တနင်္သာရီတိုင်း မြိတ်မြို့ တပ်မတော် လေတပ်စခန်းက ဗိုလ်ကြီး နေလင်းဒွေး အပါအဝင် လေတပ်အရာရှိ ၃ ဦးကို အီလက်ထရွန်နစ် ပုဒ်မဖြင့် ထောင်ဒဏ် နှစ် ပေါင်း၂၀ စီဖြင့် စစ်ခုံရုံးက ဧပြီလဆန်းပိုင်းတွင် အကျဉ်းရုံး တရားစီရင်ပြီး ယခု အချိန် အထိ မည်သည့် နေရာတွင် ဖမ်းဆီးထားသည်ကို မသိရကြောင်း သတင်းရရှိသည်။
D.S.A စစ်တက္ကသိုလ် အပတ်စဉ် ၃၇ ကျောင်းဆင်း လေသူရဲ ဗိုလ်ကြီး နေလင်းဒွေးသည် ပြည်ပအခြေစိုက် အင်တာနက် စာမျက်နှာတွင် တပ်မတော်တွင်းက အခြေအနေမှန်များကို ရေးသားတင်ပြ၍ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ ကတည်း က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး မည်သည့်နေရာတွင် ချုပ်နှောင်ထားကြောင်း မသိရဘဲ မိသားစုနှင့်လည်း အဆက်အသွယ် မရကြောင်း သိရသည်။
“ထောင် အနှစ်၂၀ ကျသွားတယ်ပဲ သိရတယ်လို့ သူ့ညီက ဖုန်းဆက်ပြောတယ်”ဟု ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ဧရာဝတီ ကို ပြောသည်။
ကိုယ်ပိုင်အမှတ် (လေ-၂၂၈၂) အသက် ၃၈ နှစ်ရှိ ဗိုလ်ကြီးနေလင်းဒွေးကို အီလက်ထရွန်နစ် ပုဒ်မ ၃၃ (က) နှင့် ပုဒ်မ ၅/ည တို့ဖြင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက်ကြောင်း၊ ထို့အပြင် လေတပ်အရာရှိ ၂ ဦးကိုလည်း ဖမ်းဆီး အပြစ်ပေးခဲ့ကြောင်း နီးစပ်သူများက ဆိုသည်။
ဗိုလ်ကြီးနေလင်းဒွေးသည် မြိတ် လေတပ်စခန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိနေစဉ် တပ်မတော်လေတွင် ခွက်ပျောက် နေ သော လေတပ်အရာရှိ ၃၀ ကျော် ( http://photayokeking.org/specialpart/soldiers-right/179-who-loss-cup) နှင့် တပ်မတော်တွင်း ဖြစ်ရပ်မှန်များကို ပြည်ပ အခြေဆိုက် “စည်းလုံးခြင်းရဲ့ အင်အား” အမည်ရှိ အင်တာနက်စာမျက်နှာတခု တွင် ရင်ဖွင့်ရေးသား၍ ဖြစ်နိုင်ကြောင်း မြိတ် လေတပ်စခန်းနှင့် နီးစပ်သူ တဦးက ပြောသည်။
ဗိုလ်ကြီး နေလင်းဒွေးကို အဆိုပါ အင်တာနက်စာမျက်နှာမှ ဆောင်းပါးရှင်“ဝေဟင်”အဖြစ် စွပ်စွဲပြီး ဖမ်းဆီးထောင်ချခြင်းဖြစ် နိုင်ကြောင်း သူက ဆက်ပြောသည်။
“စည်းလုံးခြင်းရဲ့ အင်အား” အင်တာနက် သတင်းစာမျက်နှာသည် မြန်မာ့တပ်မတော်သားများ၏ ဘ၀ ပုံရိပ်များနှင့် တပ်တွင်း သတင်းများ၊ တပ်မတော်သားများ၏ အခက်အခဲများကို အထူးသဖြင့် ဖော်ပြလေ့ရှိသည်။ ပြည်တွင်းနှင့် ပြည်ပရောက် တပ်မတော်အရာရှိများ၏ တပ်မတော်နှင့်ပတ်သက်၍ တင်ပြရာ အင်တာနက် ဝက်ဘ်ဆိုက်လည်း ဖြစ်သည်။
ဧရာဝတီမှ လက်ခံရရှိထားပြီး အင်တာနက်စာမျက်နှာများတွင်လည်း ပျံ့နှံ့နေသည့် ဗိုလ်ကြီး နေလင်းဒွေး၏ ညီဖြစ်သူ ကိုဇော်လင်းဒွေး၏ စာတွင် “ရာထူး တိုးသင့်တဲ့အချိန်မှာ တိုးမပေးဘဲ ညစ်ထားခြင်း ခံရတဲ့သူတွေကိုယ်စား ရေးမိတာ ပြော မိတာ ပုထုဇဉ် သဘာဝပါ။ အရှိအရှိအတိုင်း၊ ဖြစ်နေတာ ဖြစ်နေတဲ့အတိုင်း မှန်ရာရေးမိ၊ ပြောမိလို့ တပ် စည်းကမ်း ဖောက် တယ်၊ ဥပဒေ ချိုးဖောက်တယ် ဆိုပြီး ထောင်ချခံရတာပါ”ဟု ဆိုထားသည်။
