နိုင်ငံတကာ အလှူရှင်များအနေနှင့် ပြည်တွင်းထဲသို့ ပံ့ပိုးကူညီမူများ တိုးမြှင့်ပြုလုပ်နေချိန်တွင် နယ်စပ်ဖြတ်ကျော် ကူညီထောက်ပံ့မူများကို လျှော့ချ၊ ဖြတ်တောက်ခြင်းများအပေါ် စိုးရိမ်သည်ဟု နယ်စပ်ဒေသတလျှောက် လှုပ်ရှားနေသည့် လူမူကူညီရေးအဖွဲ့ ၃၆ ဖွဲ့က ဧပြီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ကရင်ပြည်နယ်အတွင်း နယ်လှည့် ဆေးကုပေးနေသည့် ကျောပိုးအိတ်အဖွဲ့မှ ကိုမန်းမန်းက “အထူးသဖြင့် နော်ဝေအစိုးရက ချမှတ်ပေးတဲ့ အကူအညီတွေပေါ့။ လက်ရှိငြိမ်းချမ်းရေး ရန်ပုံငွေကိုပဲ ဦးစားပေးပြီး နယ်စပ်ဖြတ်ကျော်တဲ့ အကူအညီတွေကို ဖြတ်တောက်မယ်လို့ သိနေရတယ်။ ကျနော်တို့အဖွဲ့ ရန်ပုံငွေ တချို့လည်း ရပ်သွားတာမျိုးရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲပြီးချိန်မှ စ၍ နိုင်ငံတကာအလှူရှင်များက ပံ့ပိုးမူများ လျှော့ချမည်ဟု သတင်းထွက်ပေါ်ခဲ့ကြောင်း၊ ထို့နောက် သမ္မတ ဦးသိန်းစိန် အစိုးရက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ နိုင်ငံရေးပါတီများနှင့် ပတ်သက်ပြီး ဖြေလျှော့ပေးခြင်းများ ပြုလုပ်ပြီးနောက်ပိုင်းတွင် နယ်စပ်ဒေသများအတွက် နိုင်ငံတကာ အကူအညီများ စတင်လျှော့ချလာခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ပြုလုပ်ပြီးသည့်နောက်တွင် လျှော့ချမူများ ပိုမိုသိသာလာသည်ဟု ဆိုသည်။
မြန်မာနိုင်ငံရေး အပြောင်းအလဲများသည် အပေါ်ယံသာဖြစ်ပြီး တိုင်းရင်းသားဒေသများသို့ သက်ရောက်မှု မရှိသေးသဖြင့် အမှန်တကယ် ငြိမ်းချမ်းရေးရပြီဟု မပြောနိုင်ကြောင်း တိုင်းရင်းသားလူမျိုးများ လူထုဖွံ့ဖြိုးရေးအဖွဲ့မှ ကိုစိုင်းခေးဆိုင်က ဆိုသည်။
“ကျနော်တို့ စာရင်းကောက်ထားတာ နဂိုရှိပြီးသား ဒုက္ခသည်တွေအပြင် အခုလတ်တလော တိုက်ပွဲတွေ၊ ဖွံ့ဖြိုးရေးစီမံကိန်းတွေကြောင့် ထပ်ပြေးလာတဲ့လူတွေ ရှိနေတုန်းပဲခင်ဗျ။ အရေးကြီးတဲ့အချိန်မှာ အလှူတွေကို ချက်ချင်းဖြတ်ပစ်လိုက်ရင်တော့ အဲဒီလူတွေ တော်တော်ဒုက္ခရောက်နိုင်ပါတယ်” ဟု ကိုစိုင်းခေးဆိုင်က ပြောသည်။
အလှူရှင်များအနေဖြင့် တဖက်ကို ပံ့ပိုးပေးသည့် ရန်ပုံငွေများကို ရပ်တန့်လိုက်ပြီး အခြားတဖက်သို့ ပေါင်းပေးလိုက်ခြင်းဖြင့် နယ်စပ်ဒေသမှ အဖွဲ့များနှင့် ပြည်တွင်းမှ အဖွဲ့များ၏ ပူးပေါင်းလုပ်ကိုင်နိုင်စွမ်းကိုလည်း အကန့်အသတ် ဖြစ်စေနိုင်ကြောင်း ကိုမန်းမန်းက ပြောသည်။
“ရန်ပုံငွေကို တဖက်တည်း ဇောင်းပေးမယ့်အစား တဖွဲ့နဲ့တဖွဲ့ ပူးပေါင်းလုပ်နိုင်မယ့်လမ်းတွေကို ရှာစေချင်ပါတယ်” ဟု ၎င်းက ပြောသည်။
ကြေညာချက် ထုတ်ပြန်ရာတွင် ပါဝင်ခဲ့သည့် အဖွဲ့အများစုသည် ပြည်တွင်း တိုင်းရင်းသားဒေသများတွင် အဓိကလုပ်ကိုင်ခြင်းဖြစ်ပြီး နယ်စပ်ဒေသများတွင်လည်း ဆက်ဆံရေးရုံး ထားရှိကြကြောင်း သိရသည်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် မြန်မာနိုင်ငံမှ ဒုက္ခသည် ၁ သိန်းခွဲကျော်ရှိသည်။
လက်ရှိ ကချင်ပြည်နယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် နေရပ်စွန့်ခွာပြေးရသူ ၆၅၀၀၀ အထိ ရှိနေပြီး ယင်းဒုက္ခသည်များမှာ ပြည်တွင်း၊ ပြည်ပမှ ထိရောက်သည့် အကူအညီများ မရရှိကြဘဲ ဖြစ်နေဆဲဟု သိရှိရသည်။