၂၀၀၃ ခုနှစ် ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ကြီး ခင်ညွှန့် ဦးဆောင်သော ထောက်လှမ်းရေး အဖွဲ့က ကယ်ဆယ် လိုက်သည်ဆိုသောဘန်ကောက်ပို့စ် သတင်းစာပါ ဖော်ပြချက်မှာ မမှန်ကန်ကြောင်း ရဲသတင်းတပ်ဖွဲ့နှင့် ဦးခင်ညွန့်၏ တပည့်တို့က ငြင်းဆိုလိုက်သည်။

ရန်ကုန်မြို့ရှိ ပြည်ထဲရေးဝန်ကြီးဌာနရုံး အဆောက်အအုံတွင် ယနေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယ သတင်းတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်းနှင့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ တပည့်တဦးဖြစ်သူ ဗိုလ်မှူးဟောင်း ဝင်းမောင်မောင်တို့က အထက်ပါအတိုင်း ငြင်းဆိုခြင်းဖြစ်သည်။
“ဘန်ကောက်ပို့စ်မှာ ထောက်လှမ်းရေးတပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းအရေးအခင်းမှာ ကယ်လိုက်တယ် ဆိုတာမျိုးပါလာတော့ ကျနော်ကိုယ်တိုင် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ကို သွားမေးပါတယ်။ ဦးခင်ညွန့်က သင်္ကန်းစည်းနေတာနဲ့ တိုက်ဆိုင်တော့ ကျနော်လည်း အဲဒီကိစ္စကို အကျိုးအကြောင်း လျှောက်ထားပြီး မေးကြည့်တယ်။ ဦးခင်ညွန့်က သူဘယ်တုန်းကမှ ပြည်ပမီဒီယာတွေကို မဖြေပါဘူး၊ အဲဒီကိစ္စ မဟုတ်ပါဘူးလို့ ပြောတယ်” ဟု ရဲမှူးကြီး ဝင်းနိုင်ထွန်းက သတင်းထောက်များကို ပြောသည်။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် စည်းရုံးရေးခရီးထွက်နေသော ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ကို အာဏာပိုင်များက ဝိုင်းဝန်းရိုက်နှက်ခဲ့ပြီး လူအများအပြား သေကြေဒဏ်ရာရရှိခဲ့သော်လည်း ယခုအချိန်အထိ အာဏာပိုင်များက အဖြစ်မှန်ကို ဖော်ထုတ်ခြင်းမရှိသေးပေ။
ဘန်ကောက်ပို့စ် သတင်းစာ ဆောင်းပါးပါ အချက်အလက်များကြောင့် ယခုကဲ့သို့ တိုင်းပြည် ပြန်လည်တည်ဆောက်ရေး အတွက် ညီညွတ်မှု ရှိနေချိန်တွင် အနှောင့်အယှက်ဖြစ်နိုင်ကြောင်း ဗိုလ်မှူးဟောင်း ဝင်းမောင်မောင်က ဆိုသည်။
၎င်းကပင် ဦးခင်ညွန့်သည် ပြည်ပမီဒီယာများကို အင်တာဗျူးဖြေကြားမည် မဟုတ်ဘဲ ပြည်တွင်း သတင်းမီဒီယာများကိုသာ တိုင်းကျိုးပြည်ပြု ပြောဆိုမည်ဟု ပြောဆိုထားပြီးဖြစ်ကြောင်း၊ ဘန်ကောက်ပို့စ် သတင်းစာပါ ရေးသားချက်များမှာ ကနေဒါနိုင်ငံမှ ဦးမြင့်ရွှေဆိုသူက လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်နှင့် အွန်လိုင်းအယ်ဒီတာ ဝဏ္ဏတို့၏ အကူအညီဖြင့် ဦးခင်ညွှန့်ကို တွေ့ဆုံခွင့်တောင်းခဲ့ကြောင်း၊ ယင်းသို့တောင်းခံရာတွင် သာမန်လူကြီးတဦးကို ဂါဝရ ပြုလိုပါသည်ဟု ပြောဆိုပြီး သတင်းထောက်တဦးအနေနှင့် တွေ့ဆုံခြင်း မဟုတ်ကြောင်း၊ ထို့အပြင် တွေ့ဆုံခြင်းနှင့် ပတ်သက်ပြီး သတင်းနှင့် ဆောင်းပါး ရေးသားမည်ဆိုပါက ဦးခင်ညွန့်၏ ခွင့်ပြုချက်ရယူရန် သဘောတူညီခဲ့ကြောင်း၊ သို့သော် ခွင့်ပြုချက်မယူဘဲ ဘန်ကောက်ပို့စ်တွင် မြင့်ရွှေအမည်ဖြင့် ဆောင်းပါးတပုဒ်နှင့် သတင်းတပုဒ်ကို ရေးသားခဲ့ကြောင်း ပြောသည်။
“ဦးခင်ညွန့်နဲ့ မြင့်ရွှေတို့က ၁ နာရီနဲ့ ၅၅ မိနစ်တွေ့ခဲ့ကြတယ်။ တွေ့တုန်းက မပြောတဲ့ဟာတွေကို ထည့်ရေးတယ်။ အဲဒီတော့ မြင့်ရွှေက သဘောတူညီချက်ကို ချိုးဖောက်ပြီး ကာယကံရှင်ရဲ့ ခွင့်ပြုချက် မယူဘဲ ဘန်ကောက်ပို့စ်မှာ ရေးတယ်။ နောက်ထပ်လည်း အဲဒီလို ထပ်ပြီး ထင်ယောင်ထင်မှားဖြစ်စေ နိုင်တာတွေရှိလာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တွေ့ခဲ့ကြတာ ၁ နာရီနဲ့ ၅၅ မိနစ်ရှိတယ်။ အခု ဘန်ကောက်ပို့စ်မှာ ပါသွားတဲ့အကြောင်းအရာတွေက A 4 စာရွက်နဲ့ သုံးမျက်နှာ၊ အသံဖိုင်နဲ့ဆို နာရီဝက် စာလောက်ပဲရှိသေးတယ်” ဟု ဗိုလ်မှူးဟောင်း ဝင်းမောင်မောင်က ဆိုသည်။

ဦးခင်ညွန့်အနေနှင့် မည်သည့် ပြည်ပမီဒီယာကိုမျှ သတင်းပြောဆို ဖြေကြားခြင်း ပြုလုပ်မည် မဟုတ်ကြောင်း၊ ဘန်ကောက်ပို့စ် သတင်းစာသို့ ကန့်ကွက်ရန် ရှိ မရှိလည်း မိမိမသိကြောင်း၊ မိမိသည် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၏ ပြောခွင့်ရ ပုဂ္ဂိုလ်လည်း မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယနေ့သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ မီဒီယာအများအပြား တက်ရောက်သတင်းယူခဲ့ကြသည်။
“၁ နာရီ ၅၅ မိနစ် အင်တာဗျူးခံပြီး ဟိုဘက် သတင်းရေးတော့မှ ဒီသတင်းစာရှင်းလင်းပွဲ ထလုပ်တာ။ သူတို့ဘက်က ဘာတွေပြောခဲ့ကြသလဲ ဆိုတာကို တိတိကျကျ ထုတ်ဖော်မပြောဘူး။ အသံဖိုင်လည်း မပေးဘူး။ ဒါပေမယ့် ဘန်ကောက်ပို့စ်က သတင်းက မှားပါတယ်ပဲ အတင်းငြင်းတယ်။ သတင်းမီဒီယာတွေကို ခေါ်တွေ့တာကလည်း ဘန်ကောက်ပို့စ်က မှားပါတယ်ဆိုတာကို ရေးစေချင်လို့ ခေါ်တွေ့တဲ့ပုံစံပဲ။ ဘာမှ အသေးစိတ်အချက်အလက် သက်သေအထောက်အထား ပေးတာမျိုးမရှိဘူး” ဟု ပြည်တွင်းသတင်းထောက် တဦးက ပြောသည်။
ပြည်တွင်း သတင်းအယ်ဒီတာတဦးကမူ ဦးခင်ညွန့်၏ ပြောကြားချက်ကြောင့် နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များအကြား ဂယက်ရိုက်မှု အကြီးအကျယ်ဖြစ်ပေါ်ခဲ့ပြီး အကြမ်းဖက်မှုတွင် ပတ်သက်ခဲ့သူများက ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို တားဆီးရန် သမ္မတနှင့် အစိုးရအဖွဲ့ကို ဖိအားပေးခဲ့သည်ဟု ကြားသိရကြောင်း ဆိုသည်။
နေပြည်တော်မှ သတင်းများအရမူ ယခုကိစ္စတွင် ဒီပဲယင်း အကြမ်းဖက်မှုကဲ့သို့သော ကိစ္စများ ပါဝင်လာသဖြင့် အငြိမ်းစားယူပြီဆိုသော ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ ပါဝင်စွက်ဖက်မှုများရှိကြောင်း စုံစမ်းသိရှိရသည်။
၁၉၈၈ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် တပ်မတော်မှ ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု၊ ခြစားမှုများကို ယခုကဲ့သို့သော အသွင်ကူးပြောင်းရေးကာလတွင် ရေးသားဖော်ပြရန် မဖြစ်နိုင်ကြောင်း အစိုးရထိပ်ပိုင်း အရာရှိကြီးက ဧရာဝတီသို့ ပြောသည်။
သတင်းထောက်တဦးက “အချိန်အကြာကြီး ပြောခဲ့တဲ့အထဲမှာ သေချာပေါက် အတွင်းရေးတွေပါမှာပဲ။ ဖြေပြီးတော့မှ ပြန်ပိတ်ချင်လို့ ဒီလိုလုပ်တယ်လို့ပဲ ယူဆတယ်။ တကယ်တမ်း အရေးကြီးဆုံးက မီဒီယာတွေက မျှမျှတတ ဆုံးဖြတ်ရေးရမှာရယ်၊ သေသေချာချာ သက်သေအထောက်အထား ရှာရေးသင့်တယ်။ မဟုတ်ရင်တော့ သတင်းမီဒီယာက ပြည်ထဲရေးက ရေးစေချင်တာကို ရေးပေးရမလို၊ ပြည်ထဲရေးအာဘော်ဖြစ်သွားမှာ” ဟု ပြောသည်။
ယခု ရုတ်တရက် စီစဉ်ကျင်းပသော သတင်းစာရှင်းလင်းပွဲသည် ယခင် စစ်အစိုးရလက်ထက်က ပြုလုပ်ခဲ့သော တဖက်သတ်ဆန်သည့် သတင်းစာရှင်းလင်းပွဲကဲ့သို့ပင် ဝါဒဖြန့်ချိရေး ဆန်နေသည်ဟု ပြည်တွင်းပြည်ပ မီဒီယာသမားများက သုံးသပ်သည်။
ဘန်ကောက်ပို့စ် သတင်းစာသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့က ဦးခင်ညွန့်နှင့် အမှန်တကယ် တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့သည့်အပြင် သတင်းရေးသားသူ ကိုမြင့်ရွှေ ကိုယ်တိုင် ဦးခင်ညွန့်နှင့်အတူတွဲ၍ ဓာတ်ပုံ ရိုက်ခဲ့သေးကြောင်း ဧရာဝတီသို့ အခိုင်အမာ ပြောဆိုသည်။
သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး နာရီပိုင်းအတွင်းမှာပင် Facebook လူမှုကွန်ရက် ပေါ်၌ ဦးခင်ညွန့်နှင့် ကိုမြင့်ရွှေတို့ အတူတွဲရိုက်ထားသည့် ဓာတ်ပုံလည်း ထွက်ပေါ်လာခဲ့သည်။
ဆက်စပ်သတင်းများ