အပစ်အခတ် ရပ်စဲရေး၊ ပြည်ထောင်စု အဆင့် ဆွေးနွေးရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာ၊ အစိုးရအဖွဲ့ဝင်များ၏ ထောက်ခံမှု မည်မျှရှိမရှိတို့ကိုစောင့်ကြည့်ရမည် ဖြစ်ကြောင်း ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့ အစိုးရတနှစ်ပြည့်တွင် သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းပါ ငြိမ်းချမ်းရေး ဆွေးနွေးရေးမှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ယုံကြည်မှုရှိမရှိ ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်နှင့် မတ်လနှောင်းပိုင်းအတွင်း ရန်ကုန်မြို့၌ တွေ့ဆုံစဉ်မေးမြန်းရာ ဦးခွန်ထွန်းဦးက ယင်းသို့ ဖြေကြားခြင်း ဖြစ်သည်။
“သမ္မတက ဘယ်လောက် သူ့စကား တည်သလဲ၊ သမ္မတက ဘယ်လောက် လုပ်ပိုင်ခွင့်ရှိသလဲ၊ သမ္မတ လုပ်တာကို သူ့လူတွေက ဘယ်လောက် ထောက်ခံသလဲ၊ ဒီလို မဟုတ်ဘဲနဲ့ (ဗိုလ်ချုပ်) အောင်ဆန်းလည်း မရှိတော့ဘူး၊ ပင်လုံစာချုပ်လည်း မရှိတော့ဘူး ဆိုတဲ့ဟာမျိုးတွေ ဖြစ်လာမှာလား၊ ဒီအစဉ်အလာက ရှိခဲ့တာကိုး။ အခု အကယ်၍များ သမ္မတ မရှိခဲ့ရင် သမ္မတ ကတိပေးခဲ့တာတွေ၊ လုပ်ခဲ့တာတွေ သွားရောပေါ့” ဟု ဦးခွန်ထွန်းဦးက ပြောသည်။
ထို့အပြင် အပစ်အခတ် ရပ်စဲရေးကိစ္စ၌ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်များဖြစ်သော ဦးအောင်မင်းက တမျိုး၊ ဦးအောင်သောင်းက တမျိုး ဖြစ်နေကြောင်း၊ ကချင်ကို တမျိုးပြော၊ ကရင်ကို တမျိုးပြော ဖြစ်နေကြောင်း၊ တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်မှာ ၆၅ နှစ် ကြာပြီဖြစ်၍ အစိုးရအနေဖြင့် ရိုးသားရန်လိုကြောင်းလည်း ၎င်းက ဆိုသည်။
ဦးခွန်ထွန်းဦးသည် အမျိုးသားညီလာခံကို ဖျက်လိုဖျက်ဆီး ပြုလုပ်မှု၊ နိုင်ငံတော် ပုန်ကန်မှုတို့ဖြင့် ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလတွင် တခြား ရှမ်းတိုင်းရင်းသားခေါင်းဆောင် ၈ ဦးနှင့်အတူ အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခံရသည်။ ယခုနှစ် ဇန်နဝါရီလတွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တောင်ငူအကျဉ်းထောင်မှ လွတ်မြောက်ခဲ့သည်။
ဦးခွန်ထွန်းဦးက တိုင်းရင်းသားများအနေဖြင့် ပြည်ထောင်စုမှ ခွဲထွက်ရေးကို တောင်းဆိုနေခြင်းမဟုတ်ဘဲ တန်းတူအခွင့်အရေး ရရှိရန်သာ ဖြစ်ကြောင်း၊ တပ်မတော်က တိုင်းရင်းသားနယ်များတွင် ဗမာ လူမျိုးကြီးဝါဒ ကြီးစိုးရေးကို ကိုင်စွဲနေကြောင်း၊ လက်ရှိအခြေအနေတွင် တိုင်းရင်းသားများမှာ မိမိတို့ဘာသာ စကားကိုပင် လွတ်လပ်စွာ သင်ယူခွင့်မရရှိကြသည့်အတွက် တန်းတူအခွင့်အရေးကို တောင်းဆိုခြင်းဖြစ်ကြောင်း ဆိုသည်။
ရှမ်း၊ ကချင်၊ ကရင်၊ ချင်းစသည့် တိုင်းရင်းသားများအနေဖြင့် ကိုယ်ပိုင်စာပေကို လွတ်လပ်စွာ သင်ယူခွင့် မရရှိသော်လည်း ပြည်ပမှလာရောက် အခြေချသည့် တရုတ်လူမျိုးများမှာမူ ၎င်းတို့စာပေကို လွတ်လပ်စွာ လေ့လာသင်ယူခွင့်၊ ဖြန့်ဖြူးခွင့် ရရှိနေကြောင်း ဦးခွန်ထွန်းဦးက ထောက်ပြသည်။
ပင်လုံစာချုပ်ပါ ၁၀ နှစ်အတွင်း ခွဲထွက်နိုင်သည်ဆိုသည့် အခွင့်အရေးမှာ မိမိတို့၏ ရှမ်းခေါင်းဆောင်များက တောင်းဆိုခဲ့ခြင်း မဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားများ၏ ယုံကြည်မှုရရှိစေရန်အတွက် ထည့်သွင်း ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စု တည်မြဲစေရန်နှင့် တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရန် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မှာ အရေးကြီး ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ဒီခေတ်ဒီအခါအထိ ခွဲထွက်ရမယ်လို့ ကျနော်တို့ သဘောမထားတာကို အတူတူတွဲ နိုင်ငံရေးလုပ်ခဲ့တဲ့ ဗမာနိုင်ငံရေးသမားရော၊ တိုင်းရင်းသား နိုင်ငံရေးသမားတိုင်း အားလုံးသိပါတယ်” ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် သောကြာနေ့ ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့နှင့် မီးရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့တို့ ရန်ကုန်မြို့တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သေးသည်။
ထိုသို့ KNU နှင့် အစိုးရအကြား ပြည်ထောင်စု အဆင့်ဆွေးနွေးပွဲများ ကျင်းပနေသော်လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။