“ဘယ်နိုင်ငံတကာ၊ ဘယ်ပါတီ၊ အဖွဲ့အစည်း၊ အန်ဂျီအိုကိုမှလည်း အကူအညီမတောင်းပါဘူး။ ဘယ်မီဒီယာကိုမှလည်း မပြော နေပါဘူး။ ပြည်တွင်းရေး ပြည်တွင်းမှာသာ ဆိုတာကိုလည်း လက်ခံပါတယ်။ ဒါကြောင့်မို့ နိုင်ငံသားတယောက် အနေနဲ့ ရသင့်တဲ့ အခွင့်အရေးအဖြစ် နိုင်ငံရဲ့ အမြင့်ဆုံး အာဏာပိုင်အဖွဲ့ကိုတော့ဖြင့် မိသားစုက ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ တောင်းဆို သွားမှာပါ”ဟုလည်း ကိုဇော်လင်းဒွေး၏ စာတွင် ပါရှိသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ နိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်နေစဉ် ယခုကဲ့သို့ မဖြစ်သင့်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံ ရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) တွဲဖက်အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည် က ဧရာဝတီကို ပြောသည်။
“စစ်တပ်က အရာရှိ ၃ ယောက်ကို အီလက်ထရွန်နစ် အက်ဥပဒေနဲ့ ထောင်နှစ်ရှည်ချလိုက်တယ်လို့ ကြားရပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး အသေးစိပ်ကို ထပ်မံ စုံစမ်းနေဆဲဖြစ်ပါတယ်။ သေချာတာက ဒီလူတွေဟာ မျှတတဲ့ တရားစီရင်မှု မရဘူး။ စစ် ခုံရုံးမှာ အကျဉ်းနည်းနဲ့ထောင်ချတယ်၊ နောက်တခုက မိသားစုနဲ့ အဆက်အသွယ်ဖြတ်ထားတယ် ဆိုတဲ့ ပုံစုံမျိုးကို ကျနော်တို့ ကြားသိရတယ်”ဟု ကိုဘိုကြည်က ဆိုသည်။
ဧရာဝတီက အဆိုပါ တပ်မတော်လေ အရာရှိ ၃ ဦး၏ မိသားစုဝင်များကို ဆက်သွယ်ရန်ကြိုးစားသော်လည်း မရရှိခဲ့ပေ။
၎င်း အရာရှိများ၏ မိသားစုဝင်များနှင့် ဆက်သွယ်ရေး ပြတ်တောက်နေကြောင်း မကြာသေးမီက ဖမ်းဆီး ထိန်းသိမ်း ထားရာ က ပြန်လွတ်လာသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကလည်း ပြောသည်။
ဗိုလ်ကြီး နေလင်းဒွေးအား လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလက ဖမ်းဆီးထားသည်ကို မိသားစုဝင်များ မသိရှိခဲ့ကြောင်း၊ တာဝန်ဖြင့် နယ် ခရီးသွားနေသည်ဟု သက်ဆိုင်ရာက တပ် တွင်းတွင် သတင်းလွှင့်ထားကြောင်း၊ ထို့နောက် ရာထူး ချထားသည်ဟု ဆို လာ ကြောင်း၊ နောက်ပိုင်းတွင် မိသားစုဝင် များကို လိုင်းခန်း ပြန်အပ်ခိုင်းခဲ့ကြောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ဆက်လက် ပြောဆိုသည်။
နောက်ဆုံးရရှိသည့် သတင်းများအရ ဗိုလ်ကြီး နေလင်းဒွေး၏ မိသားစုဝင်များက သမ္မတ ဦးသိန်းစိန် ထံသို့ အသနားခံစာ တင်ထားကြောင်း သိရသည်။