ရန်ကုန်မြို့တွင် အခပေး သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ဖွင့်လှစ်သူ ယခုနှစ်တွင် လျော့ကျနေပြီး ရေကစားခ နှုန်းထားများ မြင့်မားကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့တော်တွင်မဏ္ဍပ်စုစုပေါင်း ၄၅ ခု ခွင့်ပြုထားပြီး ယင်းမဏ္ဍပ်များတွင် စီးပွားရေး ကုမ္ပဏီများ၏ ရေကစားမဏ္ဍပ်၊ အစိုးရဌာနများ၏ ရေကစားမဏ္ဍပ်များနှင့် စီးပွားရေးအတွက် ဆောက်လုပ်ထားသော ရေကစားမဏ္ဍပ်တချို့ ပါဝင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စုံစမ်းသိရှိရသည်။
“၂၀၁၀ X2O မဏ္ဍပ်မှာ ဗုံးပေါက်ပြီးကတည်းက ရေကစားမဏ္ဍပ်ဆောက်တဲ့ အရေအတွက်က နည်းသွားတယ်။ မနှစ်ကလည်း နည်းတယ်။ ဒီနှစ်လည်း နည်းတယ်။ မဏ္ဍပ်ထိုင် ရေကစားတဲ့သူက နည်းတယ်။ ရေပက်ခံ ထွက်တဲ့သူ၊ ခရီးထွက်တဲ့သူကတော့ ပိုများတယ်ပြောရမယ်” ဟု နှစ်စဉ် ရေကစားမဏ္ဍပ် ဆောက်လုပ်လေ့ရှိသူ Spirit လူငယ်အဖွဲ့မှ
လူငယ်တဦးက ပြောသည်။
၂၀၁၀ ပြည့်နှစ်အတွင်း ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် လူ ၁၀ ဦးသေဆုံး၍ ၁၇၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
ဗုံးပေါက်ကွဲမှု မဖြစ်ပွားခင် နှစ်များက ရန်ကုန်မြို့တွင် ရေကစကားမဏ္ဍပ် ၁၀၀ နီးပါးရှိပြီး တချို့နှစ်များတွင် မဏ္ဍပ် ၁၀၀ ပင် ကျော်ကြောင်း သိရှိရသည်။
ရေကစားမဏ္ဍပ် နည်းပါးပြီး ရေကစားမဏ္ဍပ်များတွင် ရေကစားခနှှုန်းထားများမှာလည်း မြင့်မားကြောင်း သိရသည်။
“တချို့မဏ္ဍပ်တွေက လုံခြုံရေးစရိတ်ပါ ထည့်တွက်ကြတယ်။ ဗုံးတွေဘာတွေ လာဖောက်မှာစိုးလို့ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းတွေ ခန့်ထားကြတာ။ ဝန်ဆောင်မှုကို လိုက်ပြီး ဈေးကအမျိုးမျိုးရှိတယ်” ဟု Channel-V မဏ္ဍပ်မှ တာဝန်ခံလူငယ်တဦးက ပြောသည်။
ရေကစားမဏ္ဍပ်များတွင် ဝန်ဆောင်မှုအလိုက် ဈေးနှုန်းအမျိုးမျိုးရှိပြီး နာမည်ကြီးအဆိုတော်များ လာရောက်ဖြေဖျော်မှု၊ ဘီယာ၊ အရက် သောက်နိုင်သော ဝန်ဆောင်မှု ပါဝင်သည့် မဏ္ဍပ်များမှာ တနေ့လျှင် လူတဦး ရေကစားခ တသိန်းကျော် ပေးရကြောင်း၊ ရေကစားခများမှာ တနေ့လျှင် လူတဦး အနည်းဆုံး ကျပ်နှစ်သောင်းမှ ဝန်ဆောင်မှုကို လိုက်၍ ကျပ်တသိန်းခွဲအထိ ဈေးပေါက်ကြောင်း သိရှိရသည်။
ယခုနှစ်သင်္ကြန်သည် ငါးရက်ကြာသည့်အတွက် ရေကစားမဏ္ဍပ်များမှာ သူ့ထက်ငါ ရေကစားသူရရှိရန် အပြိုင်အဆိုင် အရောင်းမြှင့်တင်ရေး အစီအစဉ်များပြုလုပ်နေကြကြောင်းလည်း သိရသည်။
“မဏ္ဍပ်တွေမှာ ငါးဦးလက်မှတ်ဝယ်ရင် တဦး အခမဲ့ပေးပါ့မယ်။ ဒါက ငါးရက်လုံးဆိုရင် ၁၀ ရာခိုင်နှုန်းလျော့ ဈေးပေးမယ်” ဟု 69.4 မဏ္ဍပ်မှ လူငယ်တဦးက ရှင်းပြသည်။
