သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့နံနက် ၁၁ နာရီခန့်က နေပြည်တော်ရှိ သမ္မတ ရုံးတွင် တနာရီကျော်တွေ့ဆုံဆွေးနွေးကြောင်း သတင်းရသည်။
ထိုသို့တွေဆုံမှုသည် ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်အား အရေးပေါ် ခေါ်ယူတွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။
လေ့လာသူများအဆိုအရ ပြီးခဲ့သည့် ရက်ပိုင်းက စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်က၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်း အရေးအခင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်အား မိမိကယ်တင်ခဲ့ရသည်ဟု ထိုင်းနိုင်ငံအခြေ စိုက် ဘန်ကောက်ပို့စ် သတင်းစာအား ပြောဆိုခဲ့ခြင်းနှင့် ဆက်စပ်နိုင်ကြောင်း သိရသည်။
ထိုပြောဆိုမှုသည် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအား ထိုးနှက်မှုတခု ဖြစ်ရုံသာမက အစိုးရအဖွဲ့ကိုပါ ထိခိုက်နိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
ယခု ဒုတိယအကြိမ် တွေ့ဆုံမှုနှင့် ပတ်သက်၍ မည်သည့်အကြောင်းအရာများ ဆွေးနွေးသည်ကိုမူ နှစ်ဘက်စလုံးက ထုတ်ပြန်ခြင်း မရှိပေ။ ယမန်နှစ် သြဂုတ်လ ၁၉ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် ပထမ အကြိမ် တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးတာဝန် ယူထားသည့် ဦးခွန်သာမြင့်က“ဘာတွေ ဆွေးနွေးတယ် ဆိုတာတော့ ပြောခွင့်မရှိပါဘူး၊ အကြောင်းအရာတွေကတော့ အများကြီးဖြစ်မှာပါ၊ ဆွေးနွေးပွဲရလဒ်ကို မူတည်ပြီးမှ သတင်းထုတ်ပြန်သင့်ထုတ်ပြန်မယ်”ဟုဆို သည်။
သို့သော် ၎င်းတို့ နှစ်ဦးသည် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးများကို ဆွေးနွေးနိုင်ကြောင်း NLD ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ကိုးကားပြီး ယမန်နေ့ရက်စွဲဖြင့် AP သတင်းတွင် ရေးသားထားသည်။ စီးပွားရေး အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်၍လည်း ဆွေးနွေးကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဦးသိန်းစိန်၊ သမ္မတကတော် ဒေါ်ခင်ခင်ဝင်း တို့နှင့်အတူ သမ္မတ ဧည့်ခန်းဆောင်တွင် နေ့လယ်စာ စားသောက်ပြီးနောက် နေ့လယ်၂နာရီခန့်တွင် လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ၄၄ နေရာ ယှဉ်ပြိုင် ခဲ့ရာ ၄၃ နေရာ အနိုင်ရခဲ့ပြီးနောက် လာမည့် ၂၃ ရက်နေ့တွင် ကျင်းပမည့် ပြည်သူ့ လွှတ်တော် အစည်းအဝးကို တက်ရောက်ရမည်ဖြစ်သည်။