သတင်းကောင်းတွေ သယ်လာပေးတတ်နေပြီဖြစ်တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ဒီနှစ်သစ်အတွက် သတင်းကောင်းတပုဒ်က တယ်လီဖုန်းနဲ့ ကြေးနန်းဆက်သွယ်ရေးဝန်ဆောင်ခအပြင် လက်ကိုင်တယ်လီဖုန်း ဆင်းမ်ကတ် (SIM Card) ဈေးပါ ကျသွားအောင် တကယ် လုပ်တော့မယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ ဘဏ္ဍာရေးဥပဒေ သုံးသပ်ချက် (International Financial Law Review – IFLR) အွန်လိုင်း သတင်းတပုဒ်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (Myanmar Post and Telecommunications – MPT) က ဒုတိယ ညွန်ကြားရေးမှူး ဦးသန်းထွန်းအောင်က သုံးစွဲသူများလာနေတဲ့ မြန်မာပြည်မှာ ဖုန်းခေါ်ခတွေနဲ့ ဆင်းမ်ကတ် တပ်ဆင်ခတွေ ဈေးကျသွားအောင် အခြေခံလိုအပ်ချက်တွေ စတည်ဆောက်နေပြီလို့ ဆိုပါတယ်။
ဂြိုလ်တုတလုံး လွှတ်တင်ဖို့ အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး အဖွဲ့ (International Telecommunication Union – ITU) နဲ့ မြန်မာတို့ ပူးပေါင်းပြီး ဆောင်ရွက်မှာဖြစ်ကြောင်း၊ ၁၈ လကြာ အကောင်အထည် ဖော်ရမယ့် အစီအစဉ်ကို လတ်တလော ဆွေးနွေးနေတဲ့ အစည်းအဝေးတွေမှာ မကြာမီ သဘောတူညီချက်တွေ ထွက်လာနိုင်ကြောင်း ပြောပါတယ်။
နိုင်ငံခြားပိုင် ဂြိုလ်တု ဝန်ဆောင်မှုကတဆင့် ငှားရမ်း အသုံးပြုနေရာက ကိုယ်ပိုင်ဂြိုလ်တုရှိရင် ဝန်ဆောင်ခတွေ ကျသွားမယ်လို့ ဦးသန်းထွန်းအောင်က ပြောပေမယ့် နိုင်ငံတကာငွေကြေး ဝန်ဆောင်မှု အေဂျင်စီကြီးတခုဖြစ်တဲ့ နိုမူရဘဏ်ရဲ့ ညွန်ကြားရေးမှူးချုပ်နဲ့ အာရှဆိုင်ရာ သုတေသီချုပ် မစ္စတာ ဆချင်ဂုပ္ပတက စရိတ်စက ဈေးကြီးတယ်လို့ ပြောပါတယ်။
“ကိုယ်ပိုင်ဂြိုလ်တုက ရေတိုမှာ လွယ်လွယ် ရွေးစရာတခုပေါ့။ ဒါပေမယ့် ဖိုင်ဘာကြိုးတွေ၊ မိုက်ကရိုဝေ့ဗ် ဆက်သွယ်ရေးနဲ့ ချိတ်ဆက်ပေးနိုင်မှု၊ နိုင်ငံတကာ ကေဘယ်ပိုက်တွေနဲ့ ချိတ်ဆက်နိုင်မှုတွေက ရေရှည်မှာ ကုန်ကျစရိတ် ပိုနည်းမှာဖြစ်တယ်။ သို့သော် ဆက်သွယ်ရေးတိုင်တွေ ဆောက်၊ စလည်ပတ်၊ ကေဘယ်တွေထပ်ချ စသဖြင့် စသဖြင့် သေသေချာချာ လက်ဝင်အောင်တော့ လုပ်ရတာပေါ့” လို့ IFLR ကို မစ္စတာ ဂုပ္ပတက ပြောပါတယ်။
