အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး) ၏ ခေါ်ယူ စစ်ဆေးမှုအတွင်း မနန်းဝိုးဖန် သေဆုံးရမှုအပေါ် သူ၏ မိသားစုဝင်များက စသုံးလုံးဌာနကို အမှုဖွင့် အရေးယူပေးရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့တိုင်ကြားခဲ့ သော်လည်း ရန်ကုန်တိုင်း ရဲမှူးကြီး အောင်ဒိုင်းက လက်မခံဘဲ ပယ်ချလိုက်ကြောင်း သိရှိရသည်။
အသက် ၂၀ အရွယ်ရှိ ရှမ်းတိုင်းရင်းသူ မနန်းဝိုးဖန်ကို သူဝယ်ယူထားသော မြေယာအမှုအတွက် စသုံးလုံးက ခေါ်ယူစစ်ဆေးစဉ် မတ်လ ၂၄ ရက်နေ့က ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းရှိ စသုံးလုံးရုံး ၅ ထပ် အဆောက်အအုံပေါ်မှ ပြုတ်ကျ သေဆုံးခဲ့သည်။
ဂျပန်နိုင်ငံသား မစ္စတာ နာမဆဲ မိုတိုဟိကိုနှင့် ပေါင်းသင်းနေထိုင်သူ မနန်းဝိုးဖန်က ဂျပန်နိုင်ငံသား၏ ပိုင်ဆိုင်မှုငွေကြေးများနှင့် နာမည်ခံ ဝယ်ယူထားသော မြေကွက်များကိစ္စနှင့်စပ်လျဉ်းပြီး မနန်းဝိုးဖန်ကို စသုံးလုံးက ခေါ်ယူစစ်မေးစဉ် သေဆုံးရသောကြောင့် စသုံးလုံးဌာနကို အရေးယူပေးရန် ကျောက်တံတားမြို့နယ် ရဲစခန်းတွင် ဧပြီလဆန်းပိုင်းက သွားရောက် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း၊ သို့သော် ကျောက်တံတားရဲစခန်းက အထက်သို့တင်ပြပေးမည်ဟု ပြောဆိုခဲ့ပြီး နောက်ပိုင်းတွင် ရန်ကုန်တိုင်းရဲမှူးကြီး အောင်ဒိုင်းက အထက်အမိန့်အရ အမှုဖွင့်ခွင့်မပေးဟု အကြောင်းပြန်ခဲ့သည်ဟု မနန်းဝိုးဖန်၏ မိတ်ဆွေတဦးက ဧရာဝတီသို့ ပြောသည်။
“အခင်းဖြစ်ပွားတဲ့ အထူးစုံစမ်းစစ်ဆေးရး ဦးစီးဌာနရုံးက ကျောက်တံတားမြို့နယ်ထဲမှာရှိတော့ ကျောက်တံတားရဲစခန်းမှာ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနကို ဥပဒေမဲ့ပုံစံနဲ့ လူသေစေမှုဖြစ်အောင်လုပ်လို့ အရေးယူပေးပါ၊ အမှုဖွင့်ပေးပါဆိုပြီး မိသားစုရှေ့နေက တိုက်ရိုက်လျှောက်ထားတယ်။ အမှုသွားဖွင့်တုန်းက ရဲစခန်းက နောက်နေ့မှ အကြောင်းပြန်မယ်ဆိုပြီး ပြန်ခိုင်းတယ်။ နောက်မှ ပြန်ကြားရတာက ဒီကိစ္စကို အထက်အမိန့်နဲ့ အမှုကို လက်မခံရလို့ အကြောင်းပြန်လာလို့ လက်မခံတဲ့အကြောင်း ရဲမှူးကြီး အောင်ဒိုင်းဆီက ညွှန်ကြားချက်ရတယ်ပေါ့။ အဲဒါကြောင့် အမှုကို လက်မခံဘူးဆိုပြီး ကျောက်တံတား ရဲစခန်းက အကြောင်းကြားလာတယ်” ဟု မနန်းဝိုးဖန်၏ မိတ်ဆွေက ဆိုသည်။
ကျောက်တံတားရဲစခန်းက အမှုကို လက်မခံခဲ့သဖြင့် သမ္မတ ဦးသိန်းစိန်ထံသို့ မစ္စတာ နာမဆဲမိုတိုဟိကိုနှင့် မနန်းဝိုးဖန်၏ မိသားစုဝင်များက တိုက်ရိုက် တိုင်ကြားခဲ့ကြသည့်အပြင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများထံသို့လည်း အိတ်ဖွင့်ပေးစာများ ပေးပို့ပြီး စသုံးလုံး၏ လုပ်ရပ်ကို အရေးယူပေးရန် တိုင်ကြားခဲ့ကြသည်ဟု သိရှိရသည်။
