မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော သမိုင်းဝင် အပြောင်းအလဲများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ နှစ်ဦး၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း အမေရိကန် အထက် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က ပြောကြားသည်။
ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် ယနေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ဒီအပြောင်းအလဲတွေက လူနှစ်ဦးက အဓိက မောင်းနှင်ရွှေ့လျားစေခဲ့တယ်လို့ ကျနော်မြင်ပါတယ်။ အဲဒီသူနှစ်ဦးကတော့ သိပ်ပြီးခြားနားမှုမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်ပါပဲ။ အပြောင်းအလဲတွေကို သူတို့နှစ်ဦးက စတင်ခဲ့ကြတယ်၊ သူတို့နှစ်ဦးက ကွဲပြားခြားနားတဲ့ ဘဝခရီးတွေရှိပေမယ့် လူ့အဖွဲ့အစည်းကောင်းမွန်ဖို့ အရေး မတူတာတွေ ဘေးဖယ်ထားပြီး ပူးပေါင်းခဲ့ကြတယ်” ဟု မစ္စတာ ဂျင်မ်ဝက်ဘ်က ပြောသည်။
ယင်းပူးပေါင်းဆောင်ရွက်မှုကြောင့် မြန်မာပြည်သူအများစု နှစ်ပေါင်းများစွာ တောင့်တလိုလားနေသော အပြောင်းအလဲများ စတင်ဖြစ်ပေါ်လာကြောင်း၊ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် အလွန်အရေးကြီးသောကာလသို့ ရောက်ရှိနေကြောင်း ၎င်းက ဆက်လက်ပြောသည်။
“အခု အခြေအနေက မြန်မာနိုင်ငံအတွက် သမိုင်းမှာ အရမ်းကို လေးနက်အရေးကြီး အချိန်အခါလို့ ကျနော် ပြောချင်ပါတယ်။ လွန်ခဲ့တဲ့ ကိုးလတုန်းက အခြေအနေတွေနဲ့ စာလို့ရှိရင် အခုဖြစ်ပျက်နေတာတွေက အံ့သြဖို့ ကောင်းတယ်ဆိုတာထက် ပိုပါတယ်” ဟု မစ္စတာ ဂျင်မ်ဝက်ဘ်က ဆိုသည်။
သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ နံနက်က နေပြည်တော်တွင် သီးသန့်တွေ့ဆုံဆွေးနွေးကြပြီး နေ့လည်စာ စားခဲ့ကြသည်။
မစ္စတာ ဂျင်မ်ဝက်ဘ်အနေဖြင့် အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်ရောက်ရှိပါက မြန်မာနိုင်ငံနှင့် အမေရိကန် ဆက်ဆံရေးအတွက် လွှတ်တော်အမတ်များ၊ အုပ်ချုပ်ရေး ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသွားရန် ရှိကြောင်း သိရှိရသည်။
“ကျနော် ဝါရှင်တန်ပြန်ရောက်ရင် တခြားလွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းမယ်။ အုပ်ချုပ်ရေး ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးမယ်။ ပေါ်လစီတွေပြောင်းလဲဖို့ စစ်မှန်တဲ့ လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ ကျနော်တို့အနေနဲ့ အပြုသဘော ပြောင်းလဲမှုတွေအတွက် ဆုပေးရမယ်။ ပြီးတော့ နောက်ဖြစ်မယ့် အနာဂတ် အပြောင်းအလဲတွေအတွက် ဘယ်လိုမက်လုံးတွေနဲ့ တုံ့ပြန်ဆောင်ရွက်မယ်ဆိုတာလည်း ဆွေးနွေးပါမယ်။ ကျနော့်အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ ထုတ်ပြန်ချက်ကိုလည်း ချီးကျူးကြိုဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံက စီးပွားရေးပိုင်းမှာရော၊ သံတမန်ပိုင်းမှာရော တိုးတက်ပြောင်းလဲလာတွေကို မြင်ချင်ပါတယ်” ဟု ၎င်းက ပြောသည်။
မစ္စတာ ဂျင်မ်ဝက်ဘ်သည် ၎င်း၏ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌများ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ မီဒီယာသမားများ၊ စီးပွားရေးသမားများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။