မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန် ကာလအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ခွပ်ဒေါင်းအလံ၊ တံဆိပ်နှင့် အမှတ်အသားများကို အသုံးမပြုဘဲ တမျိုးသားလုံးနှင့်သက်ဆိုင်သော သင်္ကြန်နှစ်သစ်ကူး ကာလကို အေးအေးချမ်းချမ်း ဖြတ်သန်းစေလိုကြောင်း NLD ပြန်ကြားရေးတာဝန်ခံ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ဧရာဝတီသို့ ပြောသည်။

NLD (ဗဟို) နှင့် မန္တလေးတိုင်း NLD က ခွပ်ဒေါင်းအလံနှင့် အမှတ်အသားများကို သင်္ကြန်ကာလတွင် အသုံးမပြုရန် ပြည်သူများကို မေတ္တာရပ်ခံချက်များ တရားဝင် ထုတ်ပြန်ထားသည်။
“သင်္ကြန်ဆိုတာက တမျိုးသားလုံးနဲ့ သက်ဆိုင်တယ်။ သင်္ကြန်ဆိုတာက နိုင်ငံရေးပွဲမဟုတ်ဘူး။ ရိုးရာပွဲ၊ မြန်မာ့ရိုးရာ အစဉ်အလာတခုပါ။ ဒီအစဉ်အလာပွဲကြီးမှာ နိုင်ငံရေး အရိပ်အရောင်တွေ မပါစေချင်ဘူး။ လူမျိုးမရွေး၊ ဘာသာမရွေး အေးအေးချမ်းချမ်း ဖြတ်သန်းကြတာကိုပဲ ကျနော်တို့က လိုချင်ပါတယ်။ ဒါကြောင့်မို့လို့ NLD အလံတွေ၊ တံဆိပ်တွေ မသုံးကြဖို့ မေတ္တာရပ်ခံလိုက်တာပါ” ဟု ဦးအုန်းကြိုင်က ပြောသည်။
NLD က ထုတ်ပြန်ထားသော ပန်ကြားလွှာတွင် သင်္ကြန်ကာလသည် မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်းလဲမှုအတွက် အလှည့်အပြောင်းတရပ်ကို ရရှိပိုင်ဆိုင်ထားသော ဝမ်းမြောက်ပျော်ရွှင်ဖွယ်ရာ အချိန်ကာလနှင့် တိုက်ဆိုင်နေကြောင်း၊ ထိုအခြေအနေတွင် အပျော်သည် အပျက်ဘက်သို့ ဦးတည်မသွားစေရန် သတိပြုရန်လိုအပ်ကြောင်း၊ အဖွဲ့ချုပ် ပါတီဝင်များအနေနှင့်လည်း သိက္ခာရှိသော ပျော်ရွင်မှုများဖြင့် မဟာသင်္ကြန်ပွဲတော်အား ပါဝင်ဆင်နွှဲရန် တိုက်တွန်းလိုကြောင်း၊ အဖွဲ့ချုပ်ဥက္ကဋ္ဌ၏ တိုင်းပြည်နှင့်လူမျိုးအပေါ် ထားရှိသော စေတနာနှင့် စိတ်သဘောထား၊ အဖွဲ့ချုပ်၏ ဂုဏ်သိက္ခာ၊ အဖွဲ့တဦးချင်းစီ၏ ဂုဏ်သိက္ခာတို့ကို ထိခိုက်စေမည့် အပြုအမူ၊ ပျော်ရွှင်မှုများကို ရှောင်ရှားသင့်သည်ဟု ပါရှိသည်။
NLD ဗဟို အောင်နိုင်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင်လည်း “အဖွဲ့ချုပ်အမည်ဖြင့် ရေပက်ခံ မဏ္ဍပ်ဆောက်လုပ်ခြင်း၊ ရေပက်ခံကားဖြင့် ပါဝင်ဆင်နွှဲခြင်းများကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ ကြိုတင်သဘောတူညီချက်ဖြင်သာ ဆောင်ရွက်ရန်” ဟု ဖော်ပြထားသည်။
သို့သော်လည်း ရန်ကုန်နှင့် မန္တလေးမှ လူငယ်အများစုက ခွပ်ဒေါင်းအလံ၊ နဖူးစည်းနှင့် စတေကာများကို ရေပက်ခံထွက်ကြမည့် သင်္ကြန်ကားများတွင် ကပ်ထားမည် ဧရာဝတီသို့ ပြောကြသည်။
“ခွပ်ဒေါင်းအလံ အကြီးကြီးတခုကို ကျနော်တို့ ဂျစ်ကားမှာ တပ်မယ်။ အားလုံးက နဖူးစည်းလေးတွေတော့ ခေါင်းမှာစည်းကြမယ်။ စတေကာတွေလည်း တပ်ဖို့ စီစဉ်နေကြတယ်။ ပျော်လည်း ပျော်မယ်၊ ဒီနှစ်တော့ ရင်ခုန်တယ်။ အရင်နှစ်တွေလိုမဟုတ်ဘူး။ ဟိုအရင်နှစ်တွေကဆိုရင် ခွပ်ဒေါင်းအလံကို သုံးလို့ရတာမဟုတ်ဘူး။ ဒီနှစ်တော့ အလံတွေ၊ နဖူးစည်းတွေ စည်းကြဖို့ အားလုံး တိုင်ပင်ပြီးသား” ဟု ရန်ကုန်မြို့မှ လူငယ်တဦးက ဆိုသည်။
အစိုးရကမူ မြန်မာ့ရိုးရာ သင်္ကြန်ကာလအတွင်း ရေပက်ခံကားများတွင် “နိုင်ငံတော်အလံများ ယာဉ်တွင်တပ်ဆင်၍ မောင်းနှင်ခြင်း မပြုရ” ဟု အစိုးရသတင်းစာများမှတဆင့် စည်းကမ်း ထုတ်ပြန်ထားသော်လည်း နိုင်ငံရေးပါတီအလံများ ချိတ်ဆွဲလွှင့်ထူခြင်းပြုမပြုနှင့် ပတ်သက်၍ ဖော်ပြထားခြင်း မရှိပေ။
ထို့ပြင် ရေခဲထုပ်၊ ရေပူဖောင်း ဆပ်ပြာရည် ဂစ်ဘူးဖြင့် ကစားက လက်ဝယ်တွေ့ရှိသူ ထောင် ၁ နှစ်၊ ကစားသူ ထောင် ၃ နှစ်၊ ထုတ်လုပ်ရောင်းချသူ ထောင် ၅ နှစ်နှင့် ပစ္စည်းကို သိမ်းယူမည်ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရက ထုတ်ပြန်ထားသည်။