ဒီပဲယင်း လုပ်ကြံမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အသက်ကို ကယ်တင်ခဲ့သည်ဟု ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က ပြောဆိုခဲ့မှုအပေါ် နေပြည်တော်အစိုးရ အဖွဲ့အတွင်းစိုးရိမ်မှုများ ဖြစ်ပေါ်နေပြီး ၎င်းအား ပြန်လည် ဖမ်းဆီးနိုင်သည်ဟူသော သတင်းများလည်း ထွက်ပေါ်နေကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

စစ်အစိုးရဟောင်း လက်ထက် အမိန့်ဖီဆန်မှု၊ အကျင့်ပျက်ချစားမှုတို့ဖြင့် စွပ်စွဲခံရ၍ ဆိုင်းငံ့ ထောင်ဒဏ် ၄၄ နှစ်ဖြင့် နေအိမ် အကျယ်ချုပ် ချထားရာက လွန်ခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့ က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဦးခင်ညွန့်ကို ကောင်းမွန်စွာနေရန် ပြောဆို၍ ပြန်လွှတ်ပေးခဲ့ကြောင်းနှင့် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းသည် နိုင်ငံရေး တိုးတက်မှုအပေါ် အကျိုးသက်ရောက်မှု တစုံတရာဖြစ်သွားနိုင်ကြောင်း နေပြည်တော် အသိုင်းအဝိုင်းတွင် ပြောနေကြသည်။
နိုင်ငံရေးမှ အငြိမ်းစား ယူသွားပြီးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအား ပြန်လည် ဝင်ရောက် စွက်ဖက် လာနိုင် သည့် အခြေအနေကို ဖိတ်ခေါ်လိုက်သကဲ့သို့ အခြေအနေများ ရှုပ်ထွေးသွားမည်ကို နေပြည်တော် အကြီးအကဲများကြား စိုးရိမ်နေကြခြင်း ဖြစ်သည်။
“အိပ်နေတဲ့ ကျားကို နှိုးလိုက်သလို ဖြစ်သွားမှာ စိုးရိမ်တယ်”ဟု နေပြည်တော်ရှိ အမည်မဖော်လိုသူ အုပ်ချုပ်ရေး အရာရှိတဦး က ပြောသည်။
ဧပြီလ ၈ ရက်နေ့က ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာပါ အင်တာဗျူးတခုတွင်“လူအုပ်ကြီး ကြားထဲက သူ့ကို(ဒေါ်အောင်ဆန်းစုကြည်ကို)ဆွဲထုတ်ဖို့ ကျနော့် လူတွေကို အဲဒီညမှာ လွှတ်လိုက်ပါတယ်။ သူတို့က အဲဒီနားက လုံခြုံရာ စစ်တပ် စခန်းထဲရောက်အောင် စီစဉ်ပေးလိုက်တာပါ”ဟု ဦးခင်ညွန့်က ပြောဆိုခဲ့သည်။
ယင်း ပြောဆိုမှုသည် အင်တာနက် လူမှုကွန်ရက် ဖေ့စ်ဘုတ်များ ပေါ်တွင် ပျံ့နှံ့သွားပြီး ရေဒီယို သတင်းဌာနများကလည်း ဒီပဲယင်း အရေးအခင်းတွင် ပါဝင်သူများနှင့် ဆက်သွယ်မေးမြန်းပြီး သတင်းပို့ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အသက်ကို ဦးခင်ညွန့်က ကယ်တင်ခဲ့သည်ဟု ယခု ထုတ်ဖော်ပြောဆိုသော်လည်း ထိုစဉ်က ဒီပဲ ယင်း အရေးအခင်းတွင် ကိုယ်တိုင် ရိုက်နှက်ညဉ်းပန်း ခံခဲ့ရသူများကမူ ဒေါ်အောင်ဆန်းစုကြည်၏ကားမောင်းသူ မန္တလေးမြို့နေ ကိုကျော်စိုးလင်းက မောင်းထွက်ပြေးသည့်အတွက်သာ ဒေါ်အောင်ဆန်းစုကြည် အသက်ချမ်းသာရာရခဲ့ကြောင်း ပြောဆိုကြ သည်။
တပ်မတော်တွင်း၌ ရှိစဉ်က ဦးခင်ညွန့်နှင့် သူငယ်ချင်းလည်းဖြစ်သူ ယခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD) ခေါင်း ဆောင် တဦးဖြစ်သည့် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က သူ အပါအဝင် အားလုံးရဲ့ နစ်နာမှု များကို ပြည်ဖုံးကားချပြီး အနာဂတ်အတွက် လုပ်ဆောင်နေချိန်မှာ ယခု ဦးခင်ညွန့်၏ စကား ပေါ်လာသည့်အတွက် အလွန် စိတ် မကောင်းဖြစ်မိကြောင်း ဧရာဝတီကို ပြောသည်။
