ကြားဖြတ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လွှတ်တော် အမတ်များသည် ယခုလ ၂၃ ရက်နေ့တွင် တက်ရောက်ရမည့်လွှတ်တော် အစည်းအဝေး မတိုင်မီ လွှတ်တော် လုပ်ထုံးလုပ်နည်းများကို ကြိုတင် တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အမတ် ၄၃ ဦး ပထမဆုံး တက်ရောက်ကြမည့် လွှတ်တော်များအတွင်း တင်ပြဆွေးနွေးကြမည့် အချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ရန်ကုန်မြို့ ရွှေဂုံတိုင် ရုံးချုပ်တွင် ယခုလ ၁၉ ရက်နေ့မှ စ၍ ၂ ရက်ကြာ ဆွေးနွေးသွားမည်ဟု NLD ပြောခွင့်ရပုဂ္ဂိုလ်ဦးဉာဏ်ဝင်းက ပြောသည်။
“ကျနော်တို့က လွှတ်တော်နဲ့ ပထမဆုံး တွေ့ရမှာလေ။ အဲဒီတော့ လွှတ်တော်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ၊ အတွေ့အကြုံတွေကို အချင်းချင်းဖလှယ်ကြမှာ” ဟု ဦးဉာဏ်ဝင်း က ဧရာဝတီသို့ ပြောသည်။
လတ်တလော မြန်မာ့နိုင်ငံရေးအခြေအနေ ဖြစ်ပေါ်ပြောင်းလည်းမှုများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်နှင့် ဦးဉာဏ်ဝင်းတို့ ဧပြီလ ၁၀ ရက်နေ့က တွေ့ဆုံကာ ဆွေးနွေးဖလှယ်မှုများ ပြုလုပ်ခဲ့သေးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
ဒေသအသီးသီးမှ ရောက်ရှိလာကြမည်ဖြစ်သော NLD အမတ်များအနေဖြင့် ၂၀၀၈ အခြေခံဥပဒေတွင် ပြင်ဆင်ရန် လိုအပ်သည့် အချက်များ၊ ဒေသတွင်း ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးရေးတင်ပြရန်ကိစ္စများ ပြင်ဆင်ရန်နှင့် လုပ်ဆောင်ရမည့် အချက်များကို လွှတ်တော်တွင် တင်ပြဆွေးနွေးနိုင်ရန် ဖလှယ်ကြမည်ဟု သိရသည်။
လွှတ်တော်တက်မည့် အမျိုးသမီး၊ အမျိုးသား အမတ်များ ဝတ်စားဆင်ယင်မှုများနှင့် ပတ်သက်၍လည်း ဦးဉာဏ်ဝင်းက “အမျိုးသမီး ဆိုရင် ပုဝါ ပါရမယ်။ အမျိုးသားကလည်း အမျိုးသားဝတ်စုံ ခေါင်းပေါင်းနဲ့ ဓာတ်ပုံ နှစ်ပုံတောင်းပါတယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်းသို့ ရောက်ရှိပါက လက်ရှိအစိုးရအနေဖြင့် ပညာရေးဝန်ကြီးနေရာ ကမ်းလှမ်းဖွယ်ရှိကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေသော်လည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် NLD ကို ကျောခိုင်းသွားလိမ့်မည် မဟုတ်ကြောင်း ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်က ပြောထားတဲ့ စကားတခွန်းရှိတယ်။ သူ NLD ကို စွန့်ခွာပြီး ဘယ်တော့မှ မသွားဘူးတဲ့။ ပညာရေးဝန်ကြီး ဖြစ်သွားရင် NLD က စွန့်ခွာရမှာကိုးဗျ” ဟု ၎င်းက ပြောသည်။
NLD အမတ်များက လွှတ်တော်၌ တင်ပြမည့်ကိစ္စများ ပြင်ဆင်လျက်ရှိရာ ပဲခူးတိုင်း၊ သနပ္ပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက တောင်သူ လယ်သမားများအရေးနှင့် ပတ်သက်၍ လွှတ်တော်သို့ တင်ပြရန် ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။
“အဓိက တင်မှာက လယ်သမားတွေ ဒီမှာ အရမ်းဒုက္ခရောက်နေတယ်။ ရာသီဥတုကြောင့် လယ်မြေပျက်စီးမှုတွေဖြစ်ပြီး အစိုးရချေးငွေတွေ မဆပ်နိုင်ဘူး။ ပြင်ပ ပုဂ္ဂလိက ချေးထားတဲ့ငွေတွေကလည်း မဆပ်နိုင်တော့ တရားစွဲခံနေရတယ်။ အဲဒါကို အစိုးရအနေနဲ့ ချေးငွေတွေကို ဆိုင်းငံ့၊ သို့မဟုတ် လျှော်ပေး၊ နောက်ထပ် စိုက်ပျိုးစားရိတ်ထုတ်ပေး အဲဒါတွေကို တင်ပြဖို့ ကျနော့်ဘက်က ပြင်ဆင်ထားပြီးသားပါ” ဟု ၎င်းက ပြောသည်။
တောင်သူလယ်သမားများအရေး ဖြေရှင်းပြီးလျင် ၂၀၀၈ အခြေခံဥပဒေထဲမှ အချက်တချို့ ပြောင်းလဲရေး၊ မူလတန်းကျောင်းများ အခမဲ့ သင်ကြားနိုင်ရေး၊ အလုပ်လက်မဲ့ပြဿနာ ဖြေရှင်းနိုင်ရေးတို့ကို လွှတ်တော်မှတဆင့် ဆက်လက် လုပ်ဆောင်သွားမည်ဟု ဦးမြင့်ဦးက ဆိုသည်။
နေပြည်တော် ဇဗ္ဗူသီရိ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကလည်း ၎င်းအနေဖြင့် ၂၀၀၈ အခြေခံ ဥပဒေကို ဂရုတစိုက်လေ့လာနေပြီး သူ၏မဲဆန္ဒနယ်မြေအတွင်း ဖြေရှင်းပေးရန်နှင့် ပြုပြင်ပြောင်းလဲရန် လိုအပ်သော အချက်လက်များကို စာရင်းကောက်ယူ ပြုစုနေဆဲဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျမတို့ လတ်တလောကတော့ အခြေခံဥပဒေကိုသာ ကျေကျေညက်ညက်ဖြစ်အောင် လေ့လာထားတယ်ပေါ့နော်။ ကိုယ့်နယ်မြေရဲ့ အချက်အလက်တွေကို တကယ်ကို အသေးစိပ် စစ်တမ်းကောက်ယူနေတာ အဲဒါပဲ ရှိပါသေးတယ်။ အကြောင်းအရာ တခုခုတင်ပြနိုင်ဖို့ဆိုရင် အချက်အလက်တွေကို တိတိကျကျ ဖြစ်ဖို့လိုတယ် ဒါကြောင့် ကျမတို့ အချိန်ယူ လုပ်ဆောင်နေတာပါ” ဟု ဒေါ်စန္ဒာမင်းက ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရသည့် NLD အမတ်များအနက် အမျိုးသမီးအမတ် ၁၁ ဦး ပါရှိသည်။
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးဖြိုးဇေယျာသော်ကလည်း ယင်းဒေသတွင်း ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နိုင်ရန် လွှတ်တော်တွင်းသာမက၊ လွှတ်တော်ပြင်ပ၌ပါ လုပ်ဆောင်ရန် လိုအပ်ချက်များ ရှိနေသည့်အတွက် ပြင်ဆင်ဆောက်ရွက်ထားမှုများရှိကြောင်း၊ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်မည်ဖြစ်သော တွေ့ဆုံပွဲတွင် ပြောဆိုဆွေးနွေးမည်ဖြစ်ကြောင်း ပြောသည်။
NLD သည် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၅ နေရာအနက် ၄၄ နေရာ ဝင်ရောက်ရွေးခံခဲ့ပြီး ၄၃ နေရာ အနိုင်ရရှိခဲ့သည်။ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးပါတီ ၇၀ ရာခိုင်နှုန်းကြီးစိုးထားသော လွှတ်တော်များတွင် NLD က ၅ ရာခိုင်နှုန်း ရှိမည်ဖြစ်သည်။