ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ အကြည်ညိုဆုံးပုဂ္ဂိုလ်မှာ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ် အောင်ဆန်းသာဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ထုတ်ဖော် ပြောဆိုလိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်ခေါင်းဆောင်ဖြစ်သော်လည်း ယူနီဖောင်းသုံးစုံသာရှိကြောင်း၊ သက်တမ်းတိုတောင်းသော်လည်း တိုင်းပြည်အတွက် အလုပ်များစွာလုပ်သွားကြောင်း၊ ထိုသို့ခေါင်းဆောင်မျိုး ရှားပါးကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် ထုတ်ဖော်ချီးကျူးခဲ့သည်ဟု ဦးခင်အောင်မြင့်က ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံစဉ်ပြောခြင်းဖြစ်သည်။
“မှန်တဲ့သစ္စာစကားပြောရရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကျနော့်ကို လုပ်ငန်းကိစ္စပြောရင်း တခါပြောဖူးတယ်၊ ဟေ့ … ဒီနိုင်ငံမှာ အကြည်ညိုဆုံးက ဗိုလ်ချုပ် အောင်ဆန်းပဲရှိတယ်၊ ဒီလို ခေါင်းဆောင်မျိုးရှာကြည့် လုံးဝမရှိဘူး” ဟု ပြောဆိုကြောင်း ဦးခင်အောင်မြင့်က ပြောသည်။
ဦးသန်းရွှေသည် ယမန်နှစ် မတ်လက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရာထူးမှ အနားယူခဲ့သည်။ ယခုအခါ ကျန်းမာရေးဆိုးရွား နေကြောင်း၊ သို့သော် တပ်မတော်အပေါ်တွင်လည်း ဆက်လက်ပြီး သြဇာလွှမ်းမိုးနေသေးကြောင်းလည်း သတင်းများလည်း ထွက်ပေါ်နေသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမ္မတဦးသိန်းစိန်အား အာဏာလွှဲပြောင်းပေးစဉ်က“ငါခင်းပေးသော လမ်းကြောင်းအတိုင်း မင်းတို့ အချင်းချင်း ညှိနှိုင်းပြီးလုပ်ကြ။ ဒါပေမယ့် ငါနဲ့ ကိုအေးတို့ရဲ့ မိသားစုကိုတော့ လာပြီးမထိနဲ့” ဟု ပြောဆိုဖူးကြောင်း တပ်မတော် ထောက်လှမ်းဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ် အဆိုအရ သိရသည်။
ယခုရက်ပိုင်းက ဘန်ကောက်ပို့စ် သတင်းစာပါ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်က ဒီပဲယင်း အကြမ်းဖက်မှုအတွင်း ဒေါ်အောင်ဆန်းစုကြည်အား ကယ်တင်ခဲ့ရသည်ဆိုသော ပြောဆိုမှုသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ထိခိုက်နိုင်ပြီး နိုင်ငံရေးတွင် ပြန်လည် စွက်ဖက်လာမည်ကို နေပြည်တော် အစိုးရအဖွဲ့ဝင်များအကြား စိုးရိမ်နေကြကြောင်း သိရှိရသည်။
လက်ရှိတပ်မတော်အတွင်း ဗိုလ်ချုပ် အောင်ဆန်းအပေါ် ကြည်ညိုသော စိတ်ဓာတ်များ ဆက်၍ရှိမရှိ ဧရာဝတီက မေးမြန်းရာ မိမိအနေဖြင့်ဖြင့် မခန့်မှန်းနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် တပ်မတော်နှင့် ကင်းကွာခဲ့သည်မှာ ၆ နှစ်ခန့်ရှိပြီး မျိုးဆက်လည်း ကွာဟသွားပြီဖြစ်ကြောင်း ဦးခင်အောင်မြင့်က ပြောသည်။
ထို့အပြင် ဦးခင်အောင်မြင့်က မိမိသည်လည်း ဗိုလ်ချုပ်အောင်ဆန်းကို ဖခင်ကဲ့သို့ သဘောထားပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင်လည်း မောင်နှမရင်းချာကဲ့သို့ လေးစားသဘောထားကြောင်း ဆက်လက်ပြောသည်။
“ငယ်ငယ်လေးကတည်းက အောင်ဆန်းနော်၊ ဗိုလ်ချုပ်နော်၊ တေဇနော်တို့နဲ့ ကြီးလာတာပဲ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ဆောင်းပါး အကုန်ဖတ်တယ်၊ အကုန်သိမ်းထားတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ၎င်းအနေဖြင့် တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေး ညွန်ကြားရေးမှူးတာဝန် ထမ်းဆောင်စဉ်က တပ်တပ်မတော်သားများ မျိုးချစ်စိတ်ဓာတ်ရှင်သန်စေရန် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို ဟောပြောကြောင်းလည်း ပြောသည်။
မြန်မာတပ်မတော်ကို ဗိုလ်ချုပ် အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်ဝင်များသည် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သော်လည်း ၁၉၈၈ ခုနှစ် တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလောကသို့ ဝင်ရောက်လာသောအခါတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ပတ်သက်သည့် အခမ်းအနားများ၊ စာအုပ်စာပေများကို တင်းကျပ်စွာစိစစ် တားမြစ်ခဲ့သည့်အပြင် တပ်မတော်ဖခင်ဆိုသည့် အခန်းကဏ္ဍကိုပါ မှေးမှိန်စေခဲ့သည်။
အစိုးရ ရုံးဌာနများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ပုံများကို ဖြုတ်ပယ်ခြင်း၊ ငွေစက္ကူများပေါ်မှ ဗိုလ်ချုပ်၏ ပုံများကို တဖြည်းဖြည်းဖယ်ရှားခြင်းများ စစ်အစိုးရလက်ထက်တွင် လုပ်ဆောင်ခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း လွတ်မြောက်လာခဲ့သည့် နိုင်ငံရေးအကျဉ်းသား ဗိုလ်ကြီးဟောင်း နေမျိုးဇင်သည် ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်အား ဝတ်ဆင်မှုကြောင့် ထောင်တွင်းတရားရုံးတွင် တရားစွဲဆိုခြင်း ခံခဲ့ရသေးသည်။
ယခုအခါ ဗိုလ်ချုပ် အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည် ပုံပါ တီရှပ်အကျႌများကို လူထုက လွတ်လပ်စွာ ဝတ်ဆင်နေကြပြီး ရုပ်ပုံကားချပ်များ၊ ပိုစတာများကိုလည်း လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း၊ လူငယ်တချို့က ဗိုလ်ချုပ်ပုံ ဆေးမှင်များ ထိုးနှံမှုလည်း ခေတ်စားနေကြောင်းလည်း သိရှိရသည်။
ဆက်စပ်သည့် အင်တာဗျူး
ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်နှင့် တွေ့ဆုံမေးမြန်းခြင်း (၁)
ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်နှင့် တွေ့ဆုံမေးမြန်းခြင်း (၂)
ရုပ်သံကြည့်ရှုရန်