်အစိုးရအနေနှင့် အမှန်တကယ် နိုင်ငံရေးဆွေးနွေးလိုပါက၊ ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်လိုပါက ပထမဆုံး ယုံကြည်မူ တည်ဆောက်ကာ အပစ်ရပ်ပြီးမှသာ ဆွေးနွေးပွဲများ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အပစ်အခတ်ရပ်စဲရန်အတွက်မူ(KIA) က စတင်တိုက်ခိုက်ခြင်းမဟုတ်သည့်အတွက် ထိုးစစ်ဆင်သည့် တပ်များ ရုပ်သိမ်းလိုက်ပါက အလိုလိုဖြေရှင်းပြီးသွားမည်ဖြစ်သည်ဟု KIO ကပြောသော်လည်း အစိုးရတပ်များက ဆုတ်ခွာခြင်းမရှိသဖြင့် အယုံအကြည်မရှိဖြစ် ကာ ဆွေးနွေးပွဲများ အလုပ်မဖြစ်ခြင်းဖြစ်သည်ဟုလည်း ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။
“ယုံကြည်မူတည်ဆောက်ဖို့ တပ်တွေဆုတ်ပေးဖို့ ပြောနေတာ မဆုတ်ပေးနိုင်လို့ ဆွေးနွေးပွဲတွေ ပထမအကြိမ် ဒုတိယ အကြိမ် တတိယအကြိမ်လုပ်တာ ပြည်တွင်းမှာလုပ်ဖို့ နိုင်ငံတော်အစိုးရကပြောပေမယ့် KIO က မယုံလို့ တခြားနိုင်ငံရွေလီမှာပဲ လုပ်ဖြစ်သွားတယ်။ ယုံကြည်မူရအောင်လုပ်ပါ။ တပ်တွေဆုတ်ပါလို့ ပြောနေတဲ့ကြားက တိုက်ပွဲတွေဖြစ်နေတော့ ဆွေးနွေးပွဲတွေလုပ်ဖို့ ဆိုတာ အခက်အခဲတွေရှိတယ်၊ ဒီလိုတဦးနဲ့တဦး တင်းမာနေမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးဟာ ဘယ်လောက်ကြာမလဲလို့ မပြောနိုင်ပါဘူး” ဟု ဦးလမိုင်ဂွမ်ဂျာက ဆက်လက်ပြောဆိုသည်။
ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ကာကွယ်ရေး ဦးစီးချုပ်နှင့် နိုင်ငံတော် သမ္မတ၊ အမျိုးသားလွတ်တော်၊ ပြည်သူ့လွတ်တော် များ ထံသို့ ကချင်ပြည်နယ်ရှိ ပကတိအခြေအနေများကို တိုက်ရိုက်ရှင်းပြနိုင်ရန်အတွက် တွေ့ဆုံခွင့်တောင်းခံသွားမည်ဟု ဆိုသည်။
လက်ရှိတွင် KIO ဌာနချုပ် လိုင်ဇာမြို့ အနီးတဝိုက်တွင် စစ်ရေးတင်မာမူများ ဖြစ်ပေါ်လျက်ရှိပြီး အစိုးရ တပ်ဘက်မှ ပစ်ခတ်သည့် အမြောက်သံများကို ကြားရကြောင်း မြို့ခံများက ပြောသည်။
မတ်လ ၁၀ ရက်နေ့ ရွေလီ၌ ငြိမ်းချမ်းရေး တွေ့ဆုံပွဲအပြီးမှ ယနေ့အထိ တိုက်ပွဲပေါင်း ၂၀၀ ကျော်ဖြစ်ပွားခဲ့ပြီး အစိုးရတပ်များက လိုင်ဇာအနီးသို့ မတ်လ ဆန်းပိုင်းမှ စတင်ကာ ပိုမိုချဉ်းကပ်နေရာယူမူများရှိခဲ့သည်ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။
လိုင်ဇာနှင့် ၂၇ မိုင်ဝေးသည့် ဂျာထ၊ ဂန်ဒေါင်ယန် သို့ ဧပြီ လဆန်းပိုင်းတွင် အစိုးရ တပ်အင်အားတိုးချဲ့ ထားကြောင်း၊ ယင်းနေရာ တဝိုက်တွင် အစိုးရ တပ်ရိက္ခာပို့သည့် ရဟတ်ယဉ်များ အတက်အဆင်းရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။
ထိုဒေသများသည် ၁၉၈၇ ခုနှစ်တွင် အစိုးရက လေကြောင့်ဖြင့် တိုက်စစ်ဆင်ခဲ့သည့်နေရာလည်း ဖြစ်သည်။
KIO သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခု ဇွန် လတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။
ထိုတိုက်ပွဲများကြောင့် ရပ်ရွာစွန့်ခွာပြေးရ သူ ၆၀၀၀၀ ကျော်ရှိမည်ဟု ဒုက္ခသည်ကူညီပေးနေသည့်အဖွဲ့မှ ရာနီး ကပြောသည်။
အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေးဆွေးနွေးရန် ၂၀၁၁ နိုဝင်ဘာ၊ ၂၀၁၂ ဇန်နဝါရီ၊ ၂၀၁၂ မတ်လတို့တွင် ရွှေလီမြို့၌ တွေ့ဆုံခဲ့ကြ သော် လည်း ရေရာသည့် သဘောတူညီချက် တစုံတရာမရရှိသေးဘဲ ရှိနေသည်။
အစိုးရသည် ကရင်အမျိုးသားအစည်းအရုံးနှင့် ၂၀၁၂ ဇန်နဝါရီတွင် အပစ်ရပ်လက်မှတ်ထိုးပြီး ဧပြီလ ၆ ရက်နေ့တွင် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲများကို ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP)နှင့်လည်း ဧပြီ ၅ ရက်နေ့တွင် အပစ်ရပ်သဘောတူ လက်မှတ်ရေးထိုး ခဲ့သည်။
ရှမ်းပြည်တပ်မတော် တောင်ပိုင်း နှင့်လည်း အပစ်ရပ်သဘောတူထားပြီး ယခုလကုန်ပိုင်းတွင် အသေးစိတ်ဆွေးနွေးမူများ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
အစိုးရသည် ဖေဖော်ဝါရီလ ၁ ရက်နေ့က မွန်ပြည်သစ် ပါတီနှင့်လည်း အပစ်ရပ်သဘောတူညီမူ ပြုလုပ်ခဲ့သည်။