“အကောင်းက မြန်မာအာဏာပိုင်တွေဟာ တခြား Alternative ရွေးစရာတွေအကြောင်း စဉ်းစားလာကြ၊ ပြောဆိုလာကြတာပါ” လို့ မကြာခင်က ဖြန့်ဝေခဲ့တဲ့ မြန်မာ့ဆက်သွယ်ရေး ဥပဒေအကြောင်း နိုမူရအတွက် ရေးသားပေးတဲ့ သုတေသနစာတမ်းမှာ မစ္စတာ ဂုပ္ပတက ဆိုပါတယ်။
ဦးသန်းထွန်းအောင်ကလည်း ဆက်သွယ်ရေးခတွေ ဈေးချိုလာစေရေး အဆင့် သုံးဆင့် ခွဲထားပါတယ်တဲ့။ အခု ပထမ အဆင့်ကို စလုပ်နေပြီ။ ဂြိုလ်တုတင်မက မစ္စတာ ဂုပ္ပတ အကြံပေးထားသလို ဖိုင်ဘာအော့ပ်တစ် ကေဘယ်လိုင်း ဆက်သွယ်ရေး ကျောရိုးစနစ် တည်ဆောက်ဖို့နဲ့ မိုက်ကရိုဝေ့ဗ် ထရမ်စမစ်တာ တာဝါတိုင်တွေ ထောင်ဖို့ လုပ်နေပြီလို့ IFLR ကို ပြောပါတယ်။
ဧပြီ ၉ ရက်နေ့ မြန်မာ့အလင်းသတင်းစာမှာလည်း ဖိုင်ဘာကေဘယ် ဆက်သွယ်ရေးစနစ် တည်ဆောက်ဖို့ စင်ကာပူကုမ္ပဏီ International Telecommunication Holding Ltd (ITHL) နဲ့ မြန်မာ့ဆက်သွယ်ရေးတို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ တယ်လီဖုန်း ဆက်သွယ်ရေး ပိုကောင်းလာဖို့နဲ့ အင်တာနက် ဆက်သွယ်ရေး ပိုမြန်လာအောင် ဖြစ်ကြောင်း သတင်းပေးပို့ချက် ရေးထားပါတယ်။
သတင်းဆက်သွယ်ရေးကဏ္ဍ တိုးတက်လာဖို့ တယ်လီဖုန်းနဲ့ ကြေးနန်းဆက်သွယ်ရေး အခြေခံအဆောက်အဦ တည်ဆောက်ရေး စီမံကိန်းတွေ အစီအရီထဲ ဖိုင်ဘာအော့ပ်တစ် ကေဘယ်ကြိုးများ ကီလိုမီတာ တသောင်းကျော် နိုင်ငံအဝှမ်းချဖို့၊ ဒစ်ဂျစ်တယ် မိုက်ကရိုဝေ့ဗ် လှိုင်းလွှင့်ရုံ ၃၃၅ ရုံ၊ အိုင်ပီ မိုက်ကရိုဝေ့ လှိုင်းလွှင့်ရုံ ၇၅ ရုံဆောက်ဖို့နဲ့ ကေဘယ်၊ မိုက်ကရိုဝေ့ဗ် အလှမ်းမမှီရာဒေသတွေမှာ VSAT, IPSTAR, I-Direct ဂြိုလ်တုဆက်သွယ်ရေးစနစ် အသုံးပြုနိုင်ဖို့တို့ ပါတယ်လို့ သတင်းက ဆိုပါတယ်။
ချိတ်ဆက်ထားတဲ့ ပင်လယ်ရေအောက် ကေဘယ်ကြိုး SEA-ME-WE-3 အပြင် ဘင်္ဂလားဒေ့ရှ်နားက ဖြတ်သွားတဲ့ ကေဘယ် SEA-ME-WE-4 ကြိုးကိုလည်း ချိတ်ဖို့ ပြင်နေတယ်လို့လည်း ဆိုတယ်။