သင်္ကြန်ကာလ ရေပက်ခံကား ငှားရမ်းမှုမှာမှု မြင့်တက်နေပြီး ဈေးနှုန်းလည်း မြင့်ကြောင်း ကားငှားရမ်းသည့် လုပ်ငန်းများထံမှ သိရသည်။
ရေပက်ခံကား ငှားရမ်းကြရာတွင် စက်မှုဇုန်ထုတ် Light Truck ကား ငှားရမ်းမှု အများဆုံးဖြစ်ပြီး ဂျစ်ကားငှားရမ်းမှု နည်းပါးကြောင်း၊ ဈေးနှုန်းအားဖြင့်လည်း သင်္ကြန်ရက် ရှည်ကြာသည့်အတွက် ကားငှားရမ်းဈေးနှုန်းများ ယမန်နှစ်ထက် ပိုမိုမြင့်ကြောင်း သိရှိရသည်။
“ဝီလီဂျစ်ကားတွေက ကားဟောင်းအပ်တဲ့အထဲမှာ ပါသွားတော့ ဂျစ်ကားရှားတယ်။ စက်မှုဇုန်ဂျစ်တွေကလည်း သိပ်ပြီး အရည်အသွေးမကောင်းတော့ ကားပျက်မှာ စိုးရိမ်ရတယ်။ Light Truck တွေ အများဆုံးငှားရမယ်။ ကားငှားတဲ့ လုပ်ငန်းတွေ အားလုံးလိုလို ကားတွေငှားနေရတာ” ဟု ကိုကို ကားငှားရမ်း ဝန်ဆောင်မှုလုပ်ငန်းမှ မန်နေဂျာတဦးက ပြောသည်။
ယခုနှစ်အတွက် ရေပက်ခံကားငှားရာတွင် ဂျစ်ကား တရက်လျှင် ကျပ် ခုနစ်သောင်းခွဲ၊ Light Truck ကား တရက်ငှားရမ်းခ ကျပ်တသိန်းနှစ်သောင်းနှင့် ကျပ်တသိန်းခွဲအကြား၊ သင်္ကြန်ငါးရက်စလုံး ငှားရမ်းမည်ဆိုလျှင် ၁၅ ရာခိုင်နှုန်း လျှော့ပေးသည့်စနစ်ဖြင့် ငှားရမ်းကြကြောင်း သိရှိရသည်။
“ငါးရက်စလုံး တဆက်တည်းငှားတဲ့သူတော့ နည်းတယ်။ ရက်အပိုင်းအခြားအလိုက် ငှားကြတာ။ တချို့လူငယ်တွေက တရက်ပဲ ငှားတယ်။ တခြားအဖွဲ့တွေက သုံးရက်လည်ဖို့ ငှားကြတယ်။ ကားတွေအားလုံးကတော့ သင်္ကြန်ငါးရက်စလုံးအတွက် အော်ဒါတွေ အပြည့်ပဲ” ဟု ကားငှားရမ်းသော ဝန်ဆောင်မှုကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက ဆိုသည်။
ရေပက်ခံကားများသာမက ဘုရားဖူးနှင့် အပန်းဖြေခရီးထွက်သူ များပြားသည့်အတွက် စင်းလုံးငှား ကားဝန်ဆောင်မှုလုပ်ငန်းများလည်း ယခုနှစ်တွင် ထူးထူးခြားခြား အလုပ်ဖြစ်ကြကြောင်း သိရသည်။
“ခရီးသည် ၄၅ ဦးဆန့်တဲ့ လေအိတ်ကားကြီးတွေလည်း ငှားရတယ်။ Hi-Ace ကားတွေလည်း ငှားရတယ်။ Hi-Ace ကားတွေကျတော့ မိသားစုခရီးထွက်ကြတာ။ ကားငှား ဝန်ဆောင်မှုလုပ်ငန်းတွေ ဒီနှစ်က အရမ်းအလုပ်များတဲ့ နှစ်ပဲ” ဟု စိန်ဝင်းနှင့် ရောင်ရင်းများ ခရီးသွားလုပ်ငန်းမှ ဝန်ထမ်းတဦးက ပြောသည်။
အဝေးပြေး ခရီးသည်တင်ယာဉ်လိုင်းများတွင်လည်း ခရီးထွက်သူများပြားသည့်အတွက် လက်မှတ်ဝယ်မရတော့ကြောင်း စုံစမ်းသိရှိရသည်။
သင်္ကြန်ကာလ နီးကပ်လာချိန်တွင် ခရီးသည်တင် ယာဉ်လိုင်းများအနေနှင့် လက်မှတ်များကို ဈေးတင်ရောင်းချမှုများ မပြုလုပ်ကြရန် သက်ဆိုင်ရာက သတင်းထုတ်ပြန် သတိပေးထားသည်။