ဧရာဝတီ သတင်းဌာန၏ မြန်မာပိုင်းနှင့် အင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုက်များသို့ ဧပြီ ၁၆ ရက် ညနေပိုင်းက ဖောက်ထွင်း ဝင်ရောက်ကာ တင်သွားသည့် သတင်းများသည်နားလည်မှုလွဲမှားစေရန် ရည်ရွယ်တိုက်ခိုက်မှုဖြစ်သည်ဟု ဧရာဝတီ သတင်းဌာန တာဝန်ရှိသူများက ပြောဆိုသည်။
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIO) အနေနှင့် ရွေးကောက်ပွဲကာလ၌ ပြည်သူ လူထု အထိတ်တလန့် ဖြစ်စေမည့် ကိစ္စများမပြုလုပ်ရန် တောင်းပန်ကြောင်း သတင်း၊ ဒေါ်အောင်ဆန်းစုကြည် သားအိမ်ကင်ဆာဖြစ် နေခြင်း ဟူသော သတင်း နှင့် အဆိုတော် မေဆွိ က ခင်ပွန်းသည်နှင့် ကွာရှင်း ပြတ်စဲရန် တရားရုံးသို့ လျှောက်ထားသည် ဟူသော သတင်း ၃ ပုဒ်ကို ဧရာဝတီ အင်တာနက် စာမျက်နှာ မြန်မာပိုင်း၏ လုံခြုံရေးကို ချိုးဖောက်ဝင်ရောက်၍ တင်ခဲ့သည်။
အလားတူ ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့၊ လူရွှင်တော် ဇာဂနာတို့ နှင့် ပတ်သက်သည့် သတင်းများကို လုံခြုံရေး ချိုးဖောက်ဝင်ရောက်၍ တင်သွားခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ဧရာဝတီ အယ်ဒီတာကို ကျော်စွာမိုးက“ကျနော်ထင်တယ် အဓိက က ဧရာဝတီရဲ့ သိက္ခာ၊ စာဖတ်သူတွေရဲ့ ဧရာဝတီပေါ်ထားရှိတဲ့ ယုံကြည်မှု အစရှိတဲ့ အဲဒါတွေကို ပျက်အောင် လုပ်နေတာလို့ ကျနော်တော့ မြင်တယ်၊ ပြီး ခဲ့တဲ့ နှစ်တွေကလည်းပဲ အဲဒီလိုပဲ သတင်းမှားတွေ တင်တာတို့ မဟုတ်တဲ့ သတင်းတွေ တင်တာတို့ လုပ်သွားတယ်၊ အဲဒီ အပေါ်မှာ စာဖတ်သူတွေ ဝေဝါးကုန်တယ်၊ ဒီလို သတင်းတွေ ဧရာဝတီက တင်တယ်ပေါ့၊ သူတို့နောက်မှာ နိုင်ငံရေး ရည်ရွယ်ချက်လည်း ရှိနိုင် တယ်”ဟု ပြောဆိုသည်။
မြန်မာပြည်တွင်း၌ လက်ရှိ အပြောင်းအလဲများပြုလုပ်နေသော်လည်း လိုအပ်ချက်ရှိသည်များကို ဧရာဝတီက ဝေဖန်ထောက်ပြ ရေး သားနေဆဲ ဖြစ်ကြောင်း၊ တခြားအဖွဲ့အစည်းများ အပါအဝင် အစိုးရအဖွဲ့ ပေါ်လစီ အမှားအမှန်ကိုလည်း ရေးသား ဖော်ပြနေကြောင်း၊ ထိုအချက်များကို မကြိုက်နှစ်သက်သူများ၊ မကျေနပ်သူများက ဧရာဝတီ၏ဂုဏ်သိက္ခာကို ဖျက်ရန် ကြိုစားနေခြင်းဖြစ်သည် ဟု ထင်မြင်ကြောင်းလည်း ကိုကျော်စွာမိုးက ဆိုသည်။
ဧရာဝတီ သတင်းဌာန မန်နေဂျာ ကိုဝင်းသူ ကလည်း“ကျနော် သိသလောက်က အင်္ဂလိပ်ပိုင်းနဲ့ မြန်မာပိုင်းကို တချိန်တည်းလိုပဲ တင်သွားတာ၊ တချိန်တည်းမှာ ဆိုက်၂ ခုစလုံးကို ဝင်သွားတာ၊ အင်္ဂလိပ်ပိုင်းကိုတော့ ကျနော် တွေ့တာနဲ့ ချက်ချင်းဖျက်လိုက်နိုင် တယ်၊ သူတို့ article အတုတွေကို အင်္ဂလိပ်ပိုင်းရော မြန်မာပိုင်းရော၂ ခုလုံး တင်သွားတယ်၊ ၁၆ ရက်နေ့ ညနေပိုင်း၂ နာရီလောက် က စပြီး ဖြစ်တာ၊၂ နာရီလောက်ကြာသွားတယ် ဆိုက်မှာ၊ အဲဒီဟာ ကတော့ ကျနော်ထင်တယ် ဧရာဝတီ နာမည် ဖျက်ချင် တာ လည်း ပါမယ်၊ ဧရာဝတီရဲ့ ယုံကြည်မှု ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်တာပါ”ဟု ပြောသည်။
“ထူးခြားတာ တခုက ဧပြီ ၁၁ ရက်နေ့က ဦးခင်ညွန် ပြန်အဖမ်းခံရနိုင် ဆိုတဲ့ သတင်း တပုဒ်တင်လိုက်တယ်၊ အဲဒီ သတင်း အောက် မှာ စာတန်းခု ဝင်ရေးသွားတယ်၊ ဒီသတင်းဟာ အချက်အလက်အမှန်များအပေါ် အခြေခံထားတဲ့ သတင်းမဟုတ်ပါ ဆိုပြီး ရေးသွားတယ်၊ ဖြစ်နိုင်တာတွေကတော့ အများကြီး ရှိနိုင်တာပေါ့”ဟုလည်း ကိုဝင်းသူက ဆိုသည်။
ယမန်နှစ်ကလည်း ဧရာဝတီ အင်္ဂလိပ်ပိုင်း အင်တာနက် စာမျက်နှာကို လုံခြုံရေး ချိုးဖောက်ဝင်ရောက်၍ သတင်းမှား၂ ပုဒ် တင်သွား ခဲ့ သေးသည်။
ကိုဝင်းသူက ဆက်လက်၍ လုံခြုံရေးပိုင်းတွင် အားနည်းချက်ရှိ၍ ယခုကဲ့သို့ ဝင်ရောက်နိုင်ခြင်းဖြစ်သည်ဟု ဝန်ခံရမည် ဖြစ်ကြောင်း၊ ယင်းဖြစ်ရပ်အပေါ် သင်္ခန်းစာယူ၍ ဝက်ဘ်ဆိုက် လုံခြုံရေး ပိုမိုကောင်းရန် တည်ဆောက်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။