၂၀၁၂ အတွင်း တည်ဆောက်ရေးလုပ်ငန်းတွေ ပြီးမယ်။ ဒုတိယအဆင့်ကို ၂၀၁၃ မှာ စမယ်။ ဆင်းမ်ကတ် တပ်ဆင်ခတွေ ကျသွားအောင် ထိုင်း၊ မလေးရှားတို့လို နိုင်ငံတွေနဲ့ ပေါင်းလုပ်မှာဖြစ်တယ်။ တတိယဆင့် အနေနဲ့ ဈေးပိုထပ်ကျအောင် 3G စနစ် တပ်ဆင်မယ်လို့ ဦးသန်းထွန်းအောင်က ဆိုထားပါတယ်။
တယ်လီဖုန်း အော်ပရေတာအတွက် လိုင်စင်တွေလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြဌာန်းထားတာနဲ့အတူ နိုင်ငံခြားကုမ္ပဏီတွေကို ရောင်းမယ်လို့လည်း ဆိုထားတော့ ပြည်ပစီးပွားရေးသမားတွေက စောင့်ကြည့်နေပါတယ်။
နိုမူရဘဏ် သုတေသန အစီရင်ခံစာထဲမှာ မစ္စတာ ဂုပ္ပတက မြန်မာနဲ့ ထိုင်း လူဦးရေချင်း မကွာကြောင်း၊ ထိုင်းမှာ ထိပ်တန်း တယ်လီဖုန်းအော်ပရေတာ ကုမ္ပဏီကြီး ၃ ခုရဲ့ စုစုပေါင်း ဈေးကွက်တန်ဖိုး ပမာဏဟာ ဒေါ်လာ ၂၃ ဘီလီယံရှိကြောင်း၊ သို့သော် မြန်မာတို့ဝင်ငွေ ထိုင်းထက် ၈၀ ရာခိုင်နှုန်း နိမ့်ကြောင်း၊ ပြုပြင်ပြောင်းလဲမှု ရေရှည်ပါက မြန်မာမှာလည်း အလားအလာ ရှိကြောင်း ဆိုထားပါတယ်။
လန်ဒန်မှာ ရုံးချုပ်ထိုင်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေ ဝန်ဆောင်မှုကုမ္ပဏီ Olswang ရဲ့ နိုင်ငံတကာ တယ်လီဖုန်းဆက်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာ ရှေ့နေ မစ္စတာ ရော့ဘ်ဘရတ်ဘေး ကတော့ မြန်မာရဲ့ အလားအလာကောင်းများ၊ တိုးတက်နိုင်မှုများကိုသာ အာရုံကျမနေဘဲ လက်ရှိ အခြေအနေကိုကြည့်ပြီး အစပြုရမယ့် နေရာကိုလည်း သတိထားသင့်တယ်လို့ တိုက်တွန်းပါတယ်။ အခွင့်အလမ်းတွေ ပေါ်ထွက်လာနေသလို အလွယ်တကူနဲ့ လမ်းချော်သွားနိုင်တဲ့ ခရီးရှည်အတွက် မြန်မာဟာ တာစအထွက်ပဲ ရှိသေးကြောင်း zdnetasia.com အွန်လိုင်း သတင်းအေဂျင်စီကို ပြောပါတယ်။
လတ်တလောမှာတော့ သုံးစွဲသူ မြန်မာလူထု အဖို့ အစပျိုးအဆင့်မှာ အင်မတန်မှ ဒေါသထွက်ရတဲ့ မြန်မာ့ဆက်သွယ်ရေးရဲ့ ဝန်ဆောင်မှုကို အတော် သည်းခံရပြီး ဆက်လက်သုံးစွဲနေရဆဲပါ။ မကြာသေးခင်က လူပြောများခဲ့တဲ့ ငါးထောင်ကျပ်တန် ဆင်းမ်ကတ် လုပ်နိုင်တယ်လို့ပြောတဲ့ ရွှေပြည်တံခွန်ကုမ္ပဏီကို ဧရာဝတီက အခြေအနေလှမ်းမေးတော့ တယောက်က ပြန်ပြောတယ်။
တယ်လီဖုန်းဈေးတွေ “ဖြည်းဖြည်းချင်းတော့ ကျသွားမှာပါ” တဲ့။