ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင် ၄၂ ဦးက လက်နက်များနှင့်အတူ မြစ်ကြီးနားမြို့နယ် တာလောကြီး ကျေးရွာ ဒေသတွင် လှုပ်ရှားနေသည့်အစိုးရ ခြေလျင်တပ်ရင်း (ခလရ) အမှတ် ၃၇ တပ်ဖွဲ့ဝင်များထံ ယခုရက်ပိုင်းအတွင်း သွားရောက်
ပူးပေါင်းခဲ့ကြောင်း သိရသည်။
KIA ခေါင်းဆောင်ပိုင်း တချို့နှင့် သဘောထား မတိုက်ဆိုင်သောကြောင့် အစိုးရတပ်ထံ ပူးပေါင်းသွားရခြင်းဖြစ်ကြောင်း ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။
“လုံခြုံရေးအရ တိုက်ပွဲတွေ ဖြစ်နေတဲ့အချိန်မှာ ရွာထဲဝင်ပြီးတော့ သင်္ကြန်တွေ ဘာတွေ ဆင်နွှဲဖို့ အခြေအနေတွေ မပေးတော့ အဲဒီ ခေါင်းစဉ်နဲ့ ပြောဆိုကြတဲ့အခါမှာ အခြေအနေ တင်းမာပြီးတော့ ရွာထဲ ပြန်ဝင်သွားတဲ့ သဘောပါပဲ” ဟု ၎င်းက ဆိုသည်။
အစိုးရထံ သွားရောက် ပူးပေါင်းသူများသည် တာလောကြီးကျေးရွာ လုံခြုံရေးအတွက် KIA က လက်နက်များ ထောက်ပံ့၍ ဖွဲ့စည်း ပေးထားသော ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ဦးလနန်က ရှင်းပြသည်။
“အမှန်က သူတို့က ပြည်သူ့စစ်တွေပါ။ KIO ကနေပြီးတော့ ဖွဲ့ပေးထားတာ။ ကိုယ့်ရဲ့ဌာနေ ကိုယ့်ရဲ့ကျေးရွာ လုံခြုံရေးအတွက် အရန် အင်အားပေါ့ဗျာ။ လက်နက်တော့ ထုတ်ပေးထားတာတော့ ရှိတယ်။ လိုအပ်ရင် လိုအပ်သလို တိုက်ပွဲတွေ ဝင်ရတာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။
ယနေ့ထုတ် အစိုးရ သတင်းစာကမှု ရည်ရွယ်ချက်မဲ့သော စစ်ပွဲများကို ဆက်လက်ဆင်နွှဲလိုခြင်း မရှိတော့သည့် KIA တပ်မဟာ ၅ မှ တပ်ကြပ်အဆင့်ရှိ ကျော်ဆန်း ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် အဓမ္မ စစ်တိုက်ခိုင်းခဲ့သည့် အုပ်ချုပ်သူ ခေါင်းဆောင်အား ဆန့်ကျင်၍ အစိုးရတပ်နှင့် သွားရောက်ပူးပေါင်းခဲ့ကြောင်း ဖော်ပြထားသည်။
အစိုးရနှင့် လာရောက်ပူးပေါင်းခဲ့သော KIA တပ်ဖွဲ့ဝင်များ၏ မိသာစုဘ၀ လုံခြုံရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းပေးရန် စီမံဆောင်ရွက်လျက်ရှိကြောင်း အစိုးရသတင်းစာ၌ ရေးသားထားသည်။
ယခု ရက်ပိုင်းအတွင်း အစိုးရနှင့် KIA တပ်ဖွဲ့ဝင်များ နေ့စဉ်နီးပါး တိုက်ပွဲများ နေရာအနှံ့ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း၊ ဧပြီလ ဆန်းပိုင်းမှ စတင်၍ ယမန်နေ့အထိ ပြုစုထားသော စာရင်းအရ တိုက်ပွဲပေါင်း ၆၆ ကြိမ်ရှိကြောင်း ဦးလနန်က ပြောသည်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ KIA တပ်မဟာ ၃ နှင့် မြစ်ကြီးနာမြို့နယ် တာလောကြီး တပ်မဟာ ၅ ဒေသတို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားကြောင်း ၎င်းက ဆိုသည်။
KIO သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။
ယင်း တိုက်ပွဲများကြောင့် အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ၂၀၁၂ ခုနှစ် မတ်လအကြား ၃ ကြိမ်ခန့် တွေ့ဆုံခဲ့ကြသော်လည်း ရေရာသည့် သဘောတူညီချက် တစုံတရာ မရရှိသေးဘဲ ရှိနေသည်။