“သူ ပြောတာ မှန်ကောင်းလည်း မှန်မယ်။ မမှန်ကောင်းလည်း မမှန်ဘူး။ ကျနော် ကိုယ်တိုင်လည်း အဲဒီအချိန်တုန်းက ထောင် ထဲရောက်နေချိန်ဆိုတော့ မဝေဖန်တတ်ဘူး။ သူ ဘာရည်ရွယ်ချက်နဲ့ ပြောလဲဆိုတာတော့ စဉ်းစားစရာရှိတယ်”ဟု ဦးဝင်းထိန် က ဆိုသည်။
ဦးခင်ညွန့် ပြန်လည်လွတ်မြောက်ပြီးနောက်ပိုင်း နေအိမ်သို့ သွား၍ စကားပြော ဖြစ်ကြောင်း၊ နိုင်ငံရေး စီးပွားရေး မလုပ်တော့ ဟု သူ့ကို ပြောဆိုခဲ့ကြောင်း၊ သို့သော်ယခုပြောဆိုမှုသည် ယခင်က ကျောင်းသား သမဂ္ဂ အဆောက်အအုံ ဗုံးခွဲမှုအား တဦးကို တဦး လက်ညှိုးထိုးခဲ့သည့်ဖြစ်စဉ်မျိုးဟု ထင်မြင်ကြောင်း ဦးဝင်းထိန်က ဆက်ပြောသည်။
“အခု သူပြောတဲ့ စကားက အရင်ပြောတဲ့ စကားနဲ့ ဆန့်ကျင်တယ်။ ဒီဥစ္စာက နိုင်ငံရေး စကားဗျ။ ဒီကိစ္စနဲ့ပတ်သက်လို့ သူ ကိုယ်လွတ်ရုန်းချင်တာလား။ အဲဒါလည်း မစဉ်းစားဘဲ နေလို့ မရတဲ့ အချက်ပဲ”ဟု ဦးဝင်းထိန်က ဆိုသည်။
ဦးခင်ညွန့်လက်ထက်က ဖမ်းဆီး နှိပ်စက် အကျဉ်းချခံခဲ့ရသူ ၈၈ မျိုးဆက်ကျောင်းသား တဦးဖြစ်သည့် ကိုဇော်မင်း ကလည်း “ဒီလိုပြောလိုက်ခြင်းဟာ ဒီနေ့ သွားနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အပံ့ ဖြစ်စေချင်တာလား၊ အနှောင့် အယှက်ဖြစ်စေချင်တာလား ဆိုတာ မေးခွန်းထုတ်ဖို့ ရှိတယ်”ဟု ဆိုသည်။
အကယ်၍ ဦးခင်ညွန့်အနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အထောက်အပံ့ဖြစ်စေလိုသည့် ရည်ရွယ်ချက် ကောင်း ထားရှိသည်ဆိုပါက ပိုမိုပွင့်လင်းရန် လိုအပ်ကြောင်း၊ မကောင်းသည့် ရည်ရွယ်ချက်မျိုးဖြင့် မလုပ်သင့်ကြောင်း ကိုဇော်မင်းက ဆက်ပြောသည်။
နောက်ဆုံးရရှိသော သတင်းများ အရ ဦးခင်ညွန့်သည် တနင်္လာနေ့က ရန်ကုန် တာမွေမြို့နယ်ရှိ အလိုတော်ပြည့် ကျောင်းတွင် သား၂ ဦး၊ မြေးဖြစ်သူတို့နှင့်အတူ သာသနာ့ဘောင်သို့ ၇ ရက်တာ ဒုလ္လဘ ရဟန်းအဖြစ် ခံယူသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ရဟန်းခံသွားခြင်း အပေါ် ဖေ့စ်ဘုတ် စာမျက်နှာများတွင် ဝေဖန်မှုများ ပို၍ ကျယ်လောင်လာပြီး တချို့က ပြဿနာ ဖြစ် ဖွယ်၊ အငြင်းပွားဖွယ် စကားကို ဆိုသောကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ရှောင်ရှားရန် ရဟန်းဝတ်သွားခြင်း ဖြစ် သည်ဟု ပြောဆိုနေကြသည်။
ရန်ကုန်မြို့ ပြည်ထဲရေး ဝန်ကြီး ရုံးဟောင်း၌ ယနေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဦးခင်ညွန့် သည် ဘန်ကောက်ပို့စ် အပါအဝင် မည် သည့် ပြည်ပ သတင်းမီဒီယာများနှင့်မျှ တွေ့ဆုံခြင်း မရှိကြောင်း၊ ဒီပဲယင်းနှင့် ပတ်သက်၍ပြောဆိုခြင်းမရှိကြောင်း ရဲ သတင်းတပ်ဖွဲ့မှ ဒု ရဲမှူးကြီး ဝင်းနိုင်ထွန်း နှင့် ဦးခင်ညွန့်၏ တပည့် ဗိုလ်မှူး ဟောင်း ဝင်းမောင်မောင်တို့က ရှင်းလင်း ပြောကြားသည်ဟု 7 day news ဂျာနယ် ဖေ့စ်ဘုတ် စာမျက်နှာ၌ ရေးသားထားသည်။
သို့သော် ဘန်ကောက်ပို့စ် သတင်းစာက ဦးခင်ညွန့်နှင့် အမှန်တကယ် တွေ့ဆုံမေးမြန်းမှု ပြုခဲ့သည့်အပြင် သတင်းရေးသားသူ ကိုမြင့်ရွှေ ကိုယ်တိုင် ဦးခင်ညွန့် နှင့် အတူတွဲ၍ ဓာတ်ပုံ ရိုက်ခဲ့သေးကြောင်း ဧရာဝတီသို့ အခိုင်အမာ ပြောဆိုသည်။