ရန်ကုန်မြို့တွင် ကျင်းပမည့် ကိုးကြိမ်မြောက် ရခိုင်ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင် အပါအဝင် ရခိုင် တိုင်းရင်းသားများစုံစုံညီညီ တက်ရောက်ကြမည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောကြားသည်။
၁၉၉၄ ခုနှစ်မှ နှစ်စဉ်နှစ်တိုင်း ရန်ကုန်တွင် ကျင်းပလာသော ရခိုင်ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ယခုနှစ်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သိမ်ဖြူယာဉ်မောင်းသင်တန်းကွင်း၌ ကျင်းပမည်ဖြစ်ပြီး ရခိုင်ရိုးရာအတိုင်း လောင်းလှေများတွင် ရေထည့်ပြီး ရေလောင်းပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
“ဒီနှစ်က သင်္ကြန်ငါးရက်ဖြစ်နေတယ်။ သင်္ကြန်ရက်အကုန်လုံးကို စည်စည်ကားကား ကျင်းပသွားမယ်” ဟု ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ပွဲတော်တွင် ရခိုင်ရိုးရာ စားသောက်ဖွယ်ရာများ၊ အမှတ်တရ ပစ္စည်းများကိုလည်း ရောင်းချပေးမည်ဖြစ်ဟု သိရှိရသည်။
ရခိုင်ရိုးရာ မဟာသင်္ကြန်ကို ကျင်းပရာတွင် ဧပြီလ ၁၁ ရက်နေ့တွင် ရခိုင်ရိုးရာနံ့သာသွေးပွဲ၊ ဧပြီလ ၁၂ ရက်နေ့တွင် မြတ်စွာဘုရား ရေသပ္ပာယ်ပွဲနှင့် သင်္ကြန်ပွဲတော် အခမ်းအနားဖြင့် ဖွင့်လှစ်ပွဲ၊ ဧပြီ ၁၃ ရက်မှ ဧပြီ ၁၆ ရက်နေ့အထိ ရေလောင်းပွဲနှင့် စင်တင်တေးဂီတ ဖျော်ဖြေပွဲများအပါအဝင် စည်ကားသိုက်မြိုက်စွာကျင်းပသွား မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ဆက်စပ်ဆောင်းပါး