ယင်းသို့ တိုင်ကြားစာပေးပို့နေသည့်အတွင်း စသုံးလုံးက မစ္စတာ နာမဆဲ မိုတိုဟိကို ကို နှစ်ကြိမ် ခေါ်ယူစစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ စစ်ဆေးမှုကြောင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကပါ အမှုကိစ္စတွင်ပါဝင် ပတ်သက်လာကြောင်း သိရှိရသည်။
“နန်းဝိုးဖန်ခင်ပွန်း ဂျပန်နိုင်ငံသားကိုလည်း နှစ်ရက် စသုံးလုံးက ခေါ်စစ်တယ်။ ကောင်းကောင်းမွန်မွန် စစ်တာဖြစ်ပေမယ့် ခေါ်စစ်ဆေးတယ်ဆိုတဲ့ ကိစ္စဖြစ်တော့ ရန်ကုန် ဂျပန်သံရုံးကပါ သူတို့နိုင်ငံသား တခုခုဖြစ်မှာစိုးလို့ ထင်ပါတယ်၊ စစ်ဆေးနေစဉ် ကာလအတွင်းမှာ တောက်လျှောက် ဌာနကို ဆက်သွယ်တယ်” ဟု စသုံးလုံးမှ အမည်မဖော်လိုသူ ဝန်ထမ်းတဦးက ပြောသည်။
လက်ရှိတွင် မနန်းဝိုးဖန်အမည်ဖြင့် ဝယ်ယူထားသော ကျပ်သိန်းသုံးသောင်း တန်ဖိုးရှိ မြေကွက်ပိုင်ဆိုင်မှု စာချုပ်စာတမ်းများကို စသုံးလုံးဌာနက ထိန်းသိမ်းထားဆဲဖြစ်ပြီး ယင်းစာချုပ်စာတမ်းများကို မိသားစုဝင်များ ပြန်လည်ရရှိရေးမှာ မသေချာသေးကြောင်း သိရှိရသည်။
ပြည်ထဲရေးဝန်ကြီးဌာနကလည်း မနန်းဝိုးဖန်အမှုကို အထူးခုံရုံးဖွဲ့ စစ်ဆေးနေသော်လည်း စုံစမ်းစစ်ဆေးမှုများနှင့် ပတ်သက်ပြီး မီဒီယာများ မေးမြန်းလာပါက လုံး၀ ဖြေကြားခြင်းမပြုကြောင်း သိရှိရသည်။
“အထူးစုံစမ်းစစ်ဆေးဦးစီးဌာနကို နန်းဝိုးဖန်အမှု နောက်ဆက်တွဲ ဘယ်လို အရေးယူ ဆောင်ရွက်နေပါသလဲလို့ မေးတယ်။ အထက်အမိန့်မရရင် ဒီကိစ္စက မီဒီယာကို ဖြေခွင့်မရှိပါဘူးလို့ ပြောတယ်။ ဒါက သာမန်ကိစ္စ မဟုတ်ဘူး။ ဌာနကြီးတခုက တရားလက်လွှတ် ဥပဒေမဲ့ ပြုကျင့်လို့ လူတယောက် မသေသင့်ဘဲ သေခဲ့ရတာ။ အထူးသဖြင့် အိပ်ချိန် နားချိန်မပေးဘဲ မရပ်မနားတောက်လျှောက် လဲကျတဲ့အထိ စစ်ဆေးတဲ့ စနစ်ပုံစံပေါ့။ ဒီစနစ်က ဒီမိုကရေစီခေတ်မှာ ဥပဒေမဲ့ ပြုကျင့်တဲ့လုပ်ရပ်ပဲ။ အဲဒီစနစ်က စစ်အစိုးရခေတ်၊ အာဏာရှင်ခေတ်က သုံးခဲ့တဲ့ စနစ်ပုံစံ။ စသုံးလုံးဘက်ကသာ ရိုးသားရင် ဘာကြောင့် သေရတာလဲဆိုတာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ရှင်းရမယ်” ဟု ပြည်တွင်းသတင်းသမားတဦးက ပြောသည်။
မနန်းဝိုးဖန်၏ အသုဘ အခမ်းအနားကို ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့က ထိန်ပင်သုသာန်တွင် သဂြိုလ်ခဲ့သည်။
ဆက်စပ်သတင်း
စစ်ဆေးရင်း သေဆုံးခဲ့သည့် အမျိုးသမီးငယ်အမှု စသုံးလုံး လျှို့ဝှက်
စသုံးလုံး စစ်ရင်း သေဆုံးသွားသူအမှု သတင်းစာရှင်းလင်းပွဲလုပ်