ဗြိတိန်နှင့် နော်ဝေသို့ ဒေါ်အောင်ဆန်းစုကြည် သွားမည်
This article has been converted from Zawgyi One to Unicode
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂၄ နှစ်ကျော်အတွင်း ပထမဆုံး ပြည်ပခရီးစဉ် အဖြစ် နော်ဝေနှင့် ဗြိတိန် နိုင်ငံများသို့လာမည့် ဇွန်လတွင် သွားရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီ (NLD) က ယနေ့ ထုတ်ပြန်သည်။

“ရက်အတိအကျ မသိရသေးဘူး၊ ဘယ်လောက်ကြာမယ်ဆိုတာလည်း မသိသေးဘူး၊ သေချာတာကတော့ နော်ဝေနဲ့ အင်္ဂလန် ကို ဇွန်လထဲမှာ သွားပါမယ်”ဟု NLD ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။
ယခင်က နိုင်ငံတကာ သတင်းဌာနများနှင့် တွေ့ဆုံမေးမြန်းမှုများတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်ပ ခရီးစဉ် သွား ဖြစ်မည် ဆိုပါက နော်ဝေနိုင်ငံကို ပထမဆုံး သွားရောက်ရန် ရွေးချယ်ထားခြင်းဖြစ်ကြောင်း၊ နော်ဝေနိုင်ငံသည် မြန်မာ့ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးအတွက် ရုန်းကန်းလှုပ်ရှားမှုများကို အထူးထောက်ခံနေမှုကြောင့် ဖြစ်သည်ဟု ပြောဆိုခဲ့ဖူးသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နော်ဝေ အခြေစိုက် နိုဗဲလ်ငြိမ်းချမ်းရေးဆု ရွေးချယ်ရေးအဖွဲ့က ပေးအပ်သော ၁၉၉၁ ခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဗဲလ်ဆု ချီးမြင့်စဉ်ကလည်း တက်ရောက်ယူနိုင်ခဲ့ခြင်း မရှိပေ။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ် ကင်မရွန်းက ဒေါ်အောင်ဆန်းစုကြည်အား ဗြိတိန်နိုင်ငံသို့ အလည်လာရောက်ရန် တရားဝင် ဖိတ်ကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖိတ်ကြားမှုကို လက်ခံခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ခင်ပွန်းဖြစ်သူ ဗြိတိန်နိုင်ငံသား ဒေါက်တာ မိုက်ကယ်အဲရစ် နှင့် သား ၂ ဦး တို့နှင့်အတူ ဗြိတိန် နိုင်ငံ တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂလန် နိုင်ငံ Oxford University မှ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ကို ရယူခဲ့သူလည်းဖြစ်သည်။
ခင်ပွန်းဖြစ်သူ ဒေါက်တာ မိုက်ကယ်အဲရစ် နာမကျန်းဖြစ်စဉ် ယခင် စစ်အစိုးရ တာဝန်ရှိသူများက ခင်ပွန်းသည်ကို နောက်ဆုံး အချိန် ပြုစုရန်အတွက် ၁၉၉၉ ခုနှစ်က ဗြိတိန်နိုင်ငံသို့ ထွက်ခွာခွင့်ပြုခဲ့သော်လည်း မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်ခွင့် မရမည်ကို စိုးရိမ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်က ပြည်ပခရီးကို ငြင်းပယ်ခဲ့သည်။
ဒေါက်တာ မိုက်ကယ်အဲရစ်သည် ၁၉၉၉ ခုနှစ် မတ်လ၂၇ ရက်နေ့က ဗြိတိန်နိုင်ငံတွင် ကင်ဆာ ရောဂါ ဖြင့် ကွယ်လွန်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်က မိခင် ဒေါ်ခင်ကြည် နာမကျန်းဖြစ်စဉ် အနီးကပ်လာရောက်ပြုစုရန် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ချိန်မှ စ၍ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့ပြီး နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်နေခဲ့ရသည်။
၁၉၈၈ ခုနှစ် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပ ခရီးစဉ်များသို့ ထွက်ခွာခဲ့ဖူးခြင်း မရှိပေ။