ထိုင်းနိုင်ငံ တောင်ပိုင်း ပင်လယ်ကမ်းခြေနှင့် ထိစပ်လျက်ရှိသော ရနောင်းမြို့တွင် ယနေ့မွန်းလွဲပိုင်းက အရေးပေါ် ဆူနာမီ သတိပေးချက် ထုတ်ပြန်လိုက်သဖြင့် ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ရန် ရောက်ရှိနေသည့် ထောင်နှင့်ချီသော မြန်မာ အလုပ်သမားများ အခက်အခဲ ဒုက္ခ ဖြစ်ကြရကြောင်း သတင်းရရှိသည်။
ရနောင်းမြို့ ပေါက်ခေါင်းရပ်ကွက် ယာယီနိုင်ငံကူးလက်မှတ်ရုံးတွင် မြန်မာအလုပ်သမားများက နေထိုင်ခွင့် သက်တမ်း တိုးမြှင့်ခြင်း လုပ်ကိုင်နေစဉ် ဖြစ်သည်ဟု ရနောင်းဒေသခံများက ပြောသည်။
“ဆူနာမီ သတိပေးချက်ကြေညာလိုက်တော့ အဲဒီရုံးမှာရှိတဲ့ ထိုင်း-မြန်မာ အစိုးရ ဝန်ထမ်းတွေက ဆက်လုပ်မပေးတော့ဘဲ ရုံးပိတ်ပြီးပြေးသွားတယ်။ အလုပ်သမားတွေက ဘယ်သွားလို့ ဘာလုပ်ရမလဲ မသိဘူး။ ရေတက်လာမယ်ဆိုတော့ သူတို့လဲ မြို့ထဲလမ်း တွေမှာ ခြေဦးတည့်ရာသွားကြတာပဲ”ဟု ရနောင်း မြို့တွင်နေထိုင်သူ ကိုထိုက်ထိုက် က ဧရာဝတီသို့ပြောသည်။
သက်တမ်းတိုးရန်ရောက်ရှိလာကြသော မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံတွင်း အနယ်နယ်အရပ်ရပ်၌ ပန်းရံ၊ စားသောက် ဆိုင်၊ အိမ်အကူလုပ်ငန်း၊ ခြံလုပ်ငန်း၊ ဈေးရောင်းခြင်းလုပ်ငန်းများနှင့် အခြားသောလုပ်ငန်းများတွင် လုပ်ကိုင်ကြသူများဖြစ်ပြီး ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိရေးအတွက် ယာယီနိုင်ငံကူးလက်မှတ် သက်တမ်း လာရောက်တိုးမြှင့်ကြခြင်းဖြစ်သည် ဟု အလုပ်သမားများက ပြောသည်။
အဆိုပါ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးရေးရုံးတွင် ထိုင်းအစိုးရ လူဝင်မှုကြီးကြပ်ရေးဌာန ဝန်ထမ်းများနှင့် မြန်မာအစိုးရ ပြည် ထဲရေးဌာန လက်အောက်ဝန်ထမ်းများ က တာဝန်ယူလုပ်ကိုင်ပေးနေခြင်းဖြစ်ပြီး ဆူနာမီသတိပေးချက်ထုတ်ပြန်ချိန်တွင် ရုံးပိတ် ကာ ပြန်သွားကြသဖြင့် အလုပ်သမားအများစုက သက်တမ်းတိုးမြှင့်ခြင်းရှေ့ဆက်လုပ်ဆောင်ရမည့် အစီအစဉ်ကို မသိရှိဘဲ ဖြစ်နေ သည်။
“ဒီကိုတကူးတက လာရတာ။ စာအုပ် နေထိုင်ခွင့်သက်တမ်းက မနက်ဖြန်ဆိုကုန်ပြီ ဘာဆက်လုပ်ရမယ်ဆိုတာလဲ မသိဘူး။ ဒီည လည်း ဘယ်မှာတည်းခိုရမလဲ မသိဘူး။ ထိုင်းရောမြန်မာအစိုးရရောက သူတို့ပဲ လွတ်အောင်ပြေးသွားတာ အခုဘာဆက်လုပ် ရ မလဲမသိဘူး၊ လမ်းဘေးမှာပဲ ထိုင်စောင့်ရတော့မယ်”ဟု အလုပ်သမ တဦးက ပြောသည်။
အလုပ်သမားတချို့က ဆူနာမီသတိပေးချက်ကြောင့် စိုးရိမ်စိတ်ဖြင့် စာအုပ်သက်တမ်းတိုးမြှင့်ခြင်းမပြုတော့ဘဲ လာရင်းနေရပ်များသို့ ပြန်သွားခဲ့ကြပြီးအများစုမှာ ရနောင်းမြို့ပေါ်လမ်းမကြီးများဘေးနှင့် နားခိုနိုင်မည့်နေရာများကိုရှာဖွေနေကြောင်း မြို့ခံများကပြော သည်။
“မြို့ထဲလမ်းမကြီးပေါ်မှာ မြန်မာတွေချည်းပဲ လမ်းလျှောက်သွားနေကြတာ၊ တချို့ကလည်း ကလေးတွဲလောင်းနဲ့ ပြေးလွှား ကြရင်းနဲ့ ယာဉ်တိုက်မှုတွေပါဖြစ်ကုန်တယ်လေ။ ဒီအချိန်က အစိုးရတွေကလည်း ဘာအာမခံချက်မှမရှိဘူး”ဟု ကိုထိုက်ထိုက် က ပြောသည်။
မြို့ခံထိုင်းလူမျိုးများက အသင့်အနေအထားဖြင့် ထိုင်းအစိုးရက ထပ်မံ ထုတ်လွှင့်မည့် ဆူနာမီသတိပေးချက် အခြေအနေများကို သတိဖြင့် စောင့်ဆိုင်းနေကြသည်ဟု ဆိုသည်။ ဆူနာမီစောင့်ကြည့်ရေးဌာနများ၏ နောက်ဆုံးထုတ်ပြန်ချက်အရ ဆူနာမီလှိုင်းများ ဖြစ်ပေါ်လာနိုင်ခြင်း မရှိတော့ဟု သိရသည်။
ဆူနာမီစောင့်ကြည့်ရေး ဗဟိုဌာနများ၏ ယနေ့ ထုတ်ပြန်ချက်အရ မြန်မာစံတော်ချိန် ၃ နာရီခန့်က အင်ဒိုနီးရှားနိုင်ငံ ဆူးမားတြား ကျွန်း၏ အနောက်တောင်ဘက် ၂၆၈ မိုင်အကွာ ပင်လယ်အောက် မြေပြင်တွင် အင်အား ရစ်ချ်စ်တာစကေး ၈.၉ ရှိ အင်အားပြင်း ရေအောက်ငလျင် လှုပ်ခတ်ခဲ့ကြောင်းကြေညာအပြီး ထိုင်း-မြန်မာ ကမ်းရိုးတန်းဒေသများကို ဆူနာမီလှိုင်းများ ရောက်ရှိလာနိုင် ကြောင်း သက်ဆိုင်ရာအစိုးရတွေက ထုတ်ပြန်ကြသည်။
၂၀၀၄ ခုနှစ် ဒီဇင်ဘာလကလည်း ရစ်ချ်စ်တာစကေး ၉.၀ အဆင့်ရှိ ရေအောက်ငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီလှိုင်းများဖြစ်ပေါ်ကာ ထိုင်းနိုင်ငံကမ်းရိုးတန်းဒေသတချို့တွင် လူအသေပျောက်များခဲ့သည်။ ထိုအချိန်က မြန်မာနိုင်ငံသား အလုပ်သမား အများစု လည်းပါဝင်ပြီး သေဆုံးမှုများရှိကြောင်း၊ ပိုင်ရှင်မရှိသဖြင့် ပြည်ပရောက် လူထုအခြေပြု အဖွဲ့များက သွားရောက်ရှာဖွေ သင်္ဂြိုဟ် ပေးခဲ့ရသည်။