ပြည်တွင်း နာမည်ကျော် အပန်းဖြေ ကမ်းခြေများတွင် သင်္ကြန်ကာလ လာရောက် အပန်းဖြေသူများ စံချိန်တင် မြင့်တက်လျက်ရှိပြီး ဟိုတယ်အခန်း မရှိတော့သည် အထိကြိုတင် မှာယူသူများနှင့် ပြည့်နေကာ ဟိုတယ် အခန်းငှားခ သုံးဆကျော် တက်နေကြောင်း ငွေဆောင်၊ ချောင်းသာနှင့် ငပလီ ကမ်းခြေများရှိ ဟိုတယ်များမှ စုံစမ်းသိရှိရသည်။
အပန်းဖြေသူအများဆုံး ကမ်းခြေတခုဖြစ်သော ချောင်းသာတွင် ဟိုတယ်ခန်းများ၊ တည်းခိုခန်းများနှင့် ချောင်းသာရွာအတွင်းရှိ အိမ်များအားလုံးတွင် အပန်းဖြေကြသူများနှင့် ပြည့်နှက်နေကြောင်း၊ ဟိုတယ်များတွင်လည်း အခန်းရရန် တန်းစီစောင့်ဆိုင်းမှုများလည်း ရှိကြောင်း ချောင်းသာကမ်းခြေရှိ ဟိုတယ်များမှ သိရှိရသည်။
“ဒီနှစ်ကတော့ စံချိန်တင်နှစ်ပဲ။ ခရီးသွားတဲ့သူ အရမ်းကိုများတယ်။ ဟိုတယ်ခတွေကလည်း ပုံမှန်ထက်ကို သုံးဆလောက် တက်သွားတယ်။ ဟိုတယ်ခတွေ တက်ပေမယ့်လည်း အခန်းရဖို့ စောင့်နေကြသူတွေ တန်းစီရှိတယ်။ အထူးသဖြင့် သင်္ကြန်ကာလမှာ လုံး၀ အခန်းလွတ်မရှိဘူး။ ဒီနှစ်သင်္ကြန်က အကြတ်နှစ်ရက် ထပ်တော့ ရက်ပိုရှည်တယ်” ဟု ချောင်းသာကမ်းခြေ Belle Resort Hotel မှ ဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။
ကမ်းခြေတွင် ဟိုတယ်ခန်းတခန်း ပုံမှန်လျှင် အခန်းခ လေးသောင်းမှ ငါးသောင်းအထိ သာရှိသော်လည်း သင်္ကြန်ကာလအတွက် အခန်းတခန်းလျှင် ခုနစ်သောင်းမှ သုံးသိန်းအထိ ဈေးနှုန်းများမြင့်တက်သွားပြီး သင်္ကြန်ကာလ အပန်းဖြေလိုသူများအနေနှင့် ငါးရက်တာ အခန်းငှားရမ်းမှ သာဟိုတယ်များက ငှားရမ်းကြကြောင်း သိရှိရသည်။
“နှစ်ရက်၊ သုံးရက် အပန်းဖြေမယ့်သူကိုတော့ မငှားဘူး။ သင်္ကြန်ငါးရက်တာ ကာလတဆက်တည်း အပန်းဖြေမယ့် သူတွေကိုပဲ ဦးစားပေးပြီး အခန်းငှားတယ်။ ဒါလည်း အခန်းအပြည့်ပဲ။ ဧပြီလ တလလုံး အခန်းအပြည့်ရှိတယ်။ ဧပြီကျော်ရင်တော့ အပန်းဖြေမယ့်သူလည်း နည်းသွားမယ့်အပြင် ဟိုတယ်အခန်း ခတွေလည်း ပုံမှန်ပြန်ဖြစ်ပါလိမ့်မယ်” ဟု ငွေဆောင်ကမ်းခြေရှိ ငွေဆောင်ဟိုတယ်၊ ဧည့်သည်ကြိုဆိုရေးဌာနမှ ဝန်ထမ်းတဦးက ဆိုသည်။
ပုံမှန်အားဖြင့် နိုင်ငံခြားသားခရီးသည်များနှင့်သာ ပြည့်နှက်လျက်ရှိသော ငပလီကမ်းခြေတွင်လည်း ယခုနှစ်တွင် ပြည်တွင်းခရီးသည်များ လာရောက်မှု အထူးများပြားပြီး ဧည်သည့်များနှင့် ပြည့်နှက်နေကြောင်း၊ တချို့ဟိုတယ်များသည် ပြည်တွင်းဧည့်သည်များကို အမေရိကန်ဒေါ်လာဖြင့်ပင် ငှားရမ်းပြီး ပြည်တွင်း အပန်းဖြေသူများကလည်း အမေရိကန်ဒေါ်လာဖြင့် ငှားရမ်းသော ဟိုတယ်အခန်းများကို ရက်ရှည် ငှားရမ်းနေထိုင်ကြကြောင်း ငပလီကမ်းခြေ ဟိုတယ်များထံမှ သိရသည်။
“ဟိုတယ်နှစ်ယောက်ခန်းကို တနေ့ ဒေါ်လာ ၇၅၊ ဘန်ဂလိုတလုံးကို ဒေါ်လာ ၁၁၀ ပါ။ ပြည်တွင်းခရီးသည်တွေ အများစု လာတည်းကြတယ်။ သင်္ကြန်ကာလအတွက် အခန်းပြည့်ပါပဲ” ဟု ငပလီကမ်းခြေ Silver Beach Hotel မှ ဝန်ထမ်းတဦးက ဆိုသည်။
၁၃၇၃ ခုနှစ်မှ ၁၃၇၄ သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလသည် အကြတ် နှစ်ရက်ရှိမည်ဖြစ်ကာ သင်္ကြန်ကာလ ငါးရက်တာ ကြာမြင့်မည်ဖြစ်သည်။