မြန်မာနိုင်ငံတွင် လူမှုရေး၊ ဘာသာရေးနှင့် တခြား ကုသိုလ်ဖြစ်လုပ်ငန်းများကို အားပေးကူညီရန် ရည်ရွယ်၍ သက်ဆိုင်ရာ အမေရိကန်အဖွဲ့အစည်းများမြန်မာနိုင်ငံသို့ တိုက်ရိုက် ငွေကြေးလွှဲပြောင်းမှုကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်ပြီဖြစ်သည်။
ဤသို့ အမေရိကန် အကူအညီပေးရေး အဖွဲ့များအား မြန်မာနိုင်ငံကို တိုက်ရိုက် ငွေကြေးလွှဲပြောင်းခွင့်ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်သော်လည်း ကုန်စည်ကူးသန်းရောင်းဝယ်ခွင့်နှင့် စီးပွားရေးဆိုင်ရာ ငွေအလွှဲအပြောင်းကိုမူ ဆက်လက် ပိတ်ပင်ထားဦးမည်ဟု သိရသည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဒဏ်ခတ်မှုကို ကြီးကြပ်သော နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး၏ ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် (၁) အခြေခံ လူ့လိုအပ်ချက်များအတွက် လုပ်ဆောင်နေခြင်းများ၊ (၂) ဒီမိုကရေစီ တည်ဆောက်ရေးနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးဆိုင်ရာ အထောက်အကူပြုလုပ်ငန်းများ၊ (၃) ပညာရေးဆိုင်ရာ လုပ်ငန်းများ၊ (၄) အားကစား၊ (၅) ကုန်သွယ်စီးပွား မဟုတ်သည့် လူထုအကျိုး ပြုလုပ်ငန်းများနှင့် (၆) ဘာသာရေးလုပ်ငန်းများ စသည့် ကုသိုလ်ဖြစ်လုပ်ငန်းများအတွက် မြန်မာနိုင်ငံသို့ ငွေလွှဲနိုင်ပြီဖြစ်သည်။
အမေရိကန်အစိုးရအနေဖြင့် မြန်မာအစိုးရ ခေါင်းဆောင်များအား ပြည်ဝင်ခွင့် ပြန်လည်ခွင့်ပြုခြင်း၊ အမေရိကန်အစိုးရ၏ နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီရုံးကို မြန်မာပြည်တွင် ဖွင့်လှစ်ခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ပြန်လည်ခန့်အပ်ခြင်းတို့ ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။
တချိန်တည်းတွင် ဩစတြေးလျကလည်း ငွေကြေးဝန်ဆောင်မှုနှင့် ပြည်ဝင်ခွင့် ပိတ်ပင်ထားသည့် မြန်မာအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များကို ဧပြီလ ၁၆ ရက်နေ့မှစ၍ ရုပ်သိမ်းပေးလိုက်ပြီဖြစ်ရာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးများ တိုးတက်လာနိုင်ဖွယ် ရှိနေသည်။
ဩစတြေးလျ အစိုးရကြေညာချက်အရ ပိတ်ပင်ခံထားရသူ ၃၉၂ ဦးမှ ၁၃၀ အထိ လျှော့ချပေးခဲ့ရာ သမ္မတ ဦးသိန်းစိန် အပါအဝင် “ပြုပြင်ပြောင်းလဲလိုသူများ” ကို စာရင်းမှ ပယ်ဖျက်လိုက်ပြီဖြစ်သည်။ သို့သော် စစ်ဘက်အရာရှိကြီးများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွင် သံသယရှိသူများကိုမူ ဆက်လက် ဒဏ်ခတ်ထားမည်ဟု ဆိုသည်။ ၁၉၉၁ မှစတင်ခဲ့သော စစ်လက်နက်ရောင်းချမှု ပိတ်ပင်ထားခြင်းကိုလည်း ဆက်ထိန်းထားဦးမည်ဖြစ်သည်။
ဩစတြေးလျ အစိုးရအနေဖြင့် အမေရိကန်ကဲ့သို့ မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး လုံးဝမလုပ်ရဟု ပိတ်ပင်ခြင်း မရှိခဲ့ပေ။ နှစ်နိုင်ငံ ကုန်သွယ်ရေး ၂၀၁၀ စာရင်းများအရ မြန်မာက ဩစတြေးလျသို့ ဒေါ်လာ ၁၆ သန်း၊ ဩစတြေးလျမှ မြန်မာသို့ ဒေါ်လာ ၈၁ သန်းဖိုး အပြန်အလှန် ကုန်တင်ပို့ခဲ့ပြီး အများစုမှာ ဂျုံ၊ ပင်လယ်စာနှင့် တခြား စားသောက်ကုန်ပစ္စည်းများ ဖြစ်သည်။
အမေရိကန်နှင့် ဩစတြေးလျ၏ မြန်မာပြည်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှု လျှော့ချခြင်းသည် ဧပြီလ ၂၃ ရက် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှ ပေါ်ထွက်လာဖွယ်ရှိသော မြန်မာပြည်ဆိုင်ရာ မူဝါဒ၏ ရှေ့ပြေးသဖွယ် ဖြစ်သည်။
ဧပြီ ၁၃ ရက်တွင် မြန်မာပြည်သို့ လာရောက်လည်ပတ်ပြီး သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံပြီးနောက် မြန်မာ့ပြုပြင်ပြောင်းလဲရေးကို အထောက်အပံ့ပြုရန် ပိတ်ဆို့မှုများ လုံးဝ မရုပ်သိမ်းသေးသော်လည်း လျှော့ချပစ်ရန်နှင့် ဆက်ထိန်းထားပြီး လိုအပ်လာပါက ပြန်အသုံးပြုရန် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ တိုက်တွန်းချက်ကလည်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးအပေါ် လွှမ်းမိုးမည် ဖြစ်သည်။
ဗြိတိန်ဝန်ကြီးချုပ်က အကယ်၍ ပြုပြင်ပြောင်းလဲမှုများ ပျက်ဆီးလာစေမည်ဆိုပါက ဒဏ်ခတ်မှုများ ပြန်ကြုံရမည်ဟု ရှင်းလင်းစေရန် ထိုသို့ ဆက်ထိန်းထားစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း သဘောတူသည်ဟု ပြောသည်။
ဥရောပသမဂ္ဂအနေဖြင့် လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းကိုမူ ဆက်လက် ထိန်းထားမည်ဖြစ်သော်လည်း ကျောက်မျက်သယံဇာတများ တင်သွင်းမှု ပိတ်ပင်ထားခြင်း၊ လူ ၅၀၀ နှင့် စီးပွားရေးလုပ်ငန်း ၉၀၀ တို့၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားခြင်း အပါအဝင် ပြစ်ဒဏ်ခတ်မှုများ ဖြေလျှော့ရန် ရှိနေကြောင်း သိရသည်။
မြန်မာ့ပြုပြင်ပြောင်းလဲရေးကို ထောက်ခံ အသိအမှတ်ပြုသည့်အနေဖြင့် ဖေဖော်ဝါရီလတွင် သမ္မတ ဦးသိန်းစိန် အပါအဝင် မြန်မာအစိုးရအဖွဲ့ဝင် ၈၇ ဦးအား ပြည်ဝင်ခွင့် ပိတ်ပင်ထားခြင်းကို ဥရောပသမဂ္ဂက ပယ်ဖျက်ခဲ့ပြီးဖြစ်သော်လည်း ပိုင်ဆိုင်မှု ထိန်းချုပ်ထားခြင်းကိုမူ ဆက်ထိန်းထားခဲ့သည်။
အမေရိကန်အနေဖြင့်လည်း မြန်မာနှင့် သံတမန်ဆက်ဆံရေး အသစ်တဖန် ပြန်လည် စတင်ရန်ရှိနေပြီး လယ်ယာစိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ သတင်းဆက်သွယ်ရေးနှင့် ဘဏ်လုပ်ငန်းများ ဒဏ်ခတ်မှုလျှော့ချသွားရန် ရှိနေကြောင်း သိရသည်။
သို့ရာတွင် အမေရိကန်၏ ဒဏ်ခတ်မှုမှာ ဩစတြေးလျ၊ ဥရောပသမဂ္ဂတို့နှင့်မတူ ဥပဒေပြုထားသောကြောင့် ပြဌာန်းထားချက်များဖြစ်သော နိုင်ငံရေးအကျဉ်းသားများ လုံးဝလွှတ်ပေးရေး၊ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး ဆက်လက်ဖော်ဆောင်ရေးများ အကောင်အထည်ဖော်မှသာ ဥပဒေ ရုပ်သိမ်း၍ရမည်ဖြစ